ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ မဘသဘုန်းကြီး ဦးဝီရသူက လူငယ်တွေ စစ်ပညာသင်ယူကြဖို့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ကြဖို့ လာရောက်ဟောပြော စည်းရုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးဝီရသူက စစ်ကားတွေနဲ့ ခြံရံရောက်လာကာ ဖေဖော်ဝါရီ ၁၉ ရက်က ဖားရွှေကျော်ရွာမှာ တရားဟောခဲ့သလို သာယာဝတီမှာတော့ နွယ်ခွေရပ်ကွက်၊ ဗားဂရာဘုန်းကြီးကျောင်း ထီးတင်ပွဲမှာ ဟောပြောသွားတာ ဖြစ်ပါတယ်။
သာယာဝတီမြို့ နွယ်ခွေရပ်ကွက်နေ ဒေသခံက “အဓိကဟောတာကတော့ လူငယ်တွေ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ သေနတ်ကိုင်ရမယ်၊ စစ်ပညာတွေသင်ရမယ်၊ ပြည်သူ့စစ်ဖွဲ့ရမယ် ဆိုတာတွေကို အဓိကဇောင်းပေး ဟောပြောသွားတာပဲ” လို့ ပြောပါတယ်။
သာယာဝတီမြို့နေသူတယောက်ကလည်း “သူ့ကို ဒေသတွင်းက (မဘသ) အဖွဲ့တွေ၊ (မဘသ) ဘုန်းကြီးတွေက သွားပင့်ကြတာ။ ကျောင်းထီးတင်ပွဲအတွက် သူနဲ့အတူ အဆိုတော် ဖြိုးမြတ်အောင်နဲ့ ခင်မိုးပန်းချီတို့ပါ ပါလာတယ်၊ စိန်ဟင်္သာဆိုင်းနဲ့၊ နောက်ရက်ကျတော့ သာယာဝတီထောင်ကိုလည်း သွားတယ်။ ထောင်က အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ညနေစာ တနပ်စာ သိန်း ၃၀၊ ထောင်စာကြည့်တိုက်အတွက် တသိန်း၊ ထောင်ဝန်ထမ်းတွေကို မုန့်ဖိုး ၅,၀၀၀ ဆီ ပေးသွားတယ်။ ထောင်ထဲမှာ တရားဟောမဟောတော့ မသိဘူး” လို့ ပြောပါတယ်။
ဦးဝီရသူဟာ သာယာ၀တီမြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ၃ ရက်ကြာနေခဲ့ပြီး ဆရာစံ လယ်သမားတော်လှန်ရေး စတင်ခဲ့တဲ့ ဖားရွှေကျော်ရွာ၊ သာယာဝတီထောင်နဲ့ ဆရာစံပန်းခြံတွေကို သွားရောက်ခဲ့ပါတယ်။
၂၀၂၂ ခု အောက်တိုဘာလကလည်း နတ်တလင်းမြို့နယ်၊ တာပွန်မြို့က ဘုရားထီးတင်ပွဲကို ဒေသခံ မဘသအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ ဦးဝီရသူဟာ စစ်ကောင်စီယာဉ်တန်းနဲ့ လိုက်လာခဲ့ပြီး ၉၆၉ တရား ဟောပြောခဲ့တဲ့ ရုပ်သံဖိုင်တွေ ထွက်ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်း၊ သီရိမင်္ဂလာ မဟာသာသနာ့ဗိမ္မန်တော်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဇွဲကပင်ဆရာတော် ဘဒန္တကဝိဓဇမဟာထေရ်နဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူတို့ရဲ့ သီရီပျံချီဘွဲ့ ချီးမြှင့်ပွဲ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းက ကရင်ပြည်နယ်ဇွဲကပင် ဆရာတော် ဘဒန္တကဝိဓဇမဟာထေရ်ကို သီရိပျံချီဘွဲ့တံဆိပ်တော် ပူဇော်ခဲ့ပြီး စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဆရာတော် အရှင်ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားပါတယ်။
ချီးမြှင့်ခံရတဲ့ ဆရာတော်တွေကို ကြံ့ခိုင်ရေးပါတီက ကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပြီး အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသားရေးအဖွဲ့တွေက အလှူငွေ ကျပ်သိန်း ၇၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဦးဝီရသူဟာ ၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့တော်ခန်းမအနီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ဟောပြောခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကနဲ့ ၂၀၁၉ မှာ အမှုဖွင့်ခံခဲ့ရပြီး တနှစ်ဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
သူဟာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ လာရောက် အဖမ်းခံခဲ့တာဖြစ်ပြီး စစ်ကောင်စီက အရပ်သားအစိုးရကို ဖမ်းဆီးကာ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ၇ လအကြာ ၂၀၂၂ နိုဝင်ဘာလမှာ ပြန်လွှတ်ပေးခဲ့တာပါ။
ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီကိုလည်း အရှင် ဝီရသူက ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ဖူးပါတယ်။
ကုလသမဂ္ဂ အရာရှိအပေါ် ရုန့်ရင်း ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု အပါအဝင် အမုန်းတရား ဖြန့်ဝေတဲ့ တခြားလှုံ့ဆော်မှု မှန်သမျှကိုလည်း အရေးယူပိတ်ပင်ဖို့ မြန်မာနိုင်ငံ အတွင်းက ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက တောင်းဆိုခဲ့ဖူးပါတယ်။