close

ဦးသက်နှင်းအောင်

close

August 16, 2021

MICS ခေါင်းဆောင် ဦးသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

အလုပ်သမားအဖွဲ့ချုပ် MICS ခေါင်းဆောင် ဦးသက်နှင်းအောင် အဖမ်းခံထားရကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတွေက အတည်ပြုလိုက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသဂ္ဂများအဖွဲ့ချုပ် MICS - TuSF ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ အဖွဲ့ချုပ် အတွင်းရေးမှူး(၁)ဦးနေလင်းအောင်က ပြောပါတယ်။ 

ဦးသက်နှင်းအောင်ကို ပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့ချုပ် MICS က ဩဂုတ်လ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားတာပါ။

ဦးသက်နှင်းအောင်ဟာ စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ပြီး အဖမ်းခံရတယ်ဆိုတာကို ဇူလိုင်လကုန်ပိုင်းက အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အလုပ်သမားသဂ္ဂများအဖွဲ့ချုပ် MICS - TuSF အတွင်းရေးမှူး (၁) ဦးနေလင်းအောင်က “မြဝတီမှာ အဖမ်းခံရပြီး စစ်ကြောရေးကနေ အင်းစိန်ထောင်ပို့ထားတယ်လို့သိရတယ်။ အခုထိတော့ အဆက်အသွယ်မရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းမခံရခင် ဇွန်လအတွင်းမှာ ဦးသက်နှင်းအောင်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေခဲ့လို MICS-TuSF မန္တလေးရုံးနဲ့ ရန်ကုန်ရုံးတို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးတွင်းစာရွက်၊ စာတမ်းတွေနဲ့ ကွန်ပြူတာပစ္စည်းတွေကို သိမ်းယူကာ ရုံးတွေကို စစ်ကောင်စီကသော့ခတ်သွားတယ်လို့ ဆိုပါတယ်။

ဦးနေလင်းအောင်က "ရှေ့နေကနေတဆင့် ကျနော်တို့တွေ့ခွင့်ရဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့်တွေ့ခွင့်မရသေးဘူး။ ကျနော်တို့ကြားထားတာကတော့ ၅၀၅(ခ)၊ ၁၇(၁) တွေနဲ့ စွဲထားတယ်လို့ကြားရပါတယ်။ တိတိကျကျတော့မသိရသေးဘူး။ ကျနော် တို့လည်း မတွေ့ရသေးတဲ့အတွက် စုံစမ်းနေတုန်းပဲခင်ဗျ" လို့ ပြောပါတယ်။

MICS-TuSF ဟာ မြန်မာနိုင်ငံမှာ တရားဝင်ဖွဲ့စည်းခွင့်မှတ်ပုံတင်ရရှိထားတဲ့ အလုပ်သမားအဖွဲ့ချုပ် ၄ ခုထဲက တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ပူးပေါင်းပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ယန္တရားမှာ မပါဝင်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ 

ဦးသက်နှင်းအောင်ကို ဖမ်းဆီးတာဟာ အလုပ်သမားအဖွဲ့ချုပ် ၄ ခုထဲက ထိပ်တန်းခေါင်းဆောင်တစ်ယောက်ကို စစ်ကောင်စီက ပထမဆုံး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ 

သတင်း - မိုးမင်း

1 min Ago

June 14, 2021

အလုပ်သမားအရေးလှုပ်ရှားသူ ဦးသက်နှင်းအောင်၏ နေအိမ်ကို စစ်တပ်က တံခါးဖျက် ဝင်ရှာ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာရှိ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်ရဲ့ နေအိမ်ကို ဇွန်လ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ လာရောက် ရှာဖွေခဲ့တယ်လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

ဦးသက်နှင်းအောင်ကတော့ နဂိုကတည်းက တခြားနေရာမှာ နေထိုင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဝင်ရှာတဲ့ နေအိမ်မှာ လူနေထိုင်မှု မရှိဘူးလို့ သိရပါတယ်။

အရပ်ဝတ်တွေ အပါအဝင် စစ်သားနဲ့ရဲ အယောက် ၆၀ လောက်က  ညနေ လေးနာရီလောက်မှာ စစ်ကား ၁၀ စီးလောက်နဲ့ လာရောက်ပြီး ခြံဝင်းကို ပိတ်ထားတဲ့ သော့ကို ဖျက်ကာ နေအိမ်ကိုပါ သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေ‌ခဲ့ကြတယ်လို့ သိရပါတယ်။

“ကျနော်က အခုအချိန်အထိ စစ်ကောင်စီကနေ အမှုဖွင့်ခံထားရတဲ့ အထဲမှာလည်း မပါဘူးပေါ့လေ၊ နောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ထဲမှာလည်း မပါဘူး။ ဒီလို မပါဘဲနဲ့ အခုလိုမျိုး အိမ်တံခါးကို ဖျက်ပြီးတော့မှ ဝင်တယ်ပေါ့နော်။ ဘာပစ္စည်းတွေ ပါသွားမလဲဆိုတာတော့ မသိရသေးဘူးပေါ့။ အိမ်မှာလည်း လူမရှိတော့လေ၊အဲ့ဒီတော့ အခုလိုမျိုး ဥပဒေမဲ့ အိမ်တံခါးဖျက်ပြီးတော့မှ ကျူးကျော်ဝင်ရောက်ပြီးမှ ရှာတာဖွေတာတွေ၊နောက် ဒီလိုမျိုး လုပ်တာတွေကတော့မလုပ်စေချင်ဘူးပေါ့နော်”လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

အိမ်တစ်အိမ်ကို ဥ‌ပဒေမဲ့ ကျူးကျော်ဝင်ရောက်တဲ့ ခုလိုမျိုးလုပ်ရပ်ဟာ အင်မတန်မှ စစ်ကောင်စီ အနေနဲ့ သိက္ခာကျတဲ့လုပ်ရပ်ဖြစ်တယ်၊  စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုပ်ချင်သလိုလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်ပြီး စိစစ်ဖို့လိုပြီလို့လည်း  ဦးသက်နှင်းအောင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တခြားနေရာက ယူဆောင်လာတဲ့ လေးခွနဲ့ ဂျင်ကလိတွေကို ဦးသက်နှင်းအောင်ရဲ့ နေအိမ်အတွင်း ချထားပြီး ဓာတ်ပုံ ရိုက်ယူသွားတယ်လို့လည်း သိရပါတယ်။

ဦးသက်နှင်းအောင်ဟာ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို အခုအချိန်ထိ ထမ်းဆောင်နေဆဲဖြစ်ပြီး အလုပ်သမားအရေးမှာ တက်တက်ကြွကြွပါဝင်သူလည်းဖြစ်ပါတယ်။ 

ဓာတ်ပုံ-ဦးသက်နှင်းအောင်ဖေ့စ်ဘွတ်ခ်

2 months Ago
Up