စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်က တာတိုင်ကျေးရွာသား ၁၇ ဦးကို အစုအပြုံလိုက် ရက်ရက်စက်စက်အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့ တိုင်ကြားထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။
တာတိုင်ရွာမှာ မတ်လ ၁ ရက်နေ့က စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ မတ်လ ၆ ရက် ဒီနေ့ အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတာတွေကို ရှင်းပြပြောဆိုခဲ့တာပါ။
မတ် ၁ ရက်မနက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်မိုက်ကယ်ကို ခြေနဲ့လက်တွေဖြတ်တောက် သတ်ဖြတ်ခဲ့သလို ဗိုက်ထဲက ကလီစာတွေကိုလည်းထုတ်ပြီး ကိုယ်ပေါ်တင်ထားတာကို တွေ့ခဲ့ရတာပါ။
အဲဒီနောက် အမျိုးသမီး ၃ ယောက်နဲ့ အသက် ၁၇ နှစ်အရွယ် ယောကျ်ားလေးတယောက် အပါအဝင် ဒေသခံ ၁၆ ယောက်ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။
ဒီထဲက ၅ ယောက်ကို မြင်းမူမြို့နယ်၊ ညောင်ရင်းရွာနားမှာ သတ်ဖြတ်ထားခဲ့တာကို တွေ့ရပြီး အမျိုးသမီး ၃ ယောက်အပါအဝင် ၉ ယောက်ကိုတော့ ညောင်ရင်းရွာမှာ သတ်ဖြတ်ထားတာကိုတွေ့ခဲ့ရပါတယ်။
အလောင်းတော်တော်များများဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်ဆီးခံထားရပြီး အလောင်းကောက်နေချိန်မှာလည်း စစ်တပ်က သေနတ်နဲ့ပစ်သေးတယ်လို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
တာတိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေ က PFD အယောင်အဆောင်ပြီး ဝင်ရောက်လာတဲ့အတွက် မထွက်ပြေးနိုင်ဘဲ ရွာသူရွာသား ၇၀ ကျော် ဖမ်းဆီးခံလိုက်ရပြီး ၁၇ ဦး အသတ်ဖြတ်ခံခဲ့ရတာပါ။
မိသားစုဝင် လေးဦးဆုံးရှုံးခဲ့တဲ့ တာတိုင်ရွာသားတစ်ယောက်က “ကျနော်တို့ တခြားရွာကို အလုပ်လုပ်ဖို့ သွားနေတဲ့အချိန် စစ်ကြောင်းဝင်လာပြီးတော့ ဖမ်းခေါ်သွားတာမှာ ကျနော့်မိသားစုဝင်တွေပါ ပါသွားတယ်ကြားတယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ပေမယ့် မိန်းမသား တွေပါ ပါတယ်ဆိုတော့ မသတ်လောက်ဘူးလို့ ထင်တာ ဒါပေမဲ့ သူတို့ထွက်သွားပြီး အလောင်းတွေ တွေ့တယ်ဆိုလို့ သွားကြည့်တာ ကျနော်တို့မိသားစုတွေကိုဗျာ မြင်မကောင်းအောင်ကို သတ်ထားခဲ့တာ၊ ပိုးစိုးပက်စက်ကို လုပ်သွားကြာတာဗျာ ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဖြစ်စဉ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ နယူယောက်မှာရှိတဲ့ ကုလသမဂ္ဂ မစ်ရှင်ရုံးတွေနဲ့ တခြား မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းလုပ်ဆောင်နေကြတဲ့ လူ့အခွင့်အရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းတွေဆီ သက်သေအထောက်အထားနဲ့တကွ ပေးပို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “ဒါနဲ့ ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးရုံတင်မကဘဲ အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးယူဆောင်ရွက်မှုတွေ ရှိသင့်သလောက် ရှိပေမယ့် မလုံလောက်သေးပါဘူး” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ အမြန်ဆုံးညှိနှိုင်းတိုင်ပင် ကူညီဖို့တိုက်တွန်းတောင်ဆိုထားသလို ဒီဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးမဏ္ဍိုင်က တဆင့်လည်း အရေးယူနိုင်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
“တာတိုင်ကျေးရွာရှိ ပြည်သူ ၁၇ ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပါအဝင် မတရားအာဏာလုယူထားသည့်ကာလအတွင်း ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊ လူအစုံလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှု၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လုယက်ဖျက်ဆီးမှုများ အားလုံးကို ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်”လို့ အန်ယူဂျီ အစိုးရထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၉၉ ဟာ တာတိုင်ရွာကို မစီးနင်းခင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကိုင်းခရိုင်ကန်တော်တိုက်ပွဲမှာ ဒဏ်ရာရထားတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ပါတယ်။
တာတိုင်ကျေးရွာသား ၁၇ ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံကို စာရေးသားပေးဖို့ တိုင်ကြားထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းမှာ ပြည်သူ ၅ ယောက်နဲ့ အထက်ကို လူအစုလိုက်အပြုံလိုက် တနေရာတည်းမှာ သတ်ဖြတ်ခဲ့တာ အကြိမ် ၃၀ ကျော်ရှိခဲ့တာ မှတ်တမ်းတင်ထားတယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ မှတ်တမ်းတင်ထားသလောက်ဆိုရင်တော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၃၀ ကျော်ရှိပါတယ်၊ တိတိကျကျဆိုရင် ၃၁ ကြိမ်ရှိပါတယ်၊ ကျနော်တို့က ၅ ယောက်ထက်ပိုပြီးတော့ ပြည်သူတွေကို သတ်ဖြတ်ခံထားရတာကို တွက်ယူတာပေါ့နော် ဖြစ်စဉ်တွေက လူဦးရေက မတူကြပါဘူး၊ ကရင်နီမှာ ဖြစ်ပွားခဲ့ တာတို့ဆို အရေအတွက်တွေ မတူကြပါဘူး။ ကျနော်တို့ တစ်နေရာတည်းမှာ တကြိမ်တည်းသတ်ဖြတ်ခံ ထားရ ပြီး အလောင်းတွေတွေ့လို့ ဆိုပြီးကောက်ယူထားတာပဲ ရှိပါတယ်။ တချို့အခြေအနေတွေကြောင့် ဒီထက်လည်း ပိုများနိုင်ပါတယ်” လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။လူ့အခွင့်အရေးချိုးဖောက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ရုံးမှာတော့ ၂၄ မှု ကိုသာ မှတ်တမ်းတင်ထားနိုင်လို့ ပိုမိုတိကျအောင် လုပ်ဆောင်နေတယ်"လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
ပြီးတော့ စစ်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ ကျော် မှတ်တမ်းတင်လို့ရထားတယ်လို့ ဝန်ကြီးကပြောပြီး ပြည်သူတွေရဲ့ အိမ်ပေါင်း ၆၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့လည်း ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဂျနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုချက်အပါအဝင် ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြည်တွင်းမှာ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကိစ္စကို ဆွေးနွေးကြရာမှာ ဘာအရေးကြီးဆုံးဖြတ်ချက်တွေချမှတ်ခဲ့ပါသလဲ။
ဖြေ။ ။ “ဟုတ်ကဲ့၊ မနေ့ (ဖေဖော်ဝါရီ ၁၂) ရက်တုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ အဓိကအချက် ၁၂ ချက်ပါပါတယ်။ အဲဒီ ၁၂ ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိအာဏာသိမ်းမှုရယ်၊ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုကို ဆိုင်းငံ့ထားတဲ့အပေါ်မှာ အထူးစိတ်ပျက်မိတယ်ဆိုတဲ့ အကြောင်းအရာရှိပြီးတော့ ဒီမိုကရေစီအစိုးရပြန်လည်ထွန်းကားဖို့အတွက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားတာ တစ်ချက်ရှိပါတယ်။ နောက်တစ်ခါမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ သူတွေအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လည်ပြီးလွှတ်ပေးဖို့၊ နောက်တခါမှာ အခုပြဋ္ဌာန်းထားတဲ့ အရေးပေါ်ဥပဒေကို အမြန်ဆုံးဖယ်ရှားပေးဖို့လည်း တိုက်တွန်းထားပါတယ်။”
“နောက်ပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေအပေါ်မှာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဖြစ်တဲ့အကြောင်း သူတို့သိရှိတယ်၊ ဒါကြောင့်မို့လို့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းနေတဲ့ကိစ္စတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ရယ်၊ လူတွေရဲ့လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို လေးစားပေးဖို့ တိုက်တွန်းထားတယ်။”
“နောက်ပြီးလို့ရှိရင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာပေါ်မှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီးတော့ အင်တာနက်တွေကို ပိတ်ဆို့တာတွေကို မလုပ်ဖို့ ဒါတွေကိုလည်း တောင်းဆိုထားတယ်။ နောက်တခုကတော့ လက်ရှိကုလသမဂ္ဂမှာရှိနေတဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိအပါအဝင် တခြားသော ယန္တရားတွေနဲ့ အသုံးပြုပြီးတော့ သူတို့ကို သတင်းအချက်တွေ ပြန်လည်ရရှိဖို့အတွက် တောင်းဆိုထားတဲ့အချက်တွေ စုစုပေါင်း ၁၂ ချက်ကို တွေ့ရှိရပါတယ်။”
မေး။ ။ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်က ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။
ဖြေ။ ။ “ယေဘုယျပြောမယ်ဆိုရင် ဒါကတော့ မြန်မာနိုင်ငံမှာ လက်ရှိအာဏာသိမ်းထားတဲ့ စစ်တပ်ကို ဒါတွေလုပ်ဆောင်ပေးပါလို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လုပ်ဆောင်လဲ၊ ဘယ်လိုမျိုးတုံ့ပြန်လဲဆိုတာကို လာမယ့်မတ်လ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီရဲ့ နောက်ထပ်အစည်းအဝေးတခုမှာ ထပ်ပြီးတော့ တင်ပြမယ်။ အဲဒီအခါမှာ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေကို ထပ်ပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီထဲမှာ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအရ ကုလသမဂ္ဂနိုင်ငံတွေအားလုံးကနေ ပါ၀င်နိုင်တဲ့အရာ မဖြစ်သည့်တိုင်အောင် တချို့သောနိုင်ငံတွေကနေ မြန်မာနိုင်ငံ လက်ရှိမှာရှိနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အာဏာသိမ်းမှုတွေကို မရပ်တန့်ဘူးဆိုရင် နောက်ထပ်သွားဖို့အတွက် ပြင်ဆင်နေတဲ့ပုံစံမျိုးလည်း တွေ့ရပါတယ်။”
“အခု သူတို့ရဲ့ ကုလသမဂ္ဂ အထူးစုံစမ်စစ်ဆေးရေးအရာရှိရဲ့ အကြံပြုချက်ထဲမှာ ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံကို targeted sanction တွေ လုပ်ဆောင်ပေးဖို့၊ အခု အမေရိကက စတင်ပြီးတော့ လုပ်ဆောင်နေပါပြီ။ နောက်ပြီးတော့ လက်နက်ငယ် ပိတ်ဆို့ရောင်းဝယ်မှု၊ ဒါတွေကို လုပ်ဆောင်ပေးဖို့ တောင်းဆိုတာ တွေ့ရတယ်။ လုံခြုံရေးကောင်စီမှာလည်း ဒီကိစ္စ ဆွေးနွေးထားပြီးသားပါ။ လူ့အခွင့်အရေးကောင်စီမှာလည်း ဆွေးနွေးပြီးသားပါ။ အဲဒီတော့ လမ်းကြောင်းနှစ်ခုမှာ ဆွေးနွေးပြီးလျက်သားနဲ့ လိုက်လျောမှုတွေ တိုးတက်မှုတွေ မမြင်လို့ရှိရင်တော့ နောက်ထပ်တရားဥပဒေအရ ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်ကို သွားဖို့အတွက်လည်း တချို့နိုင်ငံတွေက တောင်းဆိုထားတာ တွေ့ရပါတယ်။ ဒီကြားထဲမှာ နိုင်ငံတော်တော်များများက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်ရှိအာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ တတ်နိုင်သရွေ့ အမြင့်မားဆုံး စကားလုံးကို သုံးပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ ရှုတ်ချတယ်ဆိုတဲ့အသံမျိုးတွေက အရင်တစ်ခါမှ မတွေ့ဖူးတဲ့ ကိစ္စတွေပါ။ ဒီနောက်ပိုင်းမှာ ဆက်လက်ပြီးတော့ အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့အတွက် နိုင်ငံတွေကနေ အားသန်လာတာ တွေ့ရပါတယ်။ ဒီထဲမှာ ထူးခြားမှုကတော့ တရုတ်၊ ရုရှား၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက လက်ရှိ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေပေမယ့် မနေ့က ချမှတ်တဲ့ဆုံးဖြတ်ချက်ကို သူတို့အနေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူးဆိုပြီးတော့ မှတ်ချက်ပြုသွားတာတွေကလည်း ထူးခြားချက် ဖြစ်ပါတယ်။”
မေး။ ။ ဆုံးဖြတ်ချက်မှာ စကားလုံးအသုံးအနှုန်းဆိုင်ရာ သုံးစွဲမှုတွေနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။
ဖြေ။ ။ “ဒီကိစ္စက လုံခြုံရေးကောင်စီမှာ သုံးထားသလိုပါပဲ။ အာဏာသိမ်းမှုကို ရှုတ်ချတယ်ဆိုတာတော့ မပြောထားဘူး။ ဒါပေမဲ့ အခုလက်ရှိ အရေးပေါ်အခြေအနေ ကြေညာတာ၊ ရွေးကောက်ခံအစိုးရ ရွေးချယ်ခံအစိုးရကို အသိအမှတ်မပြုတဲ့အပေါ်မှာတော့ သူတို့အနေနဲ့ အထူးစိတ်ပျက်တယ်ဆိုတဲ့ စကားလုံးကို သုံးထားပါတယ်။ ဒါဆိုလို့ရှိရင် ကျနော်တို့ လိုချင်တဲ့ ပြစ်တင်ရှုတ်ချတယ်ဆိုတဲ့အဆင့် မရောက်သည့်တိုင်အောင် တော်တော်ကြီးကို အဆင့်မြင့်တာ ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတွေကတော့ အထူးပြစ်တင်ရှုတ်ချပါတယ်ဆိုတဲ့ စကားလုံးကို သုံးလာခြင်းက တကယ့်ကို မြင့်မားသောကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို ချမှတ်တဲ့အခါမှာ တနိုင်ငံနဲ့တနိုင်ငံ တိုင်ပင်ရတာ ရှိတယ်။ တိုင်ပင်ကြရာမှာ နောက်ဆုံးကျတော့ ရှုတ်ချတယ်ဆိုတဲ့ စကားလုံးအစား အထူးစိတ်ပျက်မိတယ်ဆိုတဲ့ စကားလုံးထွက်လာတဲ့ရလဒ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သေချာပါတယ်။ တကယ်လို့သာ အဲဒီလိုပြစ်တင်ရှုတ်ချတယ်ဆိုတဲ့ စကားလုံးသုံးမယ်ဆိုရင် လက်မခံနိုင်တဲ့နိုင်ငံတွေက ရှိလာလိမ့်မယ်၊ လက်မခံဘူးဆိုရင် မနေ့ကလို တခဲနက် ထောက်ခံတာ မဟုတ်ဘဲနဲ့ မဲခွဲဆုံးဖြတ်တဲ့ အဆင့်မျိုး ဖြစ်သွားနိုင်တဲ့အတွက် အဲဒါကို ရှောင်ရှားတဲ့အနေနဲ့ စကားလုံးအချို့ကိုတော့ လျှော့ချတယ်လို့ ကျနော် မြင်လိုက်ပါတယ်။”
မေး။ ။ နောက်ဆက်တွဲ အခြေအနေတွေက ဘာတွေဆက်ပြီး ဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ။ “လူ့အခွင့်အရေးကောင်စီရဲ့လုပ်ပိုင်ခွင့်ထဲမှာတော့ အခုနက အထူးအစည်းအဝေးခေါ်တာ၊ ဒါနဲ့ပတ်သက်ပြီးတော့ နောက်ထပ် စုံစမ်းစစ်ဆေးဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးအရာရှိကို ခန့်အပ်တာ၊ ဒါနဲ့ပတ်သက်ပြီးတော့ တောင်းဆိုမှုတွေ လုပ်ဆောင်တာ၊ ဒါတွေဟာ တော်တော်အဆင့်မြင့်နေပါပြီ။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေ ဒီလောက်နဲ့လည်း မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ဆုံးဖြတ်ချက်တွေ၊ လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တွေ အားလုံးက ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ ကုလသမဂ္ဂတစ်ခုလုံးကို ဦးစားပေးပြီးတော့ ကိုယ်စားပြုတဲ့ နောက်ထပ် ဆုံးဖြတ်ချက်တွေ ထပ်ထွက်လာမယ့် အခြေအနေရှိနိုင်ပါတယ်။ နောက်တခုကတော့ နိုင်ငံအလိုက် ကွဲပြားတဲ့အတွက်ကြာင့်မို့လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မချနိုင်သည့်တိုင်အောင် ဒီထဲမှာ တက်ကြွစွာ ပါဝင်ဆွေးနွေးကြတဲ့နိုင်ငံတွေက နိုင်ငံအုပ်စုလိုက်ဖြစ်စေ၊ နိုင်ငံနှစ်နိုင်ငံအကြားထဲမှာ ဖြစ်ပစေ၊ အရေးယူ ဆောင်ရွက်မှုကို သွားဖို့အတွက် နောက်ထပ် အားပေးတဲ့လမ်းကြောင်းကို ရောက်ရှိနေတာတော့ တွေ့ရပါတယ်။ သတိထားမိပါတယ်။”
မေး။ ။ မြန်မာကိုယ်စားလှယ်ကတော့ လက်မခံနိုင်ဘူးလို့ ပြောတယ်၊ ကိုအောင်မျိုးမင်း အနေနဲ့ ဆွေးနွေးပွဲတခုလုံးအပေါ် သုံးသပ်ပေးပါလား။
ဖြေ။ ။ “မြန်မာနိုင်ငံကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံက အစဉ်အဆက်အတိုင်းပဲ၊ ကုလသမဂ္ဂနဲ့ ပူပေါင်းပါတယ်။ မကြာခင်ကမှ ယူပီအာရ်လုပ်ငန်းစဉ်မှာ ပါဝင်ထားပါတယ်။ အခုလုပ်ဆောင်မှုက လူ့အခွင့်အရေးကိစ္စမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲရဲ့ ချွတ်ယွင်းမှုကြောင့် သူတို့လုပ်ဆောင်တာဖြစ်တယ်၊ နိုင်ငံရေးကိစ္စဖြစ်တယ်၊ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချမယ့်အစား ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ပါဆိုတဲ့အချက်တွေ ပြောသွားပါတယ်။ ဒါပေမဲ့ ဒီပြောကြားချက်တွေအကုန်လုံးက မမှန်ကန်ဘူးဆိုတာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိရဲ့ ထုတ်ပြန်ချက်မှာရော၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုတိယမဟာမင်းကြီးရဲ့ ပြောကြားချက်ထဲမှာရော ပြန်လည်ဖော်ပြထားပါတယ်။ အဲဒီတော့ သူ ပြောသွားတဲ့အချက်က အရင်လိုမျိုး အမှောင်ချပြီး ညာလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီကနေ့ဖြစ်တာ၊ ညတုန်းက လိုက်ပြီးတော့ ဖမ်းနေတဲ့ကိစ္စတွေကို ကမ္ဘာအနှံ့ သိရှိပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ပြောကြားချက်တွေက ခိုင်လုံမှုမရှိဘူး၊ ကမ္ဘာကလည်း လက်မခံဘူးဆိုတာ အထင်အရှား တွေ့ရပါတယ်။”
မေး။ ။ ဖြည့်စွက်ပြီး ဘာပြောစရာရှိသေးလဲ။
ဖြေ။ ။ “မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက ဆွေးနွေးပွဲလည်း လုပ်ခဲ့ပြီးပြီ။ ကျနော်တို့ ထုတ်ပြန်ကြေညာချက်တွေလည်း ထွက်ခဲ့ပြီးပြီ။ နောက်ထပ် ဒီထက်ပိုမိုပြီးတော့ အားကောင်းသော ဝိုင်းဝန်းလုပ်ဆောင်မှု လိုအပ်ပါတယ်။ အဲဒီတော့ နိုင်ငံတချို့၊ နိုင်ငံတချို့ကနေ ဦးဆောင်ပြီးတော့ ဥပမာ- အမေရိကားနိုင်ငံလိုမျိုး၊ ဂျာမဏီ၊ ပြင်သစ်၊ ကနေဒါ၊ နယူးဇီလန် စတဲ့နိုင်ငံတွေက စတင်ပြီးတော့ အရေးယူဆောင်ရွက်မှုရှိပေမယ့် တဖက်မှာလည်း စစ်အစိုးရဘက်ကို အားသာတဲ့ တရုတ်၊ ရုရှား၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက ဒီကိစ္စတွေကို သိပ်ပြီးတော့ လက်မခံတာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ မှန်ကန်သော ဒီမိုကရေစီနဲ့ ပြည်သူတွေ လုံခြုံတဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံအလိုက် ဖြစ်ပါစေ၊ နိုင်ငံအုပ်စုလိုက်ဖြစ်ပါစေ၊ တကမ္ဘာလုံးက ဖြစ်စေ ဝိုင်းဝန်းလုပ်ဆောင်ပေးပါ။ တချိန်တည်းမှာလည်း ပြည်သူလူထုကြားထဲမှာလည်း နိုင်ငံတကာက အာရုံစူးစိုက်မှုရှိနေတယ်ဆိုတဲ့အကြောင်းကို သိရှိဖို့အတွက် တိုက်တွန်းလိုပါတယ်။”