ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ဟာ နိုဝင်ဘာ ၁ ရက်ဒီကနေ့လွတ်ရက်စေ့လို့ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပေမဲ့ အိမ်ကိုပြန်ခွင့်မရဘဲ သာယာဝတီခရိုင်တရားရုံးသို့ ခေါ်ဆောင်သွားကာ ပုဒ်မ ၅၀၅(က)နဲ့ ထပ်တိုး တရားစွဲဆို ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးအောင်မြင့်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်ညက နေအိမ်မှာလာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကာ သဘာ၀ဘေးဥပဒေပုဒ်မ (၂၅) နဲ့ သာယာဝတီအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ် အကျဉ်းချထားခဲ့တာပါ။
အခုလို့လွှတ်ပြီးမှ ထပ်တရားစွဲတဲ့အပေါ် သာယာဝတီမြို့ခံ ဥပဒေပညာရှင်တစ်ယောက်က “ လွတ်ရက်စေ့လို့ ပြန်လွတ်လာပြီးမှ နောက်အမှုထပ်တိုးတယ်ဆိုတာကာတော့ တမင်သက်သက် သူတို့ပြန်မလွှတ်ချင်လို့ကို အကွက်ဆင်ပြီး နောက်အမှုထပ်တိုးတာဖြစ်တယ်။ စဖမ်းကလည်းက အမှု နှစ်မှုဖွင့်တာလည်း မဟုတ်ဘူး။ အခုထောင်ထဲရက်ပေါင်း ၆၀၀ ကျော်လောက်နေပြီးမှ နောက်အမှုထပ်တိုးတာဟာ တရားဥပဒေဆိုတာ သူတို့ပါးစပ်ထဲမှာပဲရှိတာဖြစ်တယ်”လို့ ပြောပါတယ်။
ဦးအောင်မြင့်ဟာ သာယာဝတီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ်ဖြစ်သလို ပါတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူဟာ ၈၈ အရေးအခင်းတုန်းကလည်း ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီထောင်မှာ ၁၀ နှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်တယ်လို့ သာယာဝတီမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပါတယ်။
သာယာဝတီခရိုင် ၈ မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ၄ ယောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး လက်ပံတန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ်လည်းဖြစ် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်မောင်ရင် တယောက်ပဲပြန်လည်လွတ်မြောက်လာပါသေးတယ်။
သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်၊ သာယာဝတီမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ကိုကိုစိန်နဲ့ မိုးညိုမြို့နယ်ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်တို့ကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲခိုး၊ မဲလိမ်ပါတယ်ဆိုပြီး လက်မှတ်ထိုးမပေးတဲ့အတွက် ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ်တယောက်ကို စစ်ကောင်စီက ထောင် ၃ နှစ် ချလိုက်ပါတယ်။
ပဲခူးတိုင်း သာယာဝတီထောင်မှာ ဖမ်းဆီးထားတဲ့ သာယာဝတီမြို့နယ် တိုင်းဒေသကြီး ၂ ကိုယ်စားလှယ် ဦးကျော်ကိုကိုစိန်ကို မတ် ၈ ရက်နေ့က ထောင် ၃ နှစ် ချလိုက်တယ်လို့ သာယာဝတီထောင်ကနေ သိရပါတယ်။
သူ့ကို အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာပဲ လာဖမ်းသွားပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်တာပါ။
အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတယောက်က “သူ့ကို NLD နဲ့ မပတ်သက်ဖို့နဲ့ NLD က မဲလိမ်၊ မဲခိုးတို့ လုပ်ခဲ့ပါသည် ဆိုတာတွေကို လက်မှတ်ထိုးပေးဖို့အတွက် လွန်ခဲ့တဲ့ ၁ လခွဲလောက်က ထောင်တွင်းမှာ စစ်ကောင်စီက လာညှိနှိုင်းပါတယ်။ တကယ်လို့ လက်မှတ်ထိုးပေးရင် လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဦးကျော်ကိုကိုစိန်က ငြင်းလိုက်တဲ့အတွက် အခု သူ့ကို သာယာဝတီ ထောင်တွင်း အထူးတရားရုံးကနေ ထောင် ၃ နှစ် ချလိုက်တာ” လို့ ပြောပါတယ်။
သူ့နဲ့အတူ သာယာဝတီမြို့နယ်ထဲက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်မြင့်ကိုလည်း ဖမ်းဆီးထားပြီး ဒီနေ့အထိ အမိန့်မချသေးပါဘူး။
လာမယ့် မတ်လ ၁၀ ရက်နေ့မှာတော့ သူတို့နဲ့အတူ သာယာဝတီထောင်ထဲမှာ ဖမ်းဆီးထားတဲ့ သွားဆရာဝန် ဒေါက်တာမျိုးဝင်းညွန့်ကိုလည်း အမိန့်ချမယ်လို့ သာယာဝတီထောင်ကနေ သိရပါတယ်။