close

ဧည့်စာရင်းစစ်

close

February 21, 2023

မြောက်ဥက္ကလာ ရပ်ကွက်များကို စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်၊ အဝေးပြေးကားများကို ရှာဖွေ စစ်ဆေးနေ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး အဝေးပြေးယာဉ်လိုင်းတွေကိုလည်း ပိုမိုတင်းကျပ်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သုဓမ္မာလမ်းမ၊ သီရိရတနာလက်ကားဈေးဝင်းအတွင်းက ဈေးရုံ (S)၊ ဆိုင်ခန်း (၆) မှာ ဖေဖော်ဝါရီ ၁၇ ရက်၊ ည ၁၁ နာရီလောက်က လက်ပစ်ဗုံး အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေ စစ်ကောင်စီဘက်က တွေ့ရှိပြီးနောက်ပိုင်းအခုလို လုံခြုံရေးတင်းကျပ် စစ်ဆေးတာတွေ ပိုလုပ်လာတာပါ။

ဈေးနဲ့နီးစပ်သူတဦးက “မနေ့ညကနဲ့ဆို ဒီတရပ်ကွက်တည်းကို ၂ ညရှိပြီ၊ ဝေဘာဂီဘက်က ရပ်ကွက်တွေလည်း ဝင်စစ်နေတယ်။ ဒီဈေးက ဝေဘာဂီအပိုင်ထဲမှာဆိုတော့ ပိုစစ်ကြတာ နေမယ်။ ၁၇ ရက်တုန်းက ဆိုင်ခန်းတခုမှာ မိတယ်လို့ပြောတယ်။ ပိုင်ရှင်မဲ့လို့ ပြောလို့ရတယ်။ အဲ့နေရာက နေရာလွတ်လေ၊ အရင်ဆိုင်ငှားဖူးသူတော့ရှိတယ်။ ဈေးတာဝန်ခံရုံးဘက်ကတော့ ဘာမှမပြောသေးဘူး။ စစ်တပ်က အဝင်အထွက် CCTV တွေ တောင်းသွားတယ်လို့ပဲ သိရတယ်။ အဝေးပြေးဝန်ထမ်းလိုင်းခန်းတွေဘက်လည်း ဧည့်စာရင်းစစ်တာတွေရှိတယ်” လို့ ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးကားဝန်းက ခရီးသည်တင် express ကားတွေမှာ တရားမဝင် ကန့်သတ်ပစ္စည်းတွေ၊ ဓာတုဆေးဝါးတွေအပြင် လက်နက်၊ ကျည်ဆန်၊ ဗုံးသီး၊ မူးယစ်ဆေးတွေကို တင်ဆောင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ပြောဆိုနေကြတဲ့အပြင် သီရိရတနာဈေးအတွင်းမှာ တွေ့ရှိထားတာကြောင့် စစ်တပ်ဘက်က အခုလို ၃ ရက်ဆက်တိုက် ရှာဖွေတာဖြစ်တယ်လို့ သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝန်းမှာ နေသူတဦးက “ဂိတ်တွေမှာ ကန့်သတ်ကုန်ပစ္စည်း မတင်ဘူးလို့ စာကပ်ပြီးသားပါ။ ပါဆယ်ပုံးလာချရင်လည်း ဖွင့်စစ်ဖို့၊ အီလက်ထရောနစ် ကုန်ပစ္စည်း မတင်ဖို့၊ ခရီးသည်လာရင်လည်း မှတ်ပုံတင်ပါမှ လက်မှတ်ရောင်းဖို့ မှာထားပြီးသားပါ။ နေ့တိုင်းနီးပါး ဂိတ်တွေကို လာလာစစ်ကြတယ်။ ကြုံရာကျပန်းသဘောမျိုးရော၊ တခါတလေ စာရင်းအတိအကျနဲ့ကို လာတာ။ ဝန်ထမ်းစာရင်းနဲ့ ဓာတ်ပုံပါ ပေးရတယ်” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမှာ လက်လုပ်ဗုံးတွေ့ရှိလို့ ဖေဖော်ဝါရီ ၃ ရက်က ခေမာသီလမ်းမ ရုံးသစ်မှတ်တိုင်နားမှာ တကြိမ်၊ ဖေဖော်ဝါရီ ၁၁ ရက်က သုဓမ္မာလမ်းမ ကန်သာယာပန်းခြံနားမှာ တကြိမ်နဲ့ ဖေဖော်ဝါရီ ၁၆ ရက်က သုဓမ္မာလမ်းမ ဣန္ဒာမှတ်တိုင်နားမှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ် စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။

2 mins Ago

December 13, 2022

ဝေဘာဂီမြို့သစ်တွင် ရခိုင်ပြည်နယ်မှ ဆေးလာကုသူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်မှာ ဧည့်စာရင်းမတိုင်ကြားထားဘဲ ရခိုင်ပြည်နယ်ကနေလာရောက်တည်းခိုနေတဲ့ ဆေးလာကုသူ အမျိုးသား နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်၊ ည ၆ နာရီခွဲလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်တချို့ကို ဧည့်စာရင်းဝင်စစ်ရာမှာ ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံတဲ့မိသားစုနဲ့ နီးစပ်သူတဦးက “ရခိုင် မာန်အောင်ကလာတာ၊ ခေါ်သွားခံရတာက ဦးလေးနဲ့ သူ့တူလေးပါ။ ကင်ဆာဆေး သွင်းဖို့ လာရင်းဖြစ်သွားတာ။ ကားက ညနေမှရောက်တော့ ဧည့်စာရင်းလည်း မတိုင်မိဘူး။ သူ့တူဖုန်းကိုစစ်တော့ လက်နက်ကိုင်အဖွဲ့‌ပုံတွေ တွေ့လို့ မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ၊ သူ့ဦးလေးလည်း ပါသွားတယ်” လို့ ပြောပါတယ်။

အဆိုပါည ၁၁ နာရီခွဲလောက်က စစ်ကားနှစ်စီး၊ အိမ်စီးကားတစီးနဲ့ ဝေဘာဂီမြို့သစ်ရှိ ဝေဘာဂီလမ်းမနဲ့ ဝေဟင်လမ်းဘက်ကို ကင်းပတ်နေ‌တာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားနှစ်ယောက်ဟာ ဘုန်းကြီးကျောင်းကနေတဆင့် ရပ်ကွက်ထဲရှိ အသိအိမ်ကို ပြောင်းရွှေ့တည်းခိုရာက ဖမ်းဆီးခံခဲ့ရတာပါ။

ရဲစခန်းနဲ့ နီးစပ်သူတဦးက “လောလောဆယ်တော့ ဘာမှ ပြောလို့မရသေးဘူး။ ကောင်လေး ဖုန်းထဲက ပုံတွေတွေ့တယ်လို့ ပြောတယ်။ တစ်တော့အကောင့်မှာလည်း နိုင်ငံရေးဗီဒီယို တင်ထားတာတွေရှိတယ်။ လူနာပါ ပါလာတော့ ဘယ်လိုလုပ်ပေးမလဲ မသိသေးဘူး။ ဆေးစာနဲ့ အာမခံနဲ့ လွှတ် မလွှတ် မပြောတတ်ဘူး” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ‌အဆိုပါနေ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့အတူ စစ်ကောင်စီဘက်က စစ်ဆေးရေးတွေကြောင့် မြောက်ဒဂုံမြို့နယ်က လူငယ်နှစ်‌ဦးလည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။

2 months Ago
Up