ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပနဲ့ မြောက်ဒဂုံမြို့နယ်တို့က ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားတာနဲ့ ထောက်ခံစာပြုလုပ်တာတွေကို အခကြေးငွေ ကောက်ခံတဲ့၀အပြင် ၂၀၂၃ ဧပြီလဆန်းပိုင်းက စတင်ပြီး စာရွက်စာတမ်းကြေးလို့ဆိုကာ ပိုက်ဆံ ပိုတောင်းခံလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ၁၃ ရက်အကြာမှာ စစ်ကောင်စီဥက္ကဋ္ဌက ဧည့်စာရင်း ဥပဒေကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး ဧည့်စာရင်းစနစ် ပြန်လည်ကျင့်သုံးချိန်ကစလို့ တိုင်ကြားသူတွေက ပိုက်ဆံပေးနေခဲ့ရတာပါ။
၂၀၂၃ အထွေထွေကုန်ဈေးနှုန်း ၂ ဆခန့် ပိုမိုမြင့်လာချိန်က စတင်ပြီး စက်မှုဇုန်တွေ အများအပြားရှိတဲ့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ ဧည့်စာရင်းတိုင်ကြေးကို စာရွက်စာတမ်းဈေးကို အကြောင်းပြကာ ပိုက်ဆံပိုတောင်းခံတာကြောင့် အရင်ဧည့်စာရင်းကြေး ကျပ် ၅၀၀ မှ ဧည့်စာရင်းတစ်ခါတိုင်ပါက ကျပ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ အထိ ပိုမို ပေးဆောင်နေရတယ်လို့ သိရပါတယ်။
ရွှေပြည်သာစက်ရုံအလုပ်သမတဦးက "အရင်က ဧည့်စာရင်းကို တလပေးတယ်၊ တလ တခါတိုင်ရတာ။ ၃ ယောက်လောက် စုပြီး တခါတိုင်ရင် ၅၀၀ အဆောင်မှူးကို တိုင်ခိုင်းရင် ရသေးတယ်။ အခု ၂ ပတ်တစ်ခါ ဖြစ်သွားပြီ၊ ညပိုင်း ရုံးမှာ လူကိုယ်တိုင် သွားတိုင်တော့ ရုံးက ရေးပေးတဲ့လူက စာအုပ်ဖိုးနဲ့ အလှူငွေက အားလုံး ၂၀၀၀ တောင်းတယ်။ စာအုပ်က ၅ ရွက်ပဲ ပါတယ်၊ ကုန်ရင် တအုပ် ၁၀၀၀ လို့ ပြောတယ်။ အလုပ်ထောက်ခံစာဆို တစောင် ၂၀၀၀ ပေးရတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထားတဲ့ ရပ်ကျေးဥပဒေပြင်ဆင်ချက် ပုဒ်မ ၃၃ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေဟာ ဧည့်စာရင်းတိုင်ကြားတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး ငွေကြေးတစုံတရာ တောင်းခံခြင်း မပြုရလို့ ပါရှိတာကို တွေ့ရပါတယ်။
ဧည့်စာရင်း၊ ထောက်ခံစာပြုလုပ်ရာမှာ ငွေကောက်ခံတာနဲ့ ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့နယ်က ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက "ဘာလို့ ငွေကောက်ကြသလဲဆိုတော့ ရပ်ကွက်ရုံးတွေက အခု မြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှာ တောင်းရတဲ့ ရန်ပုံငွေဆိုတာ ရှိတယ်။ ရုံးလုပ်ငန်းအတွင်း စာရွက်တို့ ဘောပင်တို့ကအစ သုံးဖို့ ငွေစာရင်းနဲ့ တောင်းရတာ။ ဥက္ကဋ္ဌဖို့က လစာသက်သက် ရတယ်၊ ဧည့်စာရင်းနဲ့ ထောက်ခံစာ ရေးတာတို့က ရပ်ကွက်စာရေးက စာရင်းသွင်း ဥက္ကဋ္ဌက လက်မှတ်ထိုးပေးရတာ။ မြို့နယ်က တောင်းလို့ရတဲ့ ရုံးတွင်းစရိတ်က မလောက်တာမျိုး ရှိချင်ရှိမယ်၊ စာရေးက ဧည့်စာရင်းရေးပေးတာ ထောက်ခံစာရေးပေးတာမျိုး လုပ်တော့ သူ့အတွက်ရော ရုံးကလူတွေအတွက်ပါ ကျန်အောင် ပိုက်ဆံကောက်တာ။ စာရွက်တွေအတွက် ကော်ပီဆွဲခက ဒီ ၄ လပိုင်းထဲ ဈေးက တော်တော်တက်လာတော့ သူတို့လည်း ကာမိအောင် ဈေးတင်တောင်းကြတာ" လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏပစ်ခတ်ခံနေရတဲ့ ၂၀၂၂ ခုနှစ်ထဲမှာတော့ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာမှာ ရုံးခန်းအစား ရပ်ကွက်စာရေးနေထိုင်တဲ့ အိမ်တွေနဲ့ နေ့စားကူညီရေးပေးတဲ့ အိမ်တွေမှာ ဧည့်စာရင်းနဲ့ ထောက်ခံစာရေးပေးတယ်လို့ သိရပါတယ်။
ဧည့်စာရင်းရက်ကျော်သူတွေနဲ့ ဧည့်စာရင်းလုံးဝမတိုင်သူတွေကို ဧည့်စာရင်းစစ်ဆေးတဲ့အချိန် တွေ့ရှိရင်လည်း သတ်မှတ်ထားတဲ့ ငွေဒဏ် ၁ သောင်းထပ်ပိုပြီး ဒဏ်ရိုက်တာ၊ အုပ်ချုပ်ရေးနဲ့ စစ်ကောင်စီဘက်က ရုံးခန်းခေါ်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
၂၀၂၃ ဧပြီလမှာ စတင်ပြီး မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံရှိ ရပ်ကွက်တွေမှာ နေအိမ်တွေမှာ ဧည့်စာရင်းရေးရာက ရုံးခန်းပြောင်းပြ စစ်ကောင်စီရဲ ၂ ဦးစီ လက်နက်အပြည့်အစုံနဲ့ အလှည့်ကျလုံခြုံရေးယူနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၁၂၆ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ၇၇ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တယ်လို့ FE5Tanintharyi က ပြုစုထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။
ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ လူသားဒိုင်းလုပ် ဖမ်းဆီးတာတွေ၊ ဖမ်းဆီးငွေညှစ်တာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “တနင်္သာရီတိုင်းမှာ စစ်ရေးအရှိန်မြင့်လာတာနဲ့အတူ စစ်ကောင်စီကလည်း PDF ကို ပစ်မှတ်ထားတာထက် ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ စကစက မြေပြင်မှာ တိုက်ပွဲအကျအရှုံးများလာလေလေ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်လာတာတွေ့ရတယ်။ ဒီလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကတော့ စကစရဲ့ ယုတ်မာရက်စက်တဲ့ လုပ်ရပ်တွေပါ” လို့ ပြောပါတယ်။
စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုတွေထဲမှာ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်မှာတော့ ဖမ်းဆီးခံရသူတွေရှိပြီး ပုလောမြို့နယ်မှာ အရပ်သားပြည်သူ ၂ ဦး မီးရှို့သတ်ဖြတ်ခံရတယ်လို့လည်း အစီအရင်ခံစာအရ သိရပါတယ်။
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက“စစ်ရေးကျင့်ဝတ်တွေကို မလိုက်နာဘဲ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တာကတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူးဗျ။ မတရားအာဏာသိမ်းထားတဲ့ စစ်မိစ္ဆာတွေကို ကျနော်တို့က အမြစ်ပြတ်ချေမှုန်းသွားမယ်”လို့ ပြောပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာတော့ ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်သားတွေက ဆဲဆိုပြီး နေအိမ်တံခါးတွေကန်ဖွင့်ကာ ဧည့်စာရင်းစစ်ဆေးတာကြောင့် ရပ်ကွက်နေပြည်သူတွေ ကြောက်ရွံ့ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြိတ်မြို့ရှိ ဈေးတန်းရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ဧည်စာရင်း စစ်ဆေးတယ်လို့ ဆိုပြီး နေအိမ်တံခါးတွေကို ကန်ဖွင့်ကာ စစ်ဆေးတာတွေလုပ်ခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။
“အရင်တုန်းက ဧည့်စာရင်း လာရောက်စစ်ဆေးတာတွေမျိုးတော့ မရှိဘူး။ အခုနောက်ပိုင်းမှာ စစ်ဆေးတာတွေ များလာတယ်။ သူတို့က အေးဆေးလာစစ်ဆေးတာမဟုတ်ဘူး၊ သူတို့ခေါ်တာ ကြာတယ်ဆိုပြီးတော့ ရပ်ကွက်အိမ်တံခါးတွေကို ကန်ဖွင့်ပြီး အတင်းဝင်စစ်တာ။ အရှေ့ရက်တွေတုန်းက ဈေးတန်းရပ်ကွက်မှာ အိမ်တံခါးတွေကို ကန်ဖွင့်ပြီး လာစစ်ဆေးသေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာတွေလည်း လုပ်သွားတယ်တဲ့။ ရပ်ကွက်သားတွေအနေနဲ့တော့ ဒီလိုစစ်ဆေးနေတော့ ကြောက်နေကြရတာပေါ့။”
ပြီးခဲ့တဲ့တခေါက် အင်းလေးမြိုင်ရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်မှာလည်း ဧည့်စာရင်း စစ်ဆေးတယ်လို့ အကြောင်းပြပြီး နေအိမ်တံခါးတွေရိုက်ချိုးကာ လာရောက်စစ်ဆေးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ခုလို မြိတ်မြို့ ရပ်ကွက်တချို့မှာ အရင်က အဲဒီလို ဝင်ရောက်စစ်ဆေးတာတွေမျိုး မရှိခဲ့ဘဲ အခုနောက်ပိုင်းမှာ နေအိမ်တံခါးတွေကန်ဖွင့်ပြီး စစ်ဆေးတာတွေ လုပ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။