close

ဧည့်ရိပ်သာ

close

March 26, 2023

မြောက်ဥက္ကလာပရှိ ဧည့်ရိပ်သာတခုတွင် ဗုံးထောင်ပြီး ဖုန်းဆက် ငွေတောင်း

‌ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဌ ) ရပ်ကွက်၊ ပိတောက်လမ်းသွယ်၊ အမှတ် ၁၂၇ မှာရှိတဲ့ အင်ကြင်းမြိုင်ဧည့်ရိပ်သာမှာ မတ် ၂၅ ရက် နေ့လယ်က လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အဆိုပါ လက်လုပ်ဗုံးကို ဧည့်ရိပ်သာအခန်း ၄၀၆ က TV အနောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး နေ့လယ် ၂ နာရီလောက်မှာ Mytel ဖုန်းနံပါတ်သုံး အမျိုးသား‌တဦးက ဧည့်ရိပ်သာကို ဖုန်းဆက်ကာ ဗုံးမပေါက်ကွဲစေချင်ပါက ကျပ် သိန်း ၅၀ လွှဲရမယ်လို့ ပြောခဲ့တာလို့ ဧည့်ရိပ်သာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

" ၂ နာရီလောက်က ကောင်တာဖုန်းကို အဲ့လူက ဆက်တာ၊ ဒီဧည့်ရိပ်သာမှာ ဗုံးထောင်ထားတယ်၊ ဗုံးမပေါက်စေချင်ရင် သိန်း ၅၀ ပေးရမယ် ပြောတယ်။ ဘယ်အခန်းမှာ ထောင်ထားလဲ မပြောသွားဘူး၊ ဖုန်းကျသွားတယ်။ ဖုန်း သုံးလေးခါလောက် ခေါ်တော့ မကိုင်တော့ဘူး။ နံပါတ်က Mytel ပဲ၊ ဧည့်အဝင်စာရင်းကို ပြန်စစ်ပြီး check out လုပ်သွားတဲ့ အခန်းတွေကို အမြန်လိုက်စစ်ကြတာ။  ၂ နာရီ ၂၀ လောက်မှာ ၄၀၆ က TV အနောက်မှာ တိပ်အမည်းနဲ့ ကပ်ထားတဲ့ လက်လုပ်ဗုံးကို တွေ့တာ၊ ရဲက ရောက်လာမှ ဖြုတ်တာပါ။"

ဗုံးထောင်ငွေတောင်းသူဘက်က ပြန်ဆက်သွယ်လာတဲ့အချိန်မှာ ဗုံးက တလုံးတည်း မဟုတ်ဘဲ အခြားနေရာတွေလည်း ထောင်ထားကြောင်း ပြောပေမဲ့ ထပ်ရှာမတွေ့ဘူးလို့ သိရပါတယ်။

ဗုံးတွေ့တဲ့ အခန်း ၄၀၆ မှာ ၂၄ ရက် ညနေ ၄ နာရီက အသက် ၃၀ အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး မှတ်ပုံတင်မပါဘဲ တည်းခိုသွားတယ်လို့ သိရပြီး လက်လုပ်‌ဗုံးကို သီရိရတနာကားဝန်းအနောက်ဘက် ကွင်းပြင်မှာ စစ်ကောင်စီက ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

12 hours Ago

February 2, 2021

အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေး မုံရွာအောင်ရှင်ကို ဧည့်ရိပ်သာတစ်ခုတွင် ဖမ်းဆီးထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ မုံရွာအောင်ရှင်ကို အာဏာပိုင်တွေက မနေ့မနက်က  ဖမ်းဆီးသွားပြီး ဧည့်ရိပ်သာတစ်ခုမှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့  မိသားစုက ပြောပါတယ်။   

မုံရွာအောင်ရှင်ရဲ့ ဇနီး ဒေါ်ကေသွယ်မိုးက “မနေ့နေ့လည်ပိုင်းမှာ အရပ်ဝတ်နဲ့လူတချို့ သူ့နေအိမ်ကိုရောက်လာပြီး လိုအပ်တဲ့ ဆေးဝါးနဲ့အဝတ်အထည်ထည့်ပေးဖို့ပါတဲ့ မုံရွာအောင်ရှင် လက်ရေးမူပါစာကို ပြပြီး အဲဒါတွေကို လာရောက်ယူဆောင်သွားတယ်” လို့ ပြောပါတယ်။

မုံရွာအောင်ရှင်ကိုတော့ ဧည့်ရိပ်သာတစ်ခုမှာ ထားကြောင်းပြောဆိုခဲ့ကာ ဘယ်မှာ ထားတယ်ဆိုတာတော့ အတိအကျမပြောခဲ့ဘူးလို့လည်း ဒေါ်ကေသွယ်မိုးကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့   အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

2 years Ago
Up