ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က ဧရာဝတီတိုင်းမ်သတင်းထောက် ကိုအောင်မြသန်းရဲ့ နေအိမ်ကို ဇွန်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ချိပ်ပိတ်သွားပါတယ်။
အမှတ် ၁ ရပ်ကွက်၊ အောင်ဆုပန်လမ်းမှာရှိတဲ့ သတင်းထောက် ကိုအောင်မြသန်းရဲ့ နေအိမ်ကို ညနေ ၃ နာရီလောက်က အရပ်ဝတ်တွေနဲ့လာပြီး ချိပ်ပိတ်သွားတာလို့ သတင်းထောက် ကိုအောင်မြသန်းက ဒီဗွီဘီကိုပြောပါတယ်။
“အစထဲက ကြိုမျှော်လင့်ပြီးသားပါ။ ဒီနေ့တော့ တကယ်လာလုပ်သွားတာပေါ့။ အစောင့်ရတယ်လို့ပဲ သဘောထားပါတယ်။ အိမ်ကို စာကပ်ပြီးတော့ ဝရမ်းပါထုတ်ထားတယ်လို့ ပြောတယ်၊ ညနေပိုင်းကမှ သိရတာ။”
နေအိမ်ကို ချိပ်ပိတ်ခဲ့သလို လူကိုလည်း ဧရာဝတီတိုင်းမ်သတင်းဌာနနဲ့ပတ်သက်ပြီး အမှုဖွင့် ဝရမ်းထုတ်ထားပြီး ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
နေအိမ်ချိပ်ပိတ်ခံရပြီး ဝရမ်းထုတ်ခံရတဲ့ သတင်းထောက် ကိုအောင်မြသန်းဟာ စစ်တပ်အာဏာသိမ်းပြီး ထောင် ၂ ကြိမ်ကျခဲ့ပြီးနောက် လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။
သတင်းထောက် ကိုအောင်မြသန်းဟာ ထောင်ကလွတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခံရမှာစိုးရိမ်လို့ မြို့ကထွက်လာပြီး လွတ်မြောက်တဲ့နေရာကို ရောက်နေပြီလို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်းမ်သတင်းထောက် ကိုအောင်မြသန်း နေအိမ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုအောင်မြသန်းရဲ့ နေအိမ်ကို ည ၁၀ နာရီကျော်လောက်မှာ စစ်ကား ၂ စီး၊ ဆိုင်ကယ် ၆ စီးနဲ့ ရဲနဲ့ စစ်သား အင်အား ၃၀ လောက်ရောက်လာပြီး ခြံတံခါးကို ဖျက်ဆီးကာ ဝင်ရောက်ရှာဖွေသွားတာလို့ ကိုအောင်မြသန်းက ပြောပါတယ်။
“ကျနော်က မရှိတာကြာပြီ၊ မနေ့က ညပိုင်းတော့ ခြံဖျက်ပြီး ဝင်ရှာတာ၊ အင်အား ၃၀ လောက်ရှိတယ် ကြားတယ်။ ဘာတွေပါသွားတယ်ဆိုတာ မသိရသေးဘူး၊ အိမ်ဝင်ရင်တော့ ခိုးမှာပဲလေ၊ လူရှိ၊ မရှိတော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမ်သတင်းထောက် ကိုအောင်မြသန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ ကြိမ် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်သလို လွတ်မြောက်ချိန်ကတည်း အိမ်မှာ မနေတော့ဘဲ လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ဧရာဝတီတိုင်းမ်မှာ ၃ ဦးထိရှိပြီး ၁ နှစ်ကျော်တဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။