စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီတံတား (ရတနာပုံ) အဆင်း ဘီးခွန်ဂိတ်မှာ ဩဂုတ်လ ၁၇ ရက် မနက် ၈ နာရီက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDFတို့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှ မုံရွာလာတဲ့ အာကာသမှန်လုံယာဉ်အား အထုပ်တွေ ဖွင့်စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က သေနတ်နဲ့ ဝိုင်းချိန်ထားပြီး အထုပ်တွေဖွင့်စစ်နေလို့ PDF က ပစ်တာ၊ စစ်ကောင်စီဘက်က နှစ်ယောက် ထိတယ်။ အဲဒီမှာ ဝိုင်းပစ်တာ၊ စစ်တပ်ရော ရဲရော အဲဒီလိုပစ်တော့ ခရီးသည်တွေလည်း ထိတယ်၊ PDF နှစ်ဦးလည်းထိတယ်”လို့ ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF နှစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး စစ်သားနှစ်ဦးနဲ့ ခရီးသည် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“PDF က နှစ်ဦး၊ ခရီးသည်က မိန်းကလေးတဦး၊ ယောကျ်ားလေးတဦး သေတယ်။ ဒဏ်ရာရတာက ယောကျ်ားလေး နှစ်ဦး၊ မိန်းကလေး သုံးဦး၊ စစ်တပ်ဘက်က တပ်ကြပ်ကြီးတဦးနဲ့ တပ်သားတဦး ဒဏ်ရာရတယ်”လို့ ရှင်းပြပါတယ်။
လက်ရှိအခြေအနေထိ ဧရာဝတီတံတား (ရတနာပုံ) အဆင်း ဘီးခွန်ဂိတ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေကို လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့အဝင် ဧရာဝတီတံတား(ရတနာပုံ) အဆင်း စစ်ဆေးရေးဂိတ်အနီးမှာ မေလ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီကျော်လောက်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။
စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ အရင် ကိုဗစ်ကာလ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ပြီး အခုအခါ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ကား၊ ဆိုင်ကယ်တွေကို ရှောင်တခင် စစ်ဆေးနေကြပါတယ်။