close

ဧရာဝတီတံတား

close

September 5, 2022

ဧရာဝတီတံတားပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး စစ်သားတဦး သေဆုံး

ပခုက္ကူမြို့မြို့နယ်၊ ဧရာဝတီတံတားတောင်ဘက် စစ်တပ်ဂိတ်စခန်းအား စက်တင်ဘာ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ပြီး ဂိတ်အတွင်းက စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ -၂ မှ ရဲဘော် ကိုရန်နောင်က ပြောပါတယ်။

စစ်ဆေးရေးဂိတ်အတွင်းက စစ်သားတွေကို လက်လုပ်သေနတ်တွေနဲ့ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ကိုရန်နောင်က  ပြောပါတယ်။  

“ကျနော်တို့ သုံးယောက်မှာ ပစ္စတိုနှစ်လက်၊ လက်ပစ်ဗုံး နှစ်လုံးပဲ ပါတယ်ဗျ။ လက်နက်အင်အား မလောက်လို့ ကျနော်တို့ ထွက်ပြေးခဲ့ရတာ။ တယောက်ဆို လိုက်ပစ်ခံရတာ၊ သေနတ် မလောက်တော့ သေနတ်က ပစ်တယ်၊ ပစ်တော့ ကျည်က တတောင့်ပဲ ထွက်တယ်။ နောက်ထပ် ထပ်ပစ်မယ်လုပ်တော့ ကျည်က မထွက်တော့ဘူး။ အဲဒီတော့ ထွက်ပြေးရတော့တာ။” 

ပစ်ခတ်မှုဖြစ်ချိန်မှာ ဂိတ်စခန်းထဲက စစ်သား ၁ ဦး လဲကျသေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်သားတွေရဲ့ မောင်းပြန် G3 လက်နက် ၂ လက်ကို ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၂ မှာ လက်နက်အင်အား မလုံလောက်တာကြောင့် မောင်းပြန်သေနတ်ရရှိဖို့ အသက်စွန့်ပြီး လုပ်ဆောင်ခဲ့ရတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်တာကြောင့် ထွက်ပြေးချိန်မှာ ၄၅ သိန်းတန် ပစ္စတိုသေနတ် တလက် ကျန်ခဲ့ပြီး ပစ္စတိုကျည်အတောင့် ၂၀ နဲ့ ဆိုင်ကယ် ၂ စီး ကျန်ခဲ့တယ်လို့လည်း ပြောပါတယ်။

9 hours Ago

January 22, 2021

ဧရာဝတီတံတားတည်ဆောက်စဉ်က နစ်နာခဲ့သည့်တောင်သူများကို လျော်ကြေး ကျပ် သိန်း ၃၀၀၀ ကျော်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှာ ဧရာဝတီတံတားတည်ဆောက်စဉ်က ပျက်စီးခဲ့တဲ လယ်မြေတွေအတွက် တောင်သူတွေကို နစ်နာကြေးအဖြစ် ငွေကျပ် သိန်း ၃၀၀၀ ကျော်ပေးအပ်ခဲ့ပါတယ်။ တံတားကြောင့် ပျက်စီးခဲ့တဲ့ လယ်မြေအတွက် ကျေးရွာ ၉ ရွာက တောင်သူ ၁၆၇ ယောက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၀ ရက်က တွေ့ဆုံပြီး ပျက်စီးခဲ့တဲ့မြေဧက အလိုက် လျော်ကြေးပေးခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က "ပျက်စီးခဲ့တဲ လယ်မြေလျော်ကြေးငွေတွေကို သက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ လွှတ်တော်မှာအဆိုတင်သွင်းပြီး လျော်ကြေးရရှိအောင် ကူညီပေးခဲ့တာပါ''လို့ ပြောပါတယ်။ လျော်ကြေးပေးအပ်ရာမှာ ညောင်တုန်းမြို့နယ် မြန်မာပြာသာအုပ်စုက တောင်သူ ၄၈ ယောက်ကို ငွေကျပ် ၅၄၇ သိန်း၊ စက္ကော့ရေလည် အုပ်စုက တောင်သူ ၉၃ ယောက်ကို ငွေကျပ် ၁၆၅၄ သိန်းကျော်နဲ့ ဆင်ထုံ အုပ်စုက တောင်သူ ၂၆ ယောက်ကို ငွေကျပ် ၉၆၇ သိန်းကျော်ကို ဆုံးရှုံး ခဲ့တဲ့ မြေဧကအလိုက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတံတားတည်ဆောက်စဉ်  ကျေးရွာ ၉ ရွာက ပျက်စီးခဲ့တဲ့ လယ်မြေတွေအတွက် ၁ ဧကကို ငွေကျပ် ၂၅ သိန်းနှုန်းနဲ့ နစ်နာကြေးပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထူးခြား (ညောင်တုန်း)
2 years Ago
Up