စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရေးအခြေအနေအရ ဧရာဝတီမြစ်ကြောင်းအတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိ ရေယာဉ်တွေ ဖြတ်သန်းသွားလာတာ မပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ငါးပတ်ချောင်းရွာ၊ ကူကြီးရွာ၊ သစ်ဆိပ်ရွာ၊ ရွာသစ်ရွာ၊ လှေပို့ဆိပ်ရွာ၊ ရေဂမိုးရွာ၊ ရှားကွဲရွာနဲ့ ထုံးဘိုရွာတို့ အနီးမှာ သတ်မှတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “အခြေနေအရ အကန့်သတ်မရှိ ယာယီပိတ်ထားရတဲ့ သဘောပါ။ ဒါကလည်း ပြည်သူကို အန္တရာယ်မရှိအောင် ထုတ်ပြန်ရတာပါ။ အန္တရာယ်ကင်းရှင်းနိုင်မယ့် အခြေအနေရောက်ရင်တော့ ကန့်သတ်တာကို ပြန်ရုပ်သိမ်းပြီး သွားလာနိုင်ဖို့ ပြန်လည်ထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အထူးသဖြင့် တံငါလှေတွေ၊ ပိုက်မျောလှေတွေနဲ့ ကျွန်းပေါ် တောင်သူလုပ်ငန်း လုပ်ကိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားတာ တွေ့ရပါတယ်။
ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်ကလည်း ဧရာဝတီမြစ်ကြောင်းအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စက်လှေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
မန္တလေးတိုင်းရှိ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့မှာ ဧရာဝတီမြစ်ကြောင်းအတွင်း ဓားပြတိုက်ခံရမှု များလာတာကြောင့် ရေကြောင်းစစ်ဆေးဆောင်နေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အဲ့ဒီမြို့နယ်တွေအတွင်းရှိ ဧရာဝတီမြစ်ကြောင်းမှာ သွားလာနေတဲ့ ဖောင်၊ မော်တော်ရေယာဉ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက အခု ဇူလိုင်လဆန်းပိုင်းလောက်အထိ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် ၈ ကြိမ်ထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
“အဲ့ဒီဘက်က ဓားပြတိုက်ခံရတာ ၈ ကြိမ်ထက်မနည်းရှိနေပြီ။ လာတိုက်သူတွေက မန္တလေးမြို့အနီးနားဝန်းကျင်က လူတွေလို့ သိထားရတယ်။ မော်တော်နဲ့လာတယ်၊ ရေလုပ်သား ဟန်ဆောင်တယ်၊ PDF မရှိတဲ့အချိန် ဝင်တိုက်တယ်။ မြစ်လယ်ကျွန်းက ကျေးရွာတွေဆို သွားရေးလာရေးခက်တော့ ခံကြရတယ်။ ဒါပေမယ့် နောက်ထပ်မဖြစ်အောင် စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပါတယ်” လို့ တောကြီးမြေပွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မြစ်ကြောင်းလုံခြုံရေးစစ်ဆေးရာမှာ အခက်ခဲများလည်းရှိပြီး ရန်သူအန္တရာယ်နဲ့ မိုးတွင်းကာလဖြစ်တဲ့အတွက် ရေလမ်းကြောင်းအန္တရာယ်လည်း ရှိတယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ကြောင်းအတွင်းမှာ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေအနက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စဉ့်ကူးမြို့နယ်နေ ဖောင်ရေလုပ်သားတဦးက နေအိမ်ပြန်ပြင်ဆောက်ဖို့ စုဆောင်းစောင်းထားဆဲ ငွေ ၃၆ သိန်းကျော် ပါသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဖြစ်တာက စဉ့်ကူးရောက်ခါနီး ညအချိန်ကမ်းကပ်ထားတုန်းဖြစ်တာ။ ကျနော်က စက်လှေမောင်းတယ်၊ ဖောင်လိုက်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က ဖောင်ပေါ်မှာ ထမင်းချက်နေတုန်း ရေဆန်မောင်းလာတဲ့ စက်လှေက အနီးကျမှ အုပ်စုလိုက် ဖောင်ပေါ်တက်လာပြီး ခေါင်းပေါ် ဓားမိုးထားတာ။ သေနတ်အတို ၁ လက် ပါလာတာလည်းမြင်တယ်။ အိပ်ထဲရှိတဲ့ ဖုန်းနဲ့ အိမ်ပြင်ဖို့ စုထားတဲ့ ငွေ ၃၆ သိန်းကျော် ယူသွားတယ်။ လူတော့ ဘာမှလုပ်သွားတာ မရှိဘူး။ အစက ရိုးရိုးစက်လှေပဲထင်ထားတာ၊ နောက်မှ ဖောင်ပေါ်ရောက်မှ ဓားပြအဖွဲ့ဖြစ်နေတာ။ သူတို့ ၈ ဦးလောက်ရှိတယ်။”
လက်ရှိမှာတော့ တောကြီးမြွေပွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြစ်ကြောင်းအတွင်း သွားလာနေတဲ့ စက်လှေနဲ့ မော်တော်ရေယာဉ်တွေကို ရှောင်တခင်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒေသခံ PDF မှ ဧရာဝတီရေကြောင်းစစ်ဆေးရေးလုပ်ဆောင်နေစဉ်