မန္တလေးခရိုင်နဲ့ စစ်ကိုင်းခရိုင်မှာ ဧရာဝတီမြစ်ရေကြီးလာပါက အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ မြို့နယ်မီးသတ်စခန်းတွေမှာ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတွေ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
အဆိုပါခရိုင်နှစ်ခုရှိ မြို့နယ်မီးသတ်စခန်းတွေနဲ့ အရန်မီးသတ်စခန်းတွေမှာ သြဂုတ် ၇ ရက်က စပြီး သဘာဝဘေးအန္တရာယ်ဖြစ်လာပါက ပြည်သူလူထုအား အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက်နိုင်ရန်ဖို့ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာတွေနဲ့ အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ သြဂုတ် ၈ ရက် မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့ မြစ်ရေအမှတ် ၉၀၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၅၉ စင်တီမီတာအလိုမှာ ရောက်ရှိနေတာပါ။
ဒါ့အပြင် ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့ မြစ်ရေအမှတ် ၈၂၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၂၉ စင်တီမီတာအလိုမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရွှေကူမြို့မှာ အရင်တုန်းကလည်း ရေကြီးတဲ့အခါ ရေဘေးဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာထားလေ့ရှိပါတယ်။ အခုတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ကွာရန်တင်းဝင်နေသူတွေ ရှိတဲ့အတွက် နေရာအခက်အခဲတချို့ရှိနေပါတယ်။
ရွှေကူမြို့နယ်မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင် က " ကျနော်တို့ အနေနဲ့ ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအပေါ်မူတည်ပြီးတော့ ရွှေ့ပြောင်းရမယ့် အိမ်ထောင်စုတွေကို ကူညီဖို့ အသင့်အနေအထားမှာရှိပါတယ်။ အခုရေဘေးသင့် အိမ်ထောင်စုတွေအတွက်ဘုရား အာရုံခံတွေနဲ့ ဓမ္မာရုံတွေမှာ အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ ကိုဗစ်ကာလဖြစ်နေတော့ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ပြီးတော့ လူစုလူဝေးမဖြစ်အောင်လို့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်နေပါတယ်"လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေပြန်ကျနေပေမယ့် ဗန်းမော်မြို့မကျသေး တဲ့အတွက်ရွှေကူမြို့အနေနဲ့ စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာတာလို့ သိရပါတယ်။
ရွှေကူမြို့မှာ ၁ နှစ် အတွင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို ၄ ကြိမ်မြောက်စံချိန်တင် ရောက်ရှိခဲ့ပြီး ၁၀ နှစ်အတွင်း ပထမဆုံးတစ်နှစ်ထဲနဲ့ လေးကြိမ်အထိရောက်ရှိခဲ့တာလို့ မြို့နယ်မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း- ကျော်ဇေယျ CJ(ရွှေကူ)