ပဲခူးတိုင်း၊ ပြည်မြို့၊ ဧရာဝတီမြစ်ထဲမှာ ဧပြီ ၂၆ ရက်က ရေဆင်းချိုးတဲ့ မိသားစု ရေနစ်ပြီး ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
မိသားစုတွေ ရေဆင်းချိုးကြတုန်း ညနေ ၅ နာရီလောက်မှာ ၅ ယောက် ရေနစ်သွားတာဖြစ်ပြီး မိန်းကလေး ၂ ယောက်က ခဏနဲ့ပြန်ကယ်လိုက်ကာ ကျန်တဲ့ အမျိုးသား ၃ ယောက်က ပျောက်ဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“သဲသောင်ပြင်ကြီးဆိုတော့ ရေက ဘယ်လောက်သွားသွား မနစ်ဘူးလေ၊ ကမ်းစပ်ကနေသာ ဝေးဝေးသွားတာ၊ ရေက အများဆုံး ပေါင်လယ်လောက်အထိပဲဆိုတော့ စိတ်ချလက်ချ သွားကြတာ။ သွားရင်းသွားရင်းနဲ့ ရေနစ်တယ်ဆိုတဲ့အလံကို ကျော်သွားပြီးမှ တန်းနစ်သွားတာ။ အဲ့ဒီနေရာမှာက ချောက်လိုမျိုး၊ အဲ့ဒီချောက်ထဲကို ကျသွားတဲ့ပုံပဲ။ ညနေစောင်းပြီး ၇ နာရီကျော်လောက်ကျမှ ကလေးနဲ့ အမျိုးသားတယောက်ကို ရှာတွေ့ကြတာ၊ အသက်တော့ မပါတော့ဘူးပေါ့။ ကျန်တဲ့တယောက်ကိုတော့ ည ၁၀ နာရီလောက်အထိ ရှာကြသေးတယ်၊ မတွေ့ဘူး။ မနက်ကျမှာ အဲ့ဒီနစ်တဲ့နေရာ၊ ဘောတံတားနားမှာပဲ ပြန်ပေါ်လာတာ။”
ရေနစ်သေဆုံးသွားသူတွေကတော့ အသက် ၁၃ နှစ်အရွယ် ကလေးငယ် (ကျား) တဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား ၂ ယောက်ဖြစ်ပြီး ဒီနေ့မနက် ၁၀ နာရီမှာ အစ္စလာမ်ဘာသာရေး ဓလေ့နဲ့အညီ သင်္ဂြိုဟ်လိုက်တယ်လို့ မွတ်စလင် သာရေးနာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာတွေကြောင့် ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်ယန္တရားကြီးတွေနဲ့ နေ့ညမပြတ် ရွှေတူးဖော်နေတဲ့အတွက် ဧရာဝတီမြစ်အတွင်း ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး သဲသောင်ပြင်တွေ ပေါ်ထွန်းလာတာလို့ ဆိုပါတယ်။
မြစ်ကြီးနားဒေသခံ တဦးက “ဧရာဝတီမြစ်ကြီးက ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် စုတ်ပြတ်သတ်နေပြီ။ နေ့ညမပြတ် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးနေတာ။ ရေကြောင်းတွေ ပြောင်းလဲတယ်။ သောင်တွေထွန်းပြီး တချို့နေရာတွေဆို ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးလို့တောင်ရနေပြီ” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား အထက်ပိုင်း ဧရာဝတီမြစ်တလျှောက် မြစ်ဆုံအထက် မလိခချောင်းတလျှောက်မှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ပြုလုပ်နေတာပါ။
ဝိုင်းမော်ဒေသခံတဦးက “အရင်က တနိုင်တပိုင် အင်ဝိုင်းလေးတွေနဲ့ ရွှေတူးတာပဲရှိတယ်။ အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်း မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နားမှာတင် ပေါ်ပေါ်ထင်ထင် စက်ယန္တရားကြီးတွေသုံးပြီး ရွှေအကြီးအကျယ်တူးတာ၊ ဧရာဝတီမြစ်ကြီးအတွင်း ဒီလိုသာ ဥပဒေမဲ့လုပ်ရပ်တွေရှိနေရင် မြစ်ကြီး မကြာခင် ပျက်စီးမှာ စိုးရိမ်တယ်။ ဘယ်အဖွဲ့အစည်းမှလည်း အရေးယူတာ မရှိတော့ဘူး” လို့ ပြောပါတယ်။
ဧရာဝတီမြစ်အထက်ပိုင်းနဲ့ မလိခချောင်းရိုးတလျှောက် ရွှေတူးဖော်မှု ပိုမိုများပြားလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်လာပြီး မြစ်ရိုးကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်သူတွေ လုပ်ငန်းတွေ ဆုံးရှုံးနေပါတယ်။
သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတဦးက “ရွှေတူးဖော်နေတဲ့ မြစ်ရိုးတလျှောက်မှာ စိုက်ခင်းတွေရှိတယ်။ လှေလေးတွေနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတာတွေ ရှိတယ်။ ရွှေတူးဖော်တာတွေကို စက်ယန္တရားကြီးတွေနဲ့ လုပ်တော့ ဧရာဝတီမြစ်ကို မှီခိုပြီး တနိုင်တပိုင် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေ အခက်အခဲတွေ ကြုံနေရတယ်။ ခုဆို ဧရာဝတီမြစ်ရေက နောက်ကျိနေတာပဲ။ ဧရာဝတီမြစ်ကြီးလည်း သယံဇာတကျိန်စာကနေ အမြန်လွတ်ကင်းပါစေပဲ ဆုတောင်းနေရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာနဲ့ အင်ဂန်းကျေးရွာကြား ဧရာဝတီမြစ်ရိုးတလျှောက် ရွှေတူးဖော်ရေးလုပ်ငန်းခွင်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပေမဲ့ ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မလိခချောင်းရိုးတလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။