close

ဧရာဝတီလင်းပိုင်

close

April 27, 2023

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဥပဒေကို ကမ္ဘောဒီးယားခေါင်းဆောင် ဖျက်သိမ်း

တရားမဝင် ငါးဖမ်းခြင်းကြောင့် ဧရာဝတီလင်းပိုင်တွေ ဆက်လက်သေဆုံးနေတဲ့အတွက် ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ဟာ လွန်ခဲ့တဲ့ ၂ လကမှ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ လင်းပိုင်ထိန်းသိမ်းရေးဥပဒေကို ဧပြီ ၂၇ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။

မဲခေါင်မြစ်အတွင်း ဧရာဝတီလင်းပိုင် အရေအတွက်ဟာ ၁၉၉၇ ခုနှစ် ပထမအကြိမ် စာရင်းကောက်ယူခဲ့တဲ့ အချိန်မှာ အကောင် ၂၀၀ ရှိပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ၈၉ ကောင်အထိ လျော့နည်းလာပြီး အဓိကကတော့ တရားမဝင်ငါးဖမ်းတာနဲ့ နေထိုင်ရာ ဆုံးရှုံးလာတာကြောင့် ဖြစ်ပါတယ်။

တပတ်အတွင်း လင်းပိုင် ၃ ကောင် သေဆုံးပြီးတဲ့နောက်မှာ မဲခေါင်မြစ် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ရှည်လျားတဲ့ ကာကွယ်ရေးဇုန်ကို ဖန်တီးပြီး ငါးဖမ်းတာကို တားမြစ်ဖို့ ဟွန်ဆန်က ဖေဖော်ဝါရီလမှာ အမိန့်ထုတ်ခဲ့ပါတယ်။

လင်းပိုင်တွေက ဆက်လက်သေဆုံးနေပြီး ထောင်နဲ့ချီတဲ့ ငါးဖမ်းမိသားစုတွေ ထိခိုက်နေတဲ့အတွက်ကြောင့် အဆိုပါအမိန့်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဟွန်ဆန်က ပြောပါတယ်။

“မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ လင်းပိုင်တွေကို ကာကွယ်ချင်ပေမဲ့ လင်းပိုင်တွေက ဆက်လက်သေဆုံးနေပါတယ်” လို့ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတခုမှာ ဟွန်ဆန်က ဆိုပါတယ်။

ဟွန်ဆန်ဟာ လင်းပိုင်ကာကွယ်ရေးဇုန်မှာ ငါးဖမ်းခြင်းကို တားမြစ်ဖို့နဲ့ ရှော့တိုက်ဖမ်းဆီးတာကို နှိမ်နင်းဖို့ အာဏာပိုင်တွေကို စည်းမျဉ်းဟောင်းတွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ လင်းပိုင် ၁၁ ကောင် သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း လင်းပိုင်သေဆုံးမှု စုစုပေါင်း ၂၉ ကောင်အထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအ‌ဖွဲ့မှ သိရပါတယ်။

5 mins Ago

March 15, 2023

မဲခေါင်မြစ်အတွင်း ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းမှုအန္တရာယ်မှ ကာကွယ်ရန်လိုအပ်နေ

ကမ္ဘောဒီးယားနိုင်ငံ၊ မဲခေါင်မြစ်မှာ အသက်ရှူဖို့ မြစ်မျက်နှာပြင်ပေါ် တက်လာတဲ့ ဧရာဝတီလင်းပိုင်တွေကို ခရီးသွားတွေက လာရောက်ကြည့်ရှုကြပေမဲ့ အခုအခါမှာတော့ မျိုးသုဉ်းလုနီးပါး နို့တိုက်သတ္တဝါ အရေအတွက် လျော့နည်းလာတာကြောင့် သူတို့ကို ထိန်းသိမ်းဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားအစိုးရက ပိုက်ကွန်အတွင်းသေဆုံးတဲ့ လင်းပိုင်အရေအတွက်ကို လျှော့ချဖို့ မြစ်အတွင်း ငါးဖမ်းခြင်းဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို ကြေညာခဲ့ပေမဲ့ ငွေကြေးအရင်းအနှီး ကန့်သတ်ချက်ရှိပြီး မီတာရာနဲ့ချီရှည်တဲ့ မြစ်တလျှောက်မှာ စည်းကမ်းလိုက်နာဖို့က ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပြီး “သူတို့ကို အကာအကွယ်မပေးနိုင်မှာ ကြောက်တယ်” လို့ မြစ်စောင့် ဖွန်ဖာရွန်က ဆိုပါတယ်။

မဲခေါင်မြစ်ဝှမ်းမှာရှိတဲ့ လင်းပိုင်တွေ သေဆုံးရတဲ့ အဓိကအကြာင်းအရင်းက ငါးတွေကို သိမ်းကျုံးဖမ်းတာကြောင့် ဖြစ်တယ်လို့ ထိန်းသိမ်းရေးပညာရှင်တွေက ပြောပါတယ်။

Kratie လင်းပိုင်ထိန်းသိမ်းရေး အစောင့်တွေကို ဦးဆောင်နေတဲ့ ငါးလုပ်ငန်း ဦးစီးဌာနအရာရှိ Mok မွတ်ခ်ဟွန်လော့ခ်က ၈၅ ကီလိုမီတာအရှည်ရှိ မြစ်ကိုစောင့်ကြည့်ဖို့ အစောင့် ၄၄ ယောက်ရှိပြီး ထိထိရောက်ရောက် စောင့်ကြည့်ဖို့အတွက် လူ ၆၀ ထက်မနည်း လိုတယ်လို့ ဆိုပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ တချိန်က မဲခေါင်မြစ်ကိုဖြတ်ပြီး ဗီယက်နမ်မြစ်ဝကျွန်းပေါ်ထိ ကျက်စားခဲ့ကြပေမဲ့ တရားမဝင် ငါးဖမ်းတာနဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် အများအပြား သေဆုံးခဲ့ပြီး လင်းပိုင်တွေနေတဲ့ မြစ်အထက်ပိုင်းမှာ ရေကာ‌တာတွေ တည်ဆောက်တာနဲ့ ရာသီဥတု ဖောက်ပြန်တာကြောင့်လည်း ရေပမာဏကို များစွာ ထိခိုက်စေခဲ့ပါတယ်။

၁၉၉၇ ခုနှစ်က ကောက်ခဲ့တဲ့ စာရင်းအရ မဲခေါင်မြစ်မှာ ဧရာဝတီလင်းပိုင် အကောင်ရေ ၂၀၀ ရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာတော့ ၈၉ ကောင်အထိ လျော့နည်းသွားခဲ့ပါတယ်။ ဧရာဝတီ လင်းပိုင်တွေဟာ မြန်မာနိုင်ငံဧရာဝတီမြစ်နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မဟာကမ်မြစ် နှစ်ခုမှာပဲ နေထိုင်ကြပြီး မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF) ကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဧရာဝတီလင်းပိုင်တွေကို ရှော့တိုက်ဖမ်းဆီးတဲ့ တရားမဝင် ငါးဖမ်းသမားတွေကို ဒေသခံ PDF တပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်တွေ ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့ပါတယ်။

1 month Ago
Up