ဧရာ၀တီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၁၀ ရက်နေ့က စတင်ပြီး သီတင်းတပတ်အတွင်း လူငယ် ၁၀၀ ကျော်လောက်ကို စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးပေါက်ကွဲမှုတွေ၊ စစ်အုပ်စုသတင်းပေး ရှင်းလင်းတာတွေနဲ့ ပတ်သက်ပြီး မြစ်ဝကျွန်းပေါ် ပြောက်ကျားတပ်ဖွဲ့က သူ့တို့ရဲ့လက်ချက်လို့ အတိအလင်းကြေညာသတင်းထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေက မဆိုင်တဲ့ ဒေသခံလူငယ်တွေကို စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာလို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“လုပ်ဆောင်ချက်တိုင်းကို ကျနော်တို့ လုပ်တာပါဆိုပြီး သတင်းထုတ်ပြန်ခဲ့တယ်။ အဲဒါကို မဆိုင်တဲ့ လူတွေ အဖမ်းခံနေရတာတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားမယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက မဆိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတာကြောင့် တိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်လုံးမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ရှိပေမဲ့ ဒေသခံရွာတွေ စစ်အုပ်စုက ဝင်စီးတာတွေလုပ်မှာစိုးလို့ မတိုက်ခိုက်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းမှာတော့ တပတ်အတွင်း ပုသိမ်နဲ့ မော်လမြိုင်ကျွန်းမှာ လူငယ် ၂၀ ကျော်စီ၊ ဖျာပုံနဲ့ အင်္ဂပူမြို့မှာ ၃၀ ကျော်စီ ဗုံးပေါက်ကွဲမှုတွေ ဒလန်ရှင်းလင်းတာတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးသမားတွေကို ထိန်းချုပ်နိုင်ဖို့ ပုသိမ်နဲ့ မအူပင်မြို့နယ်တွေကို ပုဒ်မ ၁၄၄ အမိန့်လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
ဧရာ၀တီတိုင်းဒေသကြီး Stay at home ကြေညာထားတဲ့ ၃ မြို့နယ်က အခြေခံပညာစာကျောင်းတွေကို ဇူလိုင် ၅ ရက်ကစတင် ပိတ်ထားမှာဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။
ပုသိမ်၊ မြောင်းမြနဲ့ သာပေါင်းမြို့နယ်တွေက ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို stay at home သတ်မှတ်ထားတဲ့ ကာလမှာ ယာယီပိတ်ထားမယ်လို့ ဧရာ၀တီတိုင်းတိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ထားတာပါ။
“ကျောင်းတွေက ပိတ်တာကောင်းတယ်၊ ရောဂါ စဖြစ်ကတည်းက ပိတ်ရမှာလေ။ အခုလည်း stay at home သတ်မှတ်မြို့နယ်တွေပဲ ပိတ်တာ တခြားမြို့နယ်တွေ ကျောင်းဖွင့်တုန်း ရောဂါထိန်းချုပ်ဖို့က ကျောင်းတွေပိတ်ရမှာ။ လူစုလူဝေး ဖြစ်နေတာလေ” လို့ CDM လုပ်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ မြောင်းမြ၊ သာပေါင်းမြို့နယ်တွေမှာ Stay at home အဖြစ် ဇူလိုင်လ ၃ ရက်နေ့မှာ ကြေညာထားပါတယ်။
မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့နဲ့ ပုသိမ်မြို့တွေမှာ ကျောင်းဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတချို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ ရှိနေကြောင်း သိရပါတယ်။