မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ဟာ နေအိမ်ဆီ ဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ဩစတြေးလျနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်က စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၅၇၀၀ ကျော်ထဲမှာတော့ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်လ်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာတို့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ပါမောက္ခ မစ္စတာရှောင်တာနယ်လ် လွတ်မြောက်လာတာဟာ ဩစတြေးလျအစိုးရနဲ့ မိသားစု၊ မိတ်ဆွေတွေအတွက် စိတ်သက်သာရာရစေပြီး အစိုးရအနေနဲ့ သူနဲ့ သူ့မိသားစု လိုအပ်သမျှ ထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပါမောက္ခ မစ္စတာရှောင်တာနယ်လ် လွတ်မြောက်နိုင်ရေးအတွက် ထောက်ခံအားပေးခဲ့ကြတဲ့ ဒေသတွင်း မိတ်ဘက်အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ထောက်ခံအားပေးကြသူတွေ အားလုံးကို သြစတြေးလျအစိုးရက ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
ဩစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း ဆိုးရွားလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လေးလေးနက်နက် စိုးရိမ်မကင်းဖြစ်နေပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆက်လက် ထောက်ခံအားပေးသွားမယ်လို့ ဆိုပါတယ်။
စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမှုတွဲအဖြစ် တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့ အားလုံးကို နေပြည်တော် အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာရှောင်တာနယ်လ်ကို စစ်အာဏာသိမ်းယူမှုအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်မှာ စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃(၁) နဲ့ စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် သူ့ကို ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပြီး နေပြည်တော်အကျဉ်းထောင် အရောက်မှာ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို သြဂုတ် ၁၁ ရက်က နေပြည်တော် အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူတွေထဲက ရှောင်တာနယ်ကိုပဲ စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးတာပြီးတဲ့အတွက် နောက်အပတ်ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင် အမိန့်ချပြီး ဖြစ်ပါတယ်။
စွဲချက်တင်အမိန့်ချပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးတာလည်း ပြီးပြီဖြစ်လို့ ဒီနေ့ရုံးချိန်းကစပြီး စွပ်စွဲခံသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။