close

ဩစတြေးလျအိုးပင်း

close

January 22, 2022

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရာဖေးနာဒယ်လ် အနိုင်ရပြီး နောက်တဆင့်တက်

မနေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျ အိုးပင်းအမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ရာဖေး နာဒယ်လ်ဟာ ကာရင်ကာချာနော့ဗ်ကို အနိုင်ရသွားပြီး နောက်ဆုံး ဆန်ခါတင် ၁၆ ယောက်ထဲ ပါဝင်လာပါတယ်။ 

ကမ္ဘာ့အဆင့် နံပါတ် ၆ ဖြစ်တဲ့ နာဒယ်လ်ဟာ ကမ္ဘာ့အဆင့် ၂၈ ဖြစ်တဲ့ ကာချာနော့ဗ်ကို ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၁ နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ 

ဒီပွဲဟာ သူတို့နှစ်ယောက် ၈ ကြိမ်မြောက်တွေ့ဆုံတဲ့ ပွဲဖြစ်ပြီး အရင် ၇ ကြိမ်လုံးမှာလည်း နဒယ်လ်ကပဲ အနိုင်ရခဲ့ပါတယ်။ 

နဒယ်လ်ဟာ ၂၀၀၉ ခုနှစ်တုန်းက သြစတြေးလျ အိုးပင်းချန်ပီယံ ဖြစ်ခဲ့ပြီး၊ အခု ပြိုင်ပွဲကနေ ၂၁ ကြိမ်မြောက် ဂရင်းဆလမ်းချန်ပီယံ  ဖြစ်လာဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

14 hours Ago

January 16, 2022

ဂျိုကိုဗစ်ဗီဇာကိစ္စ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲဝင်မည့် ကစားသမားများ ဝေဖန်

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲဝင်ဖို့ မယ်ဘုန်းမြို့မှာ ရောက်နေကြတဲ့ ထိပ်တန်း တင်းနစ်သမားတွေက   ဇန်ဝါရီ ၁၅ ရက်မှာ  သတင်းစာရှင်းလင်းပွဲကျင်းပပြီး  ဂျိုကိုဗစ်ရဲ့ ဗီဇာကိစ္စနဲ့ပတ်သက်လို့ ဝေဖန်ပြောကြားခဲ့ကြပါတယ်။ 

ဂျိုကိုဗစ်လိုပဲ Grand Slam ဂရန်းဆလန်း ချန်ပီယံ အကြိမ် ၂၀ ရရှိထားတဲ့ စပိန်နိုင်ငံက တင်းနစ် အကျော်အမော် ရာဖေးလ်နဒါးလ်ကတော့ ကမ္ဘာ့နံပါတ်တစ်တင်းနစ်သမား ဂျိုကိုဗစ် ပြိုင်ပွဲဝင်ခွင့်ရရေးနဲ့ ပတ်သက်လာရင် မေးခွန်းတွေ အများကြီး ရှိနေသေးတယ်လို့ ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့ အားကစားသမား တစ်ယောက်ကို သြစတြေးလျ အာဏာပိုင်တွေက ခြွင်းချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမလားဆိုတာ မေးစရာ ဖြစ်နေတယ်လို့ ပြောပါတယ်။ 

အားလုံး အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်နေပေမယ့် ပြဿနာကို အသေးစိတ်သိမှပဲ ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို ဖြေလို့ ရမယ်လို့ မယုတ်မလွန် ပြောသွားပါတယ်။ 

“ဒီရက်သတ္တပတ်တွေအတွင်း ဂျိုကိုဗစ် လုပ်ခဲ့တာတွေအပေါ်မှာ ကျနော် သဘောမတွေ့တာတွေ အများကြီးရှိပေမယ့် သူ့ကို တကယ်လေးစားမှု ရှိပါတယ်လို့” နဒါးလ် ပြောသွားတာပါ။ 

ကမ္ဘာ့ နံပါတ် ၂ တင်းနစ်သမား အလက်ဇန်းဒါးဇာရက်ဗ်ကတော့ ဂျိုကိုဗစ်ကို သြစတြေးလျ အစိုးရ အာဏာပိုင်တွေက နိုင်ငံရေးအတွက် အသုံးချနေတယ်လို့ မြင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောသွားပါတယ်။ 

သြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ပေးဖို့ ရည်ရွယ်ချက် မရှိဘဲနဲ့ သြစတြေးလျ နိုင်ငံထဲကို ဒီအတိုင်းရောက်လာစရာအကြောင်းမရှိဘူးလို့ ပြောပါတယ်။ 

“သြစတြေးလျ အစိုးရနဲ့ ဗစ်တိုးရီးယားပြည်နယ် အစိုးရအနေနဲ့ ဒီကိစ္စကို အစကတည်းက ရှင်းရှင်းလင်းလင်း ရှိဖို့ ကောင်းပါတယ်။ လူတစ်ယောက်ကို ဒီအထိ လာခွင့်ပေးပြီးတော့မှ ကစားခွင့်မပေးဘူးဆိုရင် တရားမျှတတယ်လို့ ကျနော် မထင်ပါဘူး”လို့ ပြောသွားတာပါ။ 

ကမ္ဘာ့ နံပါတ် ၄ ဖြစ်တဲ့ ဂရိနိုင်ငံက စတီဖန်နိုကတော့ ဒီအဖြစ်အပျက်တွေကြောင့် လူတွေအတွက် အာရုံလွဲစရာ ဖြစ်ရတယ်လို့ ဝေဖန်ပါတယ်။ 

“အမှန်တိုင်းပြောရရင် ဒီကိစ္စက သတင်းတွေ ဖောင်းပွလွန်းနေပါပြီ၊ ဒီရက်သတ္တပတ်အကြောင်းမှာ တင်းနစ်အကြောင်းတောင် သေချာ မပြောနိုင်ကြတော့ဘူး” လို့ သူ့အမြင်ကို ပြောသွားပါတယ်။ 

ဆာဗီးယား တင်းနစ်အကျော်အမော် နိုဗက်ဂျိုကိုဗစ်ကို သြစတြေးလျ မြေပေါ်ကနေ နှင်ထုတ်မလား၊ ဒါမှမဟုတ် သြစတြေးလျ အိုးပင်းတင်းနစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုမလား ဆိုတာကို တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက်ချဖို့ ရှိပါတယ်။

7 days Ago
Up