တရုတ်စစ်တပ်ဟာ ဩစတြေးလျ စစ်လေယာဉ်ကို ထွက်သွားဖို့ သတိပေးခဲ့တယ်လို့ ဇွန် ၇ ရက်မှာ ပြောပါတယ်။
ဩစတြေးလျစစ်ဘက် ကင်းထောက် လေယာဉ်တွေထဲက တစီးကို တောင်တရုတ် ပင်လယ်ထဲမှာ တရုတ် တိုက်လေယာဉ်က ကြားဖြတ်ပျံသန်းခဲ့တယ်လို့ ဩစတြေးလျ အစိုးရက ပြောအပြီးမှာ ခုလို တုံ့ပြန်လိုက်တာပါ။
ဩစတြေးလျ စစ်လေယာဉ်ဟာ တရုတ်ရဲ့ အချုပ်အခြာကို ခြိမ်းခြောက်ခဲ့တယ်။ တရုတ်စစ်တပ်ရဲ့ တုံ့ပြန်ဆောင်ရွက်ချက်ဟာ ကျိုးကြောင်းဆီလျော်ပြီး တရားဝင်တယ်လို့ တရုတ်စစ်တပ် ပြောခွင့်ရ တန်ခါ့ဖှေးက ပြောပါတယ်။
တရုတ် တိုက်လေယာဉ်ဟာ ဩစတြေးလျစစ်တပ် ကင်းထောက်လေယာဉ်ကို တောင်တရုတ်ပင်လယ်အတွင်း မေလတုန်းက အန္တရာယ်ရှိတဲ့အနေအထားနဲ့ ကြားဖြတ် ပျံသန်းခဲ့တယ်လို့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။