ရန်ကုန်တိုင်း၊ ဒေသကြီးလှိုင်သာယာမြို့နယ်၊ တံတားဖြူးမှတ်တိုင်အနီး ညောင်တုန်းလမ်းမပေါ်မှာ စက်တင်ဘာ ၁ ရက် ည ၁၀:၁၅ မိနစ်ခန့်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်ခတ်ခံရတဲ့လူတွေကိုတော့ မသိဘူး၊ တစ်ဦးသေနတ်မှန်ပြီးသေတယ်၊ သုံးဦး ဖမ်းခံလိုက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဆိုင်ကယ်အား တားဆီးရာမှာ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးတာလို့ သိရပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာမှာ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဆန္ဒပြ ပြည်သူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းအားအများအပြားနဲ့ သွားရောက်ဖယ်ရှားပြီး ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။
အတားအဆီးတွေကို ရွာသားတွေက မဖယ်ရှားဖို့ သွားညှိနှိုင်းခဲ့ရာမှ တင်းမာမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။
သေဆုံးသူမှာ ၆ မိုင်ကျေးရွာ ကယောပိုင်းက အသက် ၅၀ ကျော်အရွယ် ဦးပေါလု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အနီးနားက နေအိမ်တချို့နဲ့ ဆိုင်ကယ်ကားတွေလည်း ကျည်ထိပျက်စီးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ဧပြီ ၂၆ ရက် ညပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး သေနတ်မှန်သေဆုံးခဲ့ပါတယ်။
“အမှတ် ၂၄ ကျောင်းထဲမှာ တပ်စွဲထားတဲ့ ကောင်တွေကို အသံဗုံးလား ဗြောက်လား မသိဘူး ဆိုင်ကယ်နဲ့ လာပစ်ပြီး ပြေးသွားတာ။ အဲ့တာကို မမိလိုက်လို့ မဲမဲမြင်ရာ အကုန်ပစ်တာ။ ပစ်ရင်းနဲ့ မှန်တာ” လို့ စိန်ပန်းရပ်နေသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ စိန်ပန်း တိုက်သစ်နားမှာ ထမင်းကြော်ရောင်းတဲ့ အသက် ၃၀ ပတ်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး နောက်ကျောကို မှန်တာလို့ သိရပါတယ်။