စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက် ဒီနေ့မနက်က ရန်ကုန်မြို့မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ကျင်းပနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။
ဒီနှစ်မှာ စနစ်ဟောင်း၊ သင်ရိုးဟောင်းနဲ့ နောက်ဆုံးကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ပြီး တနိုင်ငံလုံးက ကျောင်းသားကျောင်းသူ ၁၈၀၀၀၀ လောက်ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာခဲ့ပြီး ဒီနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြပါတယ်။
စာဖြေသူနည်းပါးခဲ့တာကြောင့် အရင်နှစ်တွေက ဖွင့်လှစ်ခဲ့တဲ့ စာစစ်ဌာနတွေဟာ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကျောင်းသုံးကျောင်းမှာရှိတဲ့ စာဖြေသူတွေကို ကျောင်းတကျောင်းတည်းမှာပဲ ပေါင်းပြီးဖြေဆိုတာကို ဒီနှစ်မှာတွေ့ရပါတယ်။
စာမေးပွဲဖြေဆိုချိန်မှာ မနှစ်ကလိုပဲ စစ်ကောင်စီတပ်တွေက ရန်ကုန်မှာရှိတဲ့ ကျောင်းတိုင်းမှာ လုံခြုံရေးယူထားတာတွေ့ရပြီး ကျောင်းရှေ့တွေမှာလည်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ အတားအဆီးတွေကို ပြုလုပ်ထားကြတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
စစ်အာဏာမသိမ်းခင်ကဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့အရေအတွက်ဟာ တနှစ်ကို ၅၀၀၀၀ လောက်အထိတိုးလာပေမယ့် စစ်ကောင်စီလက်ထက်မှာကျင်းပတဲ့ စာမေးပွဲမှာတော့ အရင်ကထက် သုံးပုံတပုံလောက်အထိ လျော့နည်းသွားခဲ့ပါတယ်။
အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားအများစု ကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ဝင်ရောက်ဖြေဆိုတာမရှိပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲဟာ တရားမဝင်သလို အသိအမှတ်မပြုဘူးလို့လည်း ကြေညာထားပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲတွေကို နိုင်ငံတဝန်းမှာ မတ်လ ၆ ရက် ဒီကနေ့မနက်စတင်ကျင်းပနေရာမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာတော့ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၇ ခု ကျောင်းသား ကျောင်းသူပေါင်း ၂၅၀၃ ဦး ဖြေဆိုသွားမယ်လို့ မောင်တောခရိုင် ပညာရေးဌာနကနေ သိရပါတယ်။
မောင်တောမြို့နယ်အတွင်းမှာတော့ စာစစ်ဌာန ၃ ခု ဖွင့်လှစ်စစ်ဆေးသွားမှာဖြစ်ပြီး အ.ထ.က (၁)၊ အ.ထ.က (၂) နဲ့ တောင်ပြိုစာစစ်ဌာန ၃ ခုလုံးမှာ ဖြေဆိုမယ့် ကျောင်းသူ/ကျောင်းသား ၁၁၂၅ ဦး ရှိတယ်လို့ မောင်တောမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်မှာတော့ စာစစ်ဌာန ၄ ခု ကျောင်းသား/ကျောင်းသူ ၁၃၇၈ ဦး အထိဖြေဆိုသွားဖို့ရှိတယ်လို့ ဘူးသီးတောင်ပညာရေးမှူးရုံး တာဝန်ရှိသူတွေကဆိုပါတယ်။
ဘူးသီးတောင်မြို့နယ် အထက(၁)မှာ ကျောင်းသား ကျောင်းသူ ၅၆၆ ဦး၊ အထက (၂) မှာ ၄၉၂ ဦး၊ ထခွဲ(၂)မှာ ၁၃၆ ဦး၊ ထခွဲ(၃)မှာ ၁၈၄ ဦး စုစုပေါင်း ၁၃၇၈ ဦးဖြေဆိုဖို့ လျှောက်လွှာတင်ထားတယ်လို့ သိရပါတယ်။
အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတ်လ ၈ ရက် ဒီကနေ့ စတင်ကျင်းပနေတာဖြစ်ပြီး ကျောင်းသားအများစုကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ဝင်ရောက်ဖြေဆိုတာမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲဟာ တရားမဝင်သလို အသိအမှတ်မပြုဘူးလို့လည်း ကြေညာထားပါတယ်။
လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှာဖြစ်လို့ သင်ခန်းစာတွေ ကြိုတင်လေ့လာထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားပါတယ်။
အခြေခံပညာနဝမတန်း စနစ်ဟောင်းကို တက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့မှာ အသက် ၁၇ နှစ် ပြည့်ပြီးသူတွေ ဖြေဆိုနိုင်မယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဆေးအကဲဖြတ်ရာမှာ အရင်စနစ်ဟောင်း ဒသမတန်း သင်ရိုးညွှန်းတမ်းကို အခြေခံမှာ ဖြစ်ပေမဲ့ အလွတ်ကျက်မှတ်တာကို အားပေးတဲ့ မေးခွန်းတွေအစား ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ဆိုင်ရာ သိရှိနားလည်သဘောပေါက်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး အသုံးချနိုင်မှုနဲ့ လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး ပြဿနာတွေကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှုဆိုတဲ့ ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားတွေဖြစ်မယ်လို့လည်း ဆိုပါတယ်။
လက်ရှိကာလမှာ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျောင်းသား၊ ကျောင်းသူတေတွေ အဆင်ပြေစေဖို့အတွက် အင်တာနက်ရတဲ့ ဒေသတွေမှာ အွန်လိုင်းကဖြေဆိုတာ၊ အင်တာနက်ခက်ခဲတဲ့ ဒေသတွေမှာတော့ အင်တာနက်မလိုတဲ့နည်းပညာသုံး ဖြေဆိုစေမှာဖြစ်သလို နယ်မြေစိုးမိုးမှုရှိပြီး လုံခြုံရေးအာမခံချက်ရှိတဲ့ ဒေသတွေမှာတော့ မြေပြင်ဖြေဆိုတာမျိုး လုပ်မယ်လို့လည်း ဆိုပါတယ်။
မေးခွန်းတခုစီအတွက် နိုင်ငံတကာစစ်ဆေး အကဲဖြတ်ပုံစံတွေအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြု ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရတဲ့ ပုံစံနဲ့ ဖြေဆိုချိန် ၂ နာရီပေးမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။
လာမယ့်နှစ် ဖေဖော်ဝါရီလ ပထမအကြိမ်မှာ ပါဝင်ဖြေဆိုဖို့ ခက်ခဲတဲ့ သူတွေအတွက် ဩဂုတ်လမှာ ဒုတိယအကြိမ်ဖြေဆိုနိုင်မယ်လို့ ဆိုပါတယ်။
စစ်ဆေးအကဲဖြတ်တဲ့ ရလဒ်တွေထုတ်ပြန်ရာမှာလည်း ဘာသာရပ်တခုမှာ ကျရှုံးရုံနဲ့ ဘာသာရပ်အားလုံးကို ပြန်ဖြေရတဲ့ စနစ်သုံးမှာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စွမ်းရည်အပေါ် အခြေပြုတဲ့ ရလဒ်အဆင့်တွေထုတ်ပြန်ပေးမည်ဖြစ်ပြီး ဆက်လက် သင်ယူမယ့် အဆင်မြင့်ပညာ ဒါမှမဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းတွေရဲ့ ဝင်ခွင့် သတ်မှတ်ချက်တွေအပေါ်မူတည်ပြီး ပြန်လည်ဖြေဆိုဖို့လိုအပ်တဲ့ ဘာသာရပ်တွေကိုပဲ ထပ်ဖြေကြရမယ်လို့ ဆိုပါတယ်။
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ မိဘပြည်သူတွေ သိထားရမယ့်အချက်တွေကို ပညာရေးဝန်ကြီးဌာနက အချိန်မီဆက်ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ ပါဝင်နေသူတွေ၊ မသန်စွမ်းသူတွေ၊ စစ်ဘေးသင့် ပြည်သူတွေအတွက် သင့်တော်မယ့် ကြားကာလ ဒါမှမဟုတ် တော်လှန်ရေးလွန်ကာလမှာ အထူးပညာသင်ကြားရေးစနစ်နဲ့ စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုရေး အစီအစဉ်တွေကို သီးသန့် အကောင်အထည်ဖော်ပေးမယ်လို့လည်း ဆိုပါတယ်။
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ပတ်သက်ပြီး မြို့နယ်တချို့က ပညာရေးဘုတ်အဖွဲ့တွေကလည်း အသိပေးထုတ်ပြန်ထားသလို အဲဒီတက္ကသိုလ်ဝင်တန်းကလွဲပြီး တခြားအတန်းအားလုံးက ကျောင်းသားကျောင်းသူတွေကိုတော့ သတ်မှတ်အရည်အချင်း ပြည့်တယ်ဆိုရင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အတန်းကူးပြောင်းပေးမယ်လို့ ဆိုပါတယ်။