close

၁၀ တန်း

close

June 18, 2022

၁၀ တန်း စာမေးပွဲကျရှုံးသူများနှင့် စာမေးပွဲမဖြေခဲ့သည့် ကျောင်းသားများအတွက် ၂၀၂၃ တွင် စာမေးပွဲ ကျင်းပပေးမည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက် ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ၂၀၂၃ ခုနှစ်မှာ နောက်ဆုံး တကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ဇွန် ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပြီးနောက်အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ တန်းစာမေးပွဲကို မြန်မာတနိုင်ငံလုံးရှိ စာစစ်ဌာန ၆၉ ခုနဲ့ နိုင်ငံခြားစာစစ်ဌာနကနေ ကျောင်းသားပေါင်း ၂၈၁,၇၅၁ ယောက် ဝင်ရောက်ဖြေဆိုရာမှာ ၁၃၂,၀၇၇ ယောက် အောင်မြင်ခဲ့ပြီး တဝက်ကျော်လောက် ကျရှုံးခဲ့တယ်လို့  ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံအတိုင်းအတာအရ အောင်ချက်ရာခိုင်နှုန်းက ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိရာမှာ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့က ဒုတိယနဲ့ တတိယ အောင်ချက်အကောင်းဆုံး ရရှိခဲ့တာဖြစ်ပြီး  တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မှာတော့ ဝင်ရောက်ဖြေဆိုသူ ၂,၂၅၉ ယောက်မှာ အောင်မြင်သူ ၆၀၅ ယောက်၊ ရာခိုင်နှုန်းအနေနဲ့ ၂၆ ဒသမ ၇၈ ရာခိုင်နှုန်းနဲ့ အောင်ချက်အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

အခု စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူ အများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့  ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော်သာ စာရင်းပေးခဲ့ကာ ဒီအထဲက ၂၈၀,၀၀၀ ကျော်သာ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးလုပ်ဆောင်မှုတွေ အားလုံးကို အသိအမှတ်မပြုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြေညာထားပြီး စာမေးပွဲကို မဖြေဆိုဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသား ၇ သိန်းကျော်ကို သမိုင်းတွင်မယ့် ကျောင်းသားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု၊ အလေးပြု၊ ဂုဏ်ပြုလိုက်တယ်လို့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနဲ့ တသားတည်းရပ်တည်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေ အားလုံးကို အလေးအမြတ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်ထက် ၁၀ တန်းစာမေးပွဲအောင်မြင်မှုအပေါ် ထောက်ခံသူတွေနဲ့  ဝေဖန်သူတွေအကြား အမြင်မတူမှုတွေရှိနေသလို စစ်ကောင်စီဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းတွေမှာ ပညာသင်ကြားဖို့ မသင်ကြားဖို့နဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေအကြား သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ 

2 hours Ago

March 15, 2020

ကံမမြို့တွင် ၁၀ တန်းလာဖြေသူ ကျောင်းသား ၁၃ ဦး အစာအဆိပ်သင့်

မကွေးတိုင်း၊ ကံမမြို့မှာ ၁၀ တန်းလာဖြေတဲ့ ကျောင်းသား ၁၃ ဦး အစာအဆိပ်သင့်ကာ ဆေးရုံတင်လိုက်ရပါတယ်။ မကွေးတိုင်း၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာက အ.ထ.က ခွဲကနေ ကံမမြို့ကို တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့လာတဲ့  ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ စုစုပေါင်း ၂၈ ယောက် မတ် ၁၄ ရက်နေ့မှာ အစာအဆိပ်သင့်ပြီး ကံမမြို့နယ် ပြည့်သူ့ဆေးရုံကြီးကိုရောက်ရှိလာခဲ့တာပါ။  အဲ့ဒီထဲက အခြေအနေကောင်းသူတွေကို ပြန်ဆင်းခိုင်းလိုက်ပြီး ဆေးရုံမှာ ၁၃ ယောက်ပဲ စောင့်ကြည့်ဖို့ ကျန်နေသေးတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇော်ဝင်းထံက သိရပါတယ်။  ကလေးတွေ ခဏနေထိုင်တဲ့ ကွမ်းခြံ အမက ၄ ကျောင်းကို သွားပြီး အိမ်သာ၊ သူတို့သောက်သုံးတဲ့ ရေနဲ့ သားသောက်တဲ့ ဟာတွေကိုပါ သွားစစ်ဆေးကြည့်တဲ့အခါမှာ ပထမရက်က ကျန်တဲ့ဟင်းကို နွေးစားကြတဲ့အတွက် ဖြစ်တယ်လို့ ယူဆရကြောင်း ကံမ မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်က ပြောပါတယ်။ ဆေးရုံမှာ ဆက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်ပါက ဆေးရုံမှာ စာမေးပွဲဖြေဆိုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
2 years Ago
Up