close

၁၂ လအကြာ မြန်မာနိုင်ငံရေးသရုပ်သကန်

close

February 1, 2022

၁၂ လအကြာ မြန်မာနိုင်ငံရေးသရုပ်သကန်

အလေဏတောစစ်အုပ်စု အာဏာလုယူခဲ့တာ ၁၂ လပြည့်ပြီ။ တနှစ်ပြည့်ခဲ့ပြီလို့ ဆိုကြပါစို့။ အဲဒီ တနှစ်ပြည့်ပြီဆိုပေမဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကတော့ ဗြုတ်စဗျင်းတောင်းအခြေအနေမှာပဲ ရှိနေခဲ့တယ်။ ဒါဖြင့် ဘာတွေ  ဖြစ်ခဲ့လဲ။ ဘာတွေ ထူးခြားလာခဲ့လဲ ဆိုတာတွေကို တနှစ်တာ မြန်မာ့နိုင်ငံရေး အခြေအနေကို ပြန်လည်ငဲ့စောင်းလို့ ကြည့်ရအောင်။

ပထမဆုံး ပြောရမှာကတော့ ဒုတိယကမ္ဘာစစ်နဲ့အတူ ပေါ်လာခဲ့ပြီး နှစ်ပေါင်းများစွာ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ ‘ဗမာ့တပ်မတော်’ ဆိုတာကြီးကတော့ ‘လူထုချဉ်ဖတ်’အဖြစ် ရောက်ပြီး ကုန်းကောက်စရာ ဂုဏ်သိက္ခာလည်း မရှိသလောက် ကျဆုံးသွားခဲ့ခြင်းပါပဲ။ သံဝေဂယူစရာလို့ မဆိုချင်ပေမယ့် သင်ခန်းစာယူဖို့ကောင်းလှပါတယ်။ တချိန်ကတော့ လွတ်လပ်ရေးဆိုတာနဲ့အတူ မြန်မာ့တပ်မတော်ကို ပြည်သူအားလုံးနီးပါး လေးစားဂုဏ်ယူစရာတခု ဖြစ်ခဲ့တယ်။ အလေဏတော စစ်အုပ်စု အာဏာလုယူပြီးနောက်မှာတော့ တပ်မတော်ဆိုတာ ‘ပြည်သူ့ရန်သူ’ ဖြစ်သွားခဲ့ပါပြီ။ လူထု ‘အော့နှလုံး’နာစရာ တံတွေးခွက်ရဲ့ သရုပ်သကန်ပါပဲ။

ဒါကြောင့် ပြည်သူလူထုဟာ ‘တပ်မတော်နေရာ လေဟာနယ်ကို ‘ပြည်သူ့ကာကွယ်ရေးတပ်တော်’ အဖြစ် PDF နဲ့ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အစားထိုးလိုက်ကြပါတော့တယ်။ ဒါဟာ မြန်မာတပ်မတော်ရဲ့ ဒုတိယမြောက် သရုပ်သကန်ပါပဲ။ အာဏာလုယူမှု တနှစ်ပြည့်မှာ မြန်မာ့နိုင်ငံရေးထူးခြားချက်တခုအသွင် မြင်လိုက်ရခြင်းပါပဲ။ “ပြည်သူကို ပစ်ရန် သေနတ်မောင်းဆွဲလိုက်ကတည်းက စစ်သားမဟုတ်တော့ဘဲ ရာဇဝတ်ကောင်ဖြစ်သွားပြီ" ဆိုတဲ့ ထိုင်းကာ/ချုပ် ပြောစကားလိုပါပဲ။ အလေဏတော စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်ကောင်များအဖြစ် ရောက်ရှိသွားခဲ့ပါတော့တယ်။ 

တတိယမြောက် သရုပ်သကန်ကတော့ အာဏာလု အလေဏတောစစ်အုပ်စုဟာ တနှစ်ကြာအထိ အာဏာကို လုယူထားပေမဲ့ တနိုင်ငံလုံးကို မအုပ်ချုပ်နိုင်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူလူထုအနေနဲ့ကလည်း အခုချိန်ထိ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ နိုင်ငံအနှံ့ နေ့စဉ် ရှိနေဆဲပါ။ လက်နက်ကိုင်တိုက်ပွဲတွေကလည်း တိုင်းရင်းသားဒေသတွေသာမက မြေပြန့်ဒေသတွေအထိ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တယ်။ စစ်ဘေးကြောင့် ထွက်ပြေးရတဲ့ ပြည်သူအရေတွက်ဟာ နေ့စဉ် တိုးပွားနေဆဲပါ။ ဒီလိုအခြေနေတွေကို သုံးသပ်ပြီး နိုင်ငံတကာရဲ့ အမြင်မှာတော့ ‘စစ်အုပ်စုရဲ့ အာဏာသိမ်းခြင်းကို မအောင်မြင်တဲ့ အာဏာသိမ်းမှုတခု’ လို့ သတ်မှတ်လိုက်ကြပါတော့တယ်။ စစ်အုပ်စုအာဏာလုတာ တနှစ်ပြည့်ခဲ့ပေမယ့် နိုင်ငံအများစုကလည်း အစိုးရတရပ်အဖြစ် အသိအမှတ်မပြုကြတာလည်း တတိယမြောက် သရုပ်သကန်အဖြစ် မြင်တွေ့လိုက်ရတယ်။

အဲသလို ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်မပြုတဲ့ကြားထဲကပဲ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလုပ်မယ့် ကမ္ဘောဒီးယားက ဟွန်ဆန်ကတော့ မြန်မာနိုင်ငံကို ရောက်လာခဲ့တယ်။ အာဆီယံနိုင်ငံတွေရဲ့ သဘောထားမပါဘဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ရောက်လာခဲ့ပေမဲ့ သူ့ခရီးစဉ်ဟာ သူ့တကိုယ်ရေ အကျိုးစီးပွားအတွက် ရကောင်းရသွားခဲ့ပေမဲ့ အောင်မြင်တဲ့ခရီးစဉ်တခု ဖြစ်မလာခဲ့ဘူးလို့ မီဒီယာတွေမှာဖော်ပြ ဝေဖန်လာခဲ့တယ်။ ဟွန်ဆန်ရဲ့ ခရီးစဉ်အပြီးမှာတော့ အပစ်အခတ်ရပ်စဲဖို့ နေနေသာသာ စစ်အုပ်စုရဲ့ စစ်ရေး စစ်ဆင်ရေးဟာ လေယာဉ်သုံးပြီး လူထုကို ပစ်ခတ်သတ်ဖြတ်ရုံမက စစ်ဘေးရှောင်ပြည်သူကိုပါ ဗုံးကြဲတိုက်ခိုက်သည်အထိ အတင့်ရဲလာတာကိုလည်း တွေ့မြင်ရပါတယ်။ အလေဏတော စစ်အုပ်စုနဲ့ ဆက်ဆံသူမှန်သမျှ ဂုဏ်သိက္ခာဆုံးရှုံးမှုနဲ့ အရှက်ရဖွယ်ရာပဲ ဖြစ်နေလေရဲ့။ ‘မသူတော်အချင်းချင်း သဘောလွေ့လွေ့ ပေါင်းဖက်ပွေ့ကြ’ ဆိုစကားလိုပါပဲ။ ငါးကို နံ့သာဖက်နဲ့ထုပ်ရင် နံ့သာဖက်လည်း အညှီစွဲသတဲ့။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားလိုက်တာကြောင့် အာဆီယံ အစည်းအဝေးကို တခြားအဖွဲ့ဝင်နိုင်ငံတွေက မတက်ရောက်တာကြောင့် အစည်းအဝေး ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အာဆီယံ အခြေအနေဟာလည်း နှစ်ခြမ်းကွဲသွားနိုင်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက သုံးသပ်ရှုမြင်လာကြတာလည်း တွေ့နေရတယ်။ ဒါဟာ ဟွန်ဆန်ခရီးစဉ်ရဲ့ ရလဒ်တခုပါပဲ။ ‘မြန်မာပြည်သူလူထုဟာ အလေဏတော စစ်အုပ်ကိုတင် တိုက်နေရတာမဟုတ်ဘဲ တရုတ်၊ ရုရှား၊ အီရန်နဲ့ ဟွန်ဆန်ကိုပါ တိုက်နေရတယ်’ လို့ ဝေဖန်ကြတာတွေလည်း ရှိနေပါတယ်။

အာဏာလုယူမှု တနှစ်ပြည့်ချိန်မှာ စစ်တပ်ရဲ့လူထုအပေါ် ဖိနှိပ်မှုကတော့ လူမဆန်လောက်အောင် တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရခြင်းပါပဲ။ စစ်ရေးမှာလည်း ‘ကြည်းတပ်’ သာမက လေယာဉ်နဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တဲ့အထိ တိုးမြှင့်လုပ်ဆောင်လာတယ်။ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ကျေးရွာတွေကို မီးရှို့၊ ပစ္စည်းလုယူ၊ သတ်ဖြတ် တိုက်ခိုက်လာတယ်။ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေကို သက်သေခံနဲ့တကွ တွေ့ရှိလာတယ်။ ဒါတွေကြောင့်လည်း ပြည်သူလူထုဟာ အလေဏတော စစ်တပ်ကို ‘လူသတ် မုဒိမ်း စစ်ဓားပြ’အဖြစ် သတ်မှတ်ထားပြီး တပ်မတော်လေဟာနယ်ကို ‘ပြည်သူ့ကာကွယ်ရေးအင်အားစု’နဲ့ အစားထိုး လက်ခံလိုက်ကြခြင်းပါပဲ။

ကမ္ဘာ့မီဒီယာတွေနဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေကတော့ “စစ်တပ်က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး လူထုကိုပါ ပစ်ခတ်သတ်ဖြတ်နေတာကြောင့် မျက်မှောက်စစ်ရေး အခြေအနေတွေ ကောင်းသွားနိုင်သလား” ဆိုတဲ့အမေးတွေ ပေါ်ထွက်လာခဲ့တယ်။ အဲဒီအမေးတွေ ကြားမှာပဲ ‘ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ အသံတိတ် သူတို့အုပ်ချုပ်ရေး ခိုင်မာအောင် တိုင်းရင်းသားလက်နက်ကိုင်များ အင်အားစုဘက်က တည်ဆောက်နေတာကိုလည်း တွေ့နေရတယ်။ တချို့တိုင်းရင်သားနယ်မြေတွေမှာတော့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေးအထိ တိုးမြှင့်လုပ်ဆောင်လာနိုင်တာကို တွေ့လာရတယ်။

ထိုနည်းတူ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ လူထုကယ်ဆယ်ရေးတို့ တည်ဆောက်နေမှုကိုလည်း တွေ့မြင်နေရတယ်။ အထူးခြားဆုံးကတော့ ဆန္ဒပြ ပြည်သူလူထုလုံခြုံရေးကို ပီဒီအက်ဖ်တွေက ခြံရံစောင့်ရှောက်ပေးနေတဲ့ မြင်ကွင်းတွေပါပဲ။ ဒါဟာ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်မှုကို ပြတာဖြစ်သလို ဒေသဆိုင်ရာ ပီဒီအက်ဖ်တွေရဲ့ အုပ်ချုပ်ရေး လွှမ်းမိုးထားနိုင်မှုကို ပြသရာလည်း ရောက်တယ်။  

တချိန်တည်းမှာပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ‘၂၀၂၂ထဲမှာ အပြီးပြတ်ဖြစ်စေရမယ်’လို့ ကြွေးကြော်လာခဲ့တာလည်း တွေ့နေရတယ်။ တချို့ တိုင်းရင်းသားဒေသတွေမှာလည်း မြို့ပြပြောက်ကျားတော်လှန်ရေး ဆင်နွှဲပြီး နယ်မြေထိန်းချုပ်ရေးအထိ တဆင့်တက် လုပ်ဆောင်တာကိုလည်း တွေ့လာရတယ်။ စစ်ရေးလေ့လာသုံးသပ်သူအချို့ကတော့ “တချို့တိုင်းရင်းသားနယ်တွေမှာ အချိန်တခုရောက်တာနဲ့ တပြိုင်တည်းထိုးစစ်ဆင်နွှဲလိုက်ရင် လွတ်မြောက်နယ်မြေ ဖြစ်ပြီး အုပ်ချုပ်ရေးကိုပါ ကျွဲကူးရေပါလုပ်နိုင်တဲ့ အခြေအနေမှာရှိနေပြီ။ တိုင်ပင်ပေးမယ့်အချိန်တခုကို စောင့်နေဟန်ပဲ”လို့ ဆိုကြပါတယ်။ 

အပစ်အခတ်ရပ်စဲရေး NCA ပြဿနာကတော့ အိပ်မက်မက်နေတဲ့အဖွဲ့တွေလည်း ရှိနေတာကို တွေ့ရတယ်။ တချို့အဖွဲ့တွေကတော့ တဦးချင်း ကိုယ်ကျိုးစီးပွားကြောင့် NCA ကို မစွန့်ခွာနိုင်ဘဲ ဖြစ်နေကြတာကိုလည်း တွေ့နေရတယ်။ အာဏာသိမ်းစစ်အုပ်စုကလည်း သူတို့ လုပ်နေကျ ပရိယာယ်အတိုင်း အပစ်အခတ်ရပ်စဲရေးခေါ်ရင်း၊ စစ်ရေးအရ လေယာဉ်ပါသုံးပြီး ဖိအားပေး ကမ်းလှမ်းနေတာလည်း တွေ့ရတယ်။ ဒါ့အပြင် လူမျိုးစုအကျိုးစီးပွားမပါပဲ ခေါင်းဆောင်တဦးချင်း အကျိုးစီးပွားအတွက် လုပ်ငန်းကိုင်ငန်း အခွင့်အရေးပေးပြီး စည်းရုံးနေတာကိုလည်း တွေ့နေရတယ်။ လူမျိုးစု အကျိုးစီးပွားထက် တဦးချင်း အကျိုးစီးပွားမက်လုံးကို မျှော်ကိုးပြီး မျက်စာင်းထိုးကြည့်နေတဲ့ ခေါင်းဆောင်အချို့ကိုလည်း မြင်တွေ့လိုက်ရတယ်။ တချို့ကတော့ NCAကို ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်လာကြတာလည်း ရှိပါတယ်။ 

ဒီလိုအခြေနေမှာဘဲ အလေဏတော စစ်အုပ်စုအတွင်းမှာ ဦးပိုင်အမြတ်ငွေနဲ့ပတ်သက်ပြီး အကျိုးအမြတ် ခွဲဝေပေးခြင်းမရှိတော့တဲ့ ပြဿနာတရပ် ပေါ်ထွက်လာခဲ့တယ်။ နှစ်စဉ် အောက်တိုဘာလမှာ တနှစ်တာ အကျိုးအမြတ်ခွဲ ဝေပေးလေ့ရှိပေမယ့် အခုချိန်မှာတော့ နှစ်ကုန်သွားပေမယ့် ဘာအကျိုးအမြတ်ခွဲဝေမှု မရှိတော့တဲ့အပေါ်မှာ မကျေနပ်သံတွေ ဆူဆူညံညံ ထွက်လာတာလည်း တွေ့ရတယ်။ ပြည်သူလူထုကလည်း ဦးပိုင်ထုတ်ကုန်မှန်သမျှ သပိတ်မှောက်ကြတဲ့ ပြဿနာနဲ့ စစ်အုပ်စုဟာ ရင်ဆိုင်နေရတယ်။  တိုင်းရင်သားနယ်မြေတွေမှာနဲ့ ပီဒီအက် လွှမ်းမိုးရာနေရာတွေမှာ ဦးပိုင်ထုတ်ကုန် မရောင်းချရေးလှုပ်ရှားမှုဟာ အောင်မြင်ရနေတာကိုလည်း တွေ့ရတယ်။ ဒါဟာလည်း တိုင်းရင်းသားနယ်မြေအချို့မှာ ဒေသ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်ရေးဩဇာ မြင့်မားတာကို ပြနေတာပါပဲ။

တနှစ်ကြာသည်အထိ မဲစာရင်းအမှားကို အကြောင်းခံပြီး အာဏာလုယူခဲ့ပေမယ့် ကိုယ်တိုင် မဲပေးခဲ့တဲ့လူထုရဲ့ မယုံကြည်မှုကြောင့် ဘုန်းကြီးတွေကတဆင့် ဝါဒဖြန့်ချိဖို့ ကြိုးစားပြင်ဆင်လာတာကိုလည်း တွေ့နေရတယ်။ သံဃနာယကဘုန်းတော်ကြီးအဆင့်ဆင့်ကို ဖိတ်ကြားပြီး ဝါဒဖြန့်ချိရေးစာအုပ်တွေကို ဖြန့်ဝေပေးဖို့ စစ်အုပ်စုက စေခိုင်းခဲ့တာကြောင့် တောင်ငူမြို့၊ မြစည်းခုံဆရာတော်က “ဒါကတော့ သာသနာတော်နဲ့မဆိုင်တဲ့အလုပ်ကို စေခိုင်းတာကြောင့် မလုပ်နိုင်ပါ”လို့ ငြင်းဆန်ရတဲ့ အခြေအနေထိ ဆိုးဆိုးဝါးဝါး တွေ့နေရပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ ‘ဒါဟာ စစ်အုပ်စုရဲ့ နောက်ဆုံးကုထုံးဖြစ်ဟန်ရှိတယ်’လို့ ပြောသံတွေလည်း ကြားနေရတယ်။

တကယ်တာ့ မြန်မာပြည်သူတွေဟာ စစ်ရာဇဝတ်ကျူးလွန်သူတွေရဲ့ သားကောင်ဖြစ်နေခဲ့တာ ကြာပါပြီ။ အလေဏတောစစ်အုပ်စုရဲ့ လူသားအမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေဆဲ ဖြစ်တဲ့ အခြေအနေဆိုးကြီးကို အကာအကွယ်ပေးဖို့ တာဝန်ဟာ ကမ္ဘာ့ကုလသမဂ္ဂအပေါ် ကျရောက်နေသလို လျစ်လျူပြုရန်မသင့်တဲ့ အနေအထားကို ရောက်ရှိနေခဲ့ပါတယ်။ 

ဒါကြောင့်လည်း ဇန်နဝါရီ ၂၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီစည်းဝေးပွဲမှာ သံအမတ်ကြီးဦး ကျော်မိုးထွန်းက “အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ရာဇဝတ်မှု ကျူးလွန်နေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဥပဒေတွေကို ချိုးဖောက်နေတယ်။ ဒါကြောင့် ကုလသမဂ္ဂပဋိညာဉ် စာတမ်းမှာ ပြဋ္ဌာန်းထားချက်တွေအတိုင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နည်းလမ်း ပေါင်းစုံသုံးပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အချိန်မီ ပြတ်ပြတ်သားသား အကာအကွယ်ပေးဖို့ လိုတယ်”လို့ တင်ပြခဲ့ပါတယ်။ စစ်အုပ်စုအဖို့တော့ ရန်သူပတ်လည်းဝိုင်းနေတဲ့ စိန်ခေါ်မှုတွေကြားကနေ ထွက်ပေါက်မဲ့တဲ့ အနေအထား ရောက်ရှိနေပြီလို့ ဆိုမှာပါ။ ‘အရှင်ထွက်နဲ့အသေထွက်’ ဘယ်အရာ ရွေးမလဲ ဆိုတာကတော့ စစ်အုပ်စုခေါင်းဆောင်တွေပဲ ရွေးချယ်ကြရမှာပါ။

ကမ္ဘာကြီးကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်ပေါ် ဆွဲတင်နေကြပေမယ့် စစ်အုပ်စုကတော့ ငြင်းဆန်နေဆဲပါပဲ။ လက်သည်းကြားကပ်နေတဲ့ အာဏာအညစ်ကြေးကို မစွန့်ရက်နိုင်အောင် ရှိနေလေရဲ့။ ပြည်သူလူထုအနေနဲ့ကလည်း စစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နာကြည်းမှု အထွတ်အထိပ် ရောက်နေခဲ့တယ်။ ဒါကြောင့် ‘ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ လက်ရှိ စစ်အုပ်စု အမြစ်ဖြတ် အဆုံးသတ်ရေးအထိ အရောက်သွားဖို့ ဆုံးဖြတ်ထားဟန်ပါပဲ။

ပြည်သူလူထုအများစုကတော့ ‘စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ အနာဂတ်နိုင်ငံတော်အတွက် သမိုင်းပေးတာဝန်တရပ်ဖြစ်သလို သမိုင်းရဲ့အဆုံးအဖြတ်လည်း ဖြစ်တယ်။’ ဒီအဆုံးအဖြတ်မှာ ပြည်သူတရပ်လုံး ညီညီညွတ်ညွတ် ပါဝင်လာခဲ့တာကြောင့် ‘ပြည်သူတရပ်လုံးနဲ့ အာဏာလုစစ်အုပ်စု’ တိုက်ပွဲဖြစ်သလို ပြည်သူ့နွေဦးတော်လှန်ရေးအဖြစ် ပေါ်ထွက်လာခဲ့တာပဲ ဖြစ်တယ်။ 

ကမ္ဘာကြီး မျှော်လင့်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကုထုံးဟာ ဆေးမမီတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တကယ်တော့ ‘လက်ရှိ မြန်မာ့လူထုအနေအထားကိုကြည့်ရင် မအောင်မြင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကို ပြန်ပေးဆွဲထားပြီး အာဏာမိုက်ကြေးတောင်းတဲ့ ပြန်ပေးဂိုဏ်းကို ရင်ဆိုင်နေရတာနဲ့ တူနေတယ်။ ပြန်ပေးသမားနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်ပေးသမားတောင်းတဲ့ကြေးကို ပေးပြီး ရွေးယူလိုက်တာဟာ ရာဇဝတ်မှု အားပေးသလို ဖြစ်တယ်’ ဆိုတဲ့ လူထုအမြင်ကတော့ အဆုံးအထိ သွားလိုဟန်ရှိနေကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။

အခု ဖော်ပြခဲ့တာတွေကိုတော့ အာဏာလုယူခြင်း တနှစ်ပြည့်မှာ ‘မြန်မာ့နိုင်ငံရေးသရုပ်သကန်များ’ အဖြစ် အနှစ်ချုပ် တင်ပြလိုက်ရပါတယ်။ 

ဂန္ထဝင်မောင်ထူး

26 seconds Ago
Up