ကမ္ဘာ့ဖလားအုပ်စု D ပွဲစဉ်တွေကို ဒီနေ့ည တပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ပြီး ဩစတြေးလျအသင်းက ဒိန်းမတ်အသင်းကို အနိုင်ယူကာ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
ဒိန်းမတ်အသင်းက ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂိုးကန်သွင်းခွင့်အချို့ ရရှိခဲ့ပေမယ့် ဩစတြေးလျ ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ ဩစတြေးလျ တိုက်စစ်မှူး လပ်ကီးက ဒိန်းမတ်နောက်ခံလူ နှစ်ယောက် တားဆီးနေတဲ့ကြားက ဂိုးသမားရဲ့ ဘယ်ဘက်တောင့်ကို လှလှပပ သွားယူခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီနောက် ပွဲကစားချိန်ပြီးဆုံးချိန်ထိ နှစ်ဖက် ဂိုးမသွင်းနိုင်တော့ဘဲ ဩစတြေးလျအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာပါ။
အုပ်စု D မှာ ၂ ပွဲကစားပြီ ရမှတ် ၆ မှတ်နဲ့ ၁၆ သင်းအဆင့်ကို အစောဆုံးတက်ရောက်ခဲ့တဲ့ ပြင်သစ်အသင်းကတော့ တူနီးရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ တူနီးရှားအသင်းအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်မှာ ကာဇီးက သွင်းယူခဲ့တာပါ။
ကမ္ဘာ့ဖလား အုပ်စု D မှာ ရမှတ်တူ ၆ မှတ်စီ ဂိုးကွာခြားချက်အသာနဲ့ ပြင်သစ်အသင်းက အုပ်စုပထမ၊ ဩစတြေးလျအသင်းက အုပ်စု ဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။ တူနီးရှားအသင်းက ရမှတ် ၄ မှတ်၊ ဒိန်းမတ်အသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။