အမေရိကန်နိုင်ငံ နယူးယောက်မြို့က ၁၉ ထပ်အဆောက်အအုံမှာ အပူပေးစက် ချွတ်ယွင်းပြီး ဇန်နဝါရီ ၉ ရက်က မီးလောင်ခဲ့လို့ ကလေး ၉ ယောက် အပါအဝင် လူ ၁၉ ယောက် သေဆုံးတယ်လို့ မြို့အရာရှိတွေက ပြောပါတယ်။
တန်ဖိုးသင့် အိမ်ခန်းတွေပါတဲ့ အဆောက်အအုံမှာ မနက် ၁၁ နာရီလောက်က မီးစလောင်ခဲ့တာလို့ တာဝန်ထမ်းဆောင်တာ သီတင်းပတ် တပတ်ကျော်ပဲ ရှိသေးတဲ့ နယူးယောက် မြို့တော်ဝန် အဲရစ်ခ် အဒမ်က အတည်ပြုပါတယ်။
ဆေးရုံတင်ထားရတဲ့ အသက်အန္တရာယ်ရှိလောက်တဲ့ ဒဏ်ရာတွေနဲ့ လူ ၃၂ ယောက် အပါအဝင် လူ ၆၀ လောက် ဒဏ်ရာရထားတယ်လို့ အရာရှိတွေက ပြောပါတယ်။
ဟင်းလင်းပြင် အပူပေးစက်ကြောင့် မီးလောင်တာလို့ နယူးယောက်မြို့ မီးသတ် ကော်မရှင်နာမင်းကြီး ဒယ်နီယယ် နီဂရိုးက ပြောပါတယ်။
တိုက်ခန်းတွဲထဲ အဝင်လမ်း တံခါးကို နေထိုင်သူတွေက ပြန်မပိတ်ခဲ့လို့ မီးခိုးတွေက အဆောက်အအုံတခုလုံးကို ပျံ့ကုန်တဲ့အတွက် လူတွေ သေဆုံး အသက်လုရတဲ့အထိ ဖြစ်ကုန်တာလို့ သူက ဆက်ပြောပါတယ်။
အဆောက်အအုံဟာ ဒုတိယထပ်နဲ့ တတိယထပ်ကိုသာ လောင်တာ ဖြစ်ပေမယ့် တံခါးမပိတ်တာကြောင့် မီးခိုးတွေ အကုန်ပျံ့ပြီး မီးခိုးရှူမိလို့ သေဆုံးထိခိုက်ကြတာလို့ နီဂရိုးက ဆက်ပြောပါတယ်။
သေဆုံး နာမကျန်းဖြစ်သူတွေကို အထပ်တိုင်းက လှေကားမှာ တွေ့ခဲ့ရပြီး အသက်ရှူနှလုံးခုန် ရပ်နေတဲ့သူတွေကို ကယ်ထုတ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ဝင်ငွေနိမ့် အိမ်ရာတွေရဲ့ ဘေးကင်းရေး စံချိန်တွေကို ဒီဖြစ်ရပ်က မေးခွန်းထုတ်ခဲ့တာပါ။ ဒါဟာ အမေရိကန်မှာ ဒီအပတ်အတွင်း လူနေတိုက်ခန်းတွဲ အကြီးစားမီးလောင်မှု ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း ဖီလဒယ်ဖီးယားမြို့ တိုက်ခန်းတွဲ အဆောက်အအုံမှာ မီးလောင်လို့ ကလေး ၈ ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။