အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကို ပြန်သွားမှာမဟုတ်ဘူးလို့ NUCC အဖွဲ့မှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်က ဒီကနေ့ အွန်လိုင်းကနေ ပြုလုပ်တဲ့ NUCC ပထမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင့်လူ့အဖွဲ့အစည်းဦးဆောင်သူ ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
NUCC ဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်စာတမ်းမူကြမ်းကို အားလုံးရဲ့ဘုံသဘောတူညီချက်နဲ့ ရရှိထားပြီဖြစ်ပြီး စစ်ကောင်စီဘက်က စေ့စပ်ရေးလမ်းကြောင်းပေါ်တက်လာရင်တောင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်သွားတော့မှာမဟုတ်ဘူးလို့ ကိုမင်းကိုနိုင်က ပြောဆိုခဲ့တာပါ။
"အရင်တုန်းက လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅နှစ် ကာလတစ်ခုကပေါ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ မတရားသဖြင့်အပြုကျင့်ခံခဲ့ရတဲ့ ကြမ်းကြုတ်မှုဒဏ်တွေကိုခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေကို မေးလေ့ရှိတာပေါ့နော်။ အဲ့ဒီလူတွေကို ခွင့်လွှတ်နိုင်မလားပေါ့။ အဲ့ဒီတုန်းက ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့ကြတာကိုး။ အဲဒီတုန်းကမေးသလိုဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်လွှတ်တယ်မခွင့်လွှတ်ဘူးဖြေရအောင် ပြုခဲ့တဲ့ကာယကံရှင်ကရော ခွင့်လွှတ်ပါ မှားသွားပါတယ်လို့ ဝန်ခံလို့လား။ ဒါအရေးကြီးတာနော်။ ခုလည်း ဒီလိုပဲသွားကြမှာလား။ စေ့စပ်ဆွေးနွေးရေးကို လက်မခံဘူးလားဆိုတဲ့မေးခွန်းလိုပဲ ဘယ်သူကစေ့စပ်ဆွေးနွေးရေးကို ဦးတည်နေလို့လဲ။ လက်တွေ့ဖြစ်နေတဲ့အခင်းအကျင်းတွေ အပြုအမူတွေကရော ဆွေးနွေးပွဲဖြစ်နိုင်တဲ့အခြေအနေမို့လို့လား။ ဒါကိုစဉ်းစားစေချင်ပါတယ်။ ယုတ္တိရှိရင်ကောင်းတယ်။ အခြေခံအချက်အလက်တွေအများကြီးလိုတယ်ဗျ။ ဖြေရှင်းမှုဆိုတာ ပုံသဏ္ဏာန်မျိုးစုံရှိတယ်။ စကားပြောပြီးဖြေရှင်းတာတွေရှိသလို တချို့ကြတော့ ခုခံပြီးတော့ ပြန်ပြီးဖြေရှင်းရတာတွေရှိတယ်။ မေးစရာရှိတယ်။ ကျနော်တို့က ၂၀၀၈ဖွဲ့စည်းပုံအောက်ကိုပြန်သွားမှာမဟုတ်ဘူးနော်။ ဒါကတော့ ကျနော်တို့င သေချာတယ်။ ဒီလောက်ဆိုရင်တော်တော်ကြီးကို သဘောပေါက်မယ်ထင်တယ်။ ပြီးတော့ အာမခံချက်တွေလိုတယ်။ အနာဂတ်ပြည်ထောင်စုမှာ လက်နက်ကိုင်ပြီးတော့ ဝင်ရောက်စိုးမိုးတဲ့အမူအကျင့်တွေကို တကယ်ပြောင်းလဲနိုင်လား။ အချက်အလက်တွေဟာ မေးခွန်းထုတ်စရာရှိတယ်။"လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုလည်း NUCC က ရေးဆွဲထားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်အတွက် ဆွေးနွေးတာတွေဆက်တိုက်ပြုလုပ်နေပါတယ်။
NUCC ကို မတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အလွှာအသီးသီးက အဖွဲ့အစည်း ၂၈ ဖွဲ့ပူးပေါင်းခေါင်းဆောင်မှုနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။
NUCCက ရေးဆွဲနေတဲ့ ပဋိညာဉ်ကိုမူကြမ်းနဲ့ ပတ်သက်ပြီးလည်း ကိုမင်းကိုနိုင် "ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို PDF နဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်နေတဲ့အဖွဲ့တွေဟာ ကာကွယ်ကြရမှာပဲ။ ကျနော်တို့ ပဋိညာဉ်တွေရေးပြီးပြီ။ ပဋိညာဉ်ကိုမူကြမ်းရပြီးပြီ သူ့လမ်းစဉ်နဲ့သူသွားနေတယ်။ အခြေခံအချက်အလက်တွေများစွာ အပေါ်မူတည်ပြီး ဆွေးနွေးရေးတို့ စတဲ့အချက်အလက်တွေဟာ တော်လှန်ရေးမြန်မြန်ပြီးဖို့အပေါ် စတဲ့အချက်အလက်တွေဟာ များစွာမူတည်ပါတယ်" လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ တော်လှန်ရေးကာလမှာပူးပေါင်းပါဝင်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့အပါအဝင် အဖွဲ့ ၈ဖွဲ့အထိရှိလာပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့အပါအဝင် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ကြဖို့ NUCC က တိုက်တွန်းဖိတ်ခေါ်နေပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ဒေါက်တာလျန်မုန်းဆာခေါင်းက” NUCC က ၆လတစ်ကြိမ် ပြည်သူ့ညီလာခံခေါ်ယူသွားဖို့ပြင်ဆင်နေပြီး ပထမဆုံးအကြိမ်ညီလာခံကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပနိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်သူ့ညီလာခံမှာပါဝင်ချင်တဲ့ အစုအဖွဲ့တွေနဲ့ ပြည်သူတွေ ဘယ်လိုချိတ်ဆက်ပါဝင်နိုင်မယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ်မဖြုတ်ချနိုင်ခင်ကြားကာလမှာ NUG က ကြားကာလအစိုးရ အဖြစ်တာဝန်ယူသွားမှာဖြစ်ပြီး အာဏာရှင်ကိုရှင်းလင်းပြီးရင်တော့ ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေနဲ့ အစိုးရကို ဖွဲ့စည်းနိုင်ဖို့ NUCC က ကြိုးစားနေပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ ခိုင်မာတဲ့ လိုလားတောင့်တချက်ဟာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံတဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံချက် ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်တယ်လို့ CRPH ကဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေဖို့ ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်တယ်၊ အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ခဲ့ပြီး ဖြစ်တယ်လို့ CRPH ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်တွေနဲ့ ဖက်ဒရယ်ဒီမို ကရေစီအင်အားစုတွေ စုပေါင်းဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာလည်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီ ဖြစ်တယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်မှာ အပြီးသတ် ဖျက်သိမ်းကြောင်း CRPH ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Federal Democracy Charter ကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့ မတ်လ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ဖို့၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ဖို့ ၊ ပြည်ထောင်စုရဲ့ လူမျိုးတွေအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့နဲ့ ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှတ်ပြီး အခုလို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ကြေညာလိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် ခေတ္တ ဒုတိယသမ္မတမန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ခေတ္တ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် မဖွဲ့စည်းမီ ကာလမှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမယ်လို့လည်း CRPH က သီးခြားထုတ်ပြန်ထားပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကိုင်စွဲပြီး ၂၀၂၁ ခုနှစ် ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစု အားလုံးနဲ့ လက်တွဲကာ ဒီပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်ကို စုပေါင်းခေါင်းဆောင်မှု စုပေါင်းအင်အားနဲ့ လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ Mandate အပြည့်အဝအပ်နှင်းထားတာဖြစ်ပါတယ်။