close

၂၀၂၁ တနှစ်တာ

close

January 5, 2022

၂၀၂၁ တနှစ်တာ မြန်မာ့သတင်းမှတ်တမ်း

ဇန်နဝါရီလ

ဇန်  ၁ ရက်

-ကဏ္ဍနယ်ပယ်အသီးသီးမှာ   နိုင်ငံသူ နိုင်ငံသားတို့အတွက် ပိုကောင်းတဲ့ အနေအထားတွေနဲ့ အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ ပြည်သူတွေနဲ့ လက်တွဲပြီး ဆက်လက်အားထုတ် ကြိုးပမ်းသွားမယ်လို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နိုင်ငံတကာ နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက် အမှာစကားပြော။

Photo-MOI

-၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ  ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့   နိုင်ငံရေး လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အန်စီအေလမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ပြော။

ဇန် ၄
-ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီးများ၊ အရပ်ဘက် ထူးချွန်သူများကို ဂုဏ်ထူဆောင် ဘွဲ့ တံဆိပ်များ သမ္မတ ချီးမြှင့်။
-တို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားအားလုံးစုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရန် သမ္မတက လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်ပြော။

ဇန် ၅  

-တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်ထဲက မြို့နယ် ၂၅ ခုမှာ ထပ် နေတဲ့ မဲစာရင်းတွေနဲ့ မဲမသမာမှု ဖြစ်စေနိုင်တဲ့ မဲစာရင်းအရေအတွက် ၅ သိန်း ၂ သောင်း ကျော် စိစစ်တွေ့ရှိခဲ့ရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၉ ကြိမ်မြောက် သတင်းထုတ်ပြန်။

- ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုပေါင်း ၁ ဒသမ ၀၁ သန်းအထိ တွေ့ခဲ့တယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက စွပ်စွဲပြောဆို။

-၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေ၊ ဆန္ဒမဲလက်မှတ်တွေနဲ့  အသုံးပြုမရတော့တဲ့ မဲရုံသုံးပစ္စည်းအဟောင်းတွေကို မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေက စတင် မီးရှို့ဖျက်ဆီး။ 

ဇန် ၇ 

-တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီမှာ  စတင်ခေါ်ယူကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်တွေက ကြေညာ။

ဇန် ၈ 

-ရွေးကောက်ပွဲကျင်းပရန် ကျန်နေသည့်  ရခိုင်ပြည်နယ်  ၉  မြို့နယ်နှင့်  ရှမ်းပြည်နယ်  ၁ မြို့နယ်၌ ရွေးကောက်ပွဲ အမြန်ကျင်းပရန်  တပ်မတော် တိုက်တွန်း။

ဇန် ၁၁

-တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့  နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ  ဦးဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ရောက်ရှိလာ။ 

ဇန် ၁၂

-ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့  တပ်မတော်သား ကိုယ်စားလှယ် ၁၆၀ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ပြည်ထောင်စုလွှတ်တော် နာယကဆီ စုစည်းတင်ပြတောင်းဆို။ 

- တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွေမှာ အမှားအယွင်းတွေရှိခဲ့ပြီး မဲမသမာမှုတွေ ရှိနိုင်တာကြောင့် မဲစာရင်းမှားတွေကို စိစစ်ပြီး ဒီမိုကရေစီမယိမ်းယိုင်အောင် ဆောင်ရွက်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောဆို။

ဇန် ၁၆

-နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူအပါအဝင် အကျဉ်းသားတွေ ရုံးထုတ်စစ်ဆေးခွင့်ရရှိရေးအတွက် အမျိုးသားရေး ဆရာတော်တွေအပါအဝင် လူတချို့  အင်းစိန်ထောင်ရှေ့ ဆန္ဒပြ။

-မန္တလေးတိုင်း မြင်းခြံမြို့မှာ  လူ ၃၀၀ ကျော်နဲ့ တပ်မတော်ထောက်ခံပွဲလုပ်ခဲ့လို့ ဦးဆောင်ကျင်းပသူ ၃ ယောက်ကို ဖမ်းဆီးခဲ့သလို မိတ္ထီလာမြို့မှာလည်း တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲတရားမျှတမှုဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲမှာ လူ ၃၀၀ ကျော်တဲ့အတွက် ဦးဆောင်သူကို သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်။ 

ဇန် ၂၀

-နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှား နိုင်စေဖို့  ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆို။ 

ဇန် ၂၂

-အိန္ဒိယနိုင်ငံအစိုးရက  မြန်မာနိုင်ငံအစိုးရကို လက်ဆောင်အဖြစ်ပေးအပ်ထားတဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေးတစ်သန်းခွဲ မြန်မာနိုင်ငံကို  ရောက်ရှိလာ။

ဇန် ၂၃

-မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးဖို့ နေပြည်တော် လူထုတွေ့ဆုံပွဲနဲ့ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ ပွဲလာရောက်သူတွေထဲက ၂ ယောက်ကို ရဲတပ်ဖွဲ့က စစ်ဆေး။

-ရန်ကုန်တိုင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ Sky star  hotel ရှေ့မှာ တပ်မတော်ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း တကိုယ်တော် ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ထားပေမယ့် ဝန်းရံသူတွေက ကြိုတင် ဆန္ဒပြခဲ့ကြတာကြောင့် ဝန်းရံသူများပြားခဲ့ပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး  ၆ ဦးကို ရဲက ဖမ်းဆီး။

ဇန် ၂၇

-ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဖျက်ပစ်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော။ 

ဇန် ၂၈

-မဲစာရင်းချို့ယွင်း အားနည်းချက်ကြောင့် မဲမသမာမှု အခြေအနေဖြစ်နိုင်စရာမရှိဘဲ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျော့ အပေးအယူနဲ့ ဘယ်လိုပုဂ္ဂိုလ် အဖွဲ့အစည်းကမှ ဥပဒေကိုကျော်လွန်ပြီး ပြောင်းလဲလို့မရဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ။

ဇန် ၂၉

-မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲရလဒ်ကို အားလုံးက လေးစားလိုက်နာကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း။ 

- ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့၊ မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို  ကန့်ကွက်တဲ့အကြောင်း မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေက ပူးတွဲကြေညာ။

-နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နဲ့ ပတ်သက်ပြီး လျှောက်ထားတဲ့စာချွန်တော်အမိန့် လက်ခံသင့်မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက အမိန့်မချဖြစ်ဘဲ အချိန်နှစ်လ နောက်ဆုတ်။

 -တပ်မတော်အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေ အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေက တိုက်တွန်း။

 -တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပမယ့်ရက်ကို ဖေဖော်ဝါရီ ၁ ရက်မနက်  ၁၀ နာရီအစား ဖေဖော်ဝါရီ ၂ ရက်  မနက် ၁၀ နာရီမှာ ပြောင်းလဲ ကျင်းပမယ်လို့ ကြေညာ။

ဇန် ၃၀

-ရွေးကောက်ပွဲအကြောင်းပြုပြီး လက်ရှိဖြစ်နေတဲ့ကိစ္စတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းကြဖို့ ဘာသာပေါင်းစုံအဖွဲ့ကြီးက မေတ္တာရပ်ခံ။  ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကလည်း လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်ရာအားလုံးပါဝင်မယ့် အရေးပေါ် အစည်းအဝေးတခု အမြန်ဆုံးခေါ်ယူဖို့ တောင်းဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးကတော့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမဲ့ ဘယ်အပြုမူမျိုးကိုမှ မလုပ်ကြဖို့ တာဝန်ရှိသူတွေကို တိုက်တွန်း။

-မြန်မာနိုင်ငံ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၃ သိန်း လှူဒါန်း။

-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲက ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း လိမ့်မယ်ဆိုတာ လိုရာဆွဲ အဓိပ္ပာယ်ဖွင့်နေတာလို့ တပ်မတော်က ထုတ်ပြန်။

-ရွှေတိဂုံဘုရားအနီး လူ ၅၀၀ ကျော် တပ်မတော်ထောက်ခံဆန္ဒပြပွဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူ ၂ ဦး ရိုက်ခံရ၊ သတင်းသမားများ ခြိမ်းခြောက်ခံရ။

ဇန် ၃၁

-လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ သောကမကင်းဖြစ်မိပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက တိုက်တွန်း။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီ ၁ ရက်

-နိုင်ငံတော်အာဏာကို  စစ်တပ်က သိမ်းယူလိုက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တွေကို  ဖမ်းဆီးထိန်းသိမ်း။

Photo-DSINFO

-ဒုသမ္မတ ဦးမြင့်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ၇ ဦးက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ။ 

-လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိနေသည့် နေပြည်တော် စည်ပင်ရိပ်သာရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးပိတ်ပင်ထား။

-အင်တာနက် ၊ မိုဘိုင်းဖုန်းနဲ့ ရုပ်မြင်သံကြားလိုင်းများကို ပိတ်ထား။ 

-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရ ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့စည်းဝင် အများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အပေါ် အကြီးအကျယ် စိုးရိမ်သောကရောက်ရကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်း။

-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တခြားခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အပြင်းအထန် ပြစ်တင်ရှုတ်ချ။

-ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတချို့ ဘန်ကောက်ရှိ မြန်မာသံရုံးမှာ သွားရောက် ဆန္ဒပြ။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း မြန်မာဒီမိုကရေစီ အင်အားစုတွေက ရွေးကောက် တင်မြှောက်ခံထားတဲ့ အန်အယ်လ်ဒီအစိုးရနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို  ထောက်ခံကြောင်းနဲ့   စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြ။

ဖေဖော်ဝါရီ ၂

-စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြီး တရုတ် ရုရှားတို့၏ သဘောတူညီမှုမရသဖြင့် ကြေညာချက်မထုတ်နိုင်။  

-ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရန်ကုန်၊ မန္တလေးတိုင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးတိုင်း၊ ပဲခူး၊ ကရင်၊ ကချင်၊ မွန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့  ပြန်လွတ်မြောက်လာ။

-စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မပါဝင်လိုကြောင်းထုတ်ဖော်ပြသတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတချို့ အလုပ်မသွားတာ၊ ဖဲကြိုးနက် တပ်ဆင်လှုပ်ရှားမှုစတင်ပြုလုပ်။ 

-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ-ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ပါဝင်တဲ့  ၁၁ ဦးပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း။ 

- စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူလိုက်တဲ့ အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့ခံ လူထုက ည ၈ နာရီမှာ သံပုံးတွေ တီးပြီး ကားဟွန်းတွေတီးကာ  ဆန္ဒထုတ်ဖော်။

Photo -MPA

ဖေဖော်ဝါရီ ၃

-စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဖဲကြိုးနီကမ်ပိန်း  စတင်။ စစ်အစိုးရလက်အောက် အလုပ်လုပ်မလုပ်လိုသည့် ဆရာဝန်များက CDM လှုပ်ရှားမှုကမ်ပိန်းလုပ်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များ ဆန္ဒပြမှုတွင်ပါဝင်သော်လည်း အရေးပေါ်လူနာများအားဆက်လက်ကုသပေးမည်ဟု ရန်ကုန်ဆေးရုံကြီးအ ရေးပေါ်ဌာနဆရာဝန်များကကြေညာ။

-၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော်ခေါ်ယူပေးရေးနဲ့ ဖမ်းဆီးခံထား ရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ နေပြည်တော်စည်ပင်ရိပ်သာမှာ ပိတ်မိနေတဲ့ အန်အယ်လ်ဒီ လွှတ်တော် အမတ်တွေက တောင်းဆို။

--နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေဖြင့်လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့်လည်းကောင်း တရားစွဲ။

ဖေဖော်ဝါရီ ၄

-အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံတွင်  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုကို ဖေဖော်ဝါရီ ၇ ရက်အထိ စတင်ကန့်သတ်ပိတ်ပင်။

-မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ကြေညာချက်ထုတ်တောင်းဆို။

-၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အလ်ဒီ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ကျမ်းသစ္စာကျိန်ဆို။

-မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအနည်းဆုံး ၃ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရ

ဖေဖော်ဝါရီ ၅

-စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ပညာရေးဝန်ထမ်းတွေ၊ တခြား ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေဟာ ဖဲကြိုးနီ ကမ်ပိန်းနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်။

-သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်းနဲ့ အာဏာသိမ်း စစ်အစိုးရဟာ တရားမဝင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကြေညာ။ 

- ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပြည်သူတွေကို စတင်ထိုးပေး။

ဖေဖော်ဝါရီ ၇

-မြို့နယ် ၄၀ ခန့်တွင် ပုဒ်မ ၁၄၄ ထုတ်ပြီး ဆန္ဒပြသူတချို့ကို ဖမ်းဆီး။

- စစ်အာဏာသိမ်း စစ်ဘက်ခေါင်းဆောင်တွေကို  ဆန့်ကျင်ပြီး စစ်အာဏာသိမ်းအစိုးရကို  ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က မိန့်ကြား။

ဖေ ၈

-နိုင်ငံတစ်ဝန်း မြို့ပေါင်း ၁၂၀ ကျော် စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ ။ ရန်ကုန်ဆန္ဒပြပွဲ တတိယနေ့ ပြည်သူသိန်းချီပါဝင် ။ တောင်ကြီးတွင် လူတစ်သိန်းကျော်ဆန္ဒပြ။ ဧရာဝတီတိုင်းတွင် ဝန်ထမ်းများအပါအဝင် မြို့နယ် ၂၀ ကျော်မှ လူတစ်သန်းကျော်ဆန္ဒပြ ။နေပြည်တော်တွင် ဆန္ဒပြသူများကို ရဲက ရေအမြောက်ဖြင့်ပစ်၍ လူများ ဒဏ်ရာရ။

-လက်နက်အားကိုး ဥပဒေမဲ့ အနိုင်အထက်ပြုပြီး ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းတာဟာ ရာဇဝတ်မှုမြောက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာ။ 

- ရန်ကုန်မှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ ရုံးမတက်လို့ ဘဏ်တွေ ပိတ်ထား

-အန်အယ်လ်ဒီ ဌာနချုပ်နှင့် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ရုံးတို့ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ပစ္စည်းအချို့ယူသွား။

ဖေဖော်ဝါရီ ၉

-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  နောက်ထပ် ငါးနှစ် တာဝန်ထပ်မံထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြဋ္ဌာန်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကြေညာ။

Photo-MPA

-နေပြည်တော် ဆန္ဒပြပွဲမှုတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိပ်နင်းသည့်ဖြစ်စဉ်တွင်  အသက်(၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် သည် ဦးခေါင်း သေနတ်ကျည်ဆန်ထိမှန်ပြီး  နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ တက်ရောက်ကုသခဲ့ပြီး  ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကွယ်လွန်။

ဖေဖော်ဝါရီ ၁၀

-စစ်အာဏာရှင် ဆန့်ကျင်ရေးအကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ  ပြည်သူတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကယားပြည်နယ်) ရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ပူးတွဲ ကြေညာ။

ဖေဖော်ဝါရီ ၁၁

-အာဏာသိမ်း မြန်မာတပ်မတော်ရဲ့  ထိပ်တန်း စစ်ဗိုလ်ချုပ် ၁၀ ယောက်အပါအဝင် စစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်း  ၃ ခုကို သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမိန့်အရ  ပိတ်ဆို့ဒဏ်ခတ်အရေးယူ။

-နိုင်ငံတဝန်း ပြည်နယ်/ တိုင်း/ ခရိုင်/  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများကို စစ်တပ်က ခေါ်ယူထိန်းသိမ်း။

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင်  တရားလက်လွတ် ဖမ်ဆီးခံထားရသူအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၇ နိုင်ငံက ကန့်ကွက်သူမရှိ  ဆုံးဖြတ်ချက်ချမှတ် တောင်းဆို

-မြို့အချို့တွင် CDM လုပ်သူများကို ရဲနှင့်စစ်တပ်က ဝင်ဖမ်း၍ ဒေသခံများက သံပုံးတီးတုံ့ပြန်၊ ဖျက်ဆီးရန်လာသူအချို့ကိုလည်း ဖမ်းမိထား။

ဖေဖော်ဝါရီ ၁၂

-နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၂၃၀၀၀ ကျော်ကို စစ်အစိုးရက ပြန်လွှတ်။

ဖေဖော်ဝါရီ ၁၆

-မြန်မာကို ခရီးမသွားရ အဆင့် ၄ အဖြစ် အမေရိကန် သတ်မှတ်၊ အရေးပေါ်အတွက် မဟုတ်သည့် အမေရိကန်ဝန်ထမ်း၊ သံရုံး မိသားစုများ မြန်မာက ထွက်ခွာရန် ထုတ်ပြန်။

-နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ Video Conferencing နဲ့  ရုံးထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံ ပုဒ်မတခု ထပ်တိုး။

ဖေဖော်ဝါရီ ၁၇

-စစ်အာဏာသိမ်းမှု ၁၇ ရက်မြောက်နေ့အဖြစ်  “သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး” လူထု လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်။  

နာမည်ကြီး အနုပညာရှင်  အကယ်ဒမီ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊  ကိုပေါက်၊ ဏကြီးနဲ့ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့ကို  အာဏာသိမ်းစစ်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတစ်ခုထပ်တိုးကာ တရားစွဲအပြီးတွင် နိုင်ငံတစ်ဝန်း သန်းနှင့်ချီသည့် ပြည်သူလူထု လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်။

ဖေဖော်ဝါရီ ၁၉

-မြန်မာတပ်မတော်ခေါင်းဆောင် ၉ ဦးကို  ကနေဒါနိုင်ငံက ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ပြီး ယူကေနိုင်ငံက စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးကို ဒဏ်ခတ်အရေးယူ။

-နေပြည်တော်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် အသက် ၁၉ နှစ်  ကွယ်လွန်။

- အထွေထွေသပိတ်ကော်မတီကို  နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်း

ဖေဖော်ဝါရီ ၂၀

-အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပြည်တွင်းပြည်ပအင်အားစုများနှင့် ပူးပေါင်းပြီး ပြည်သူကို ကာကွယ်ပေးမည်ဟု အပစ်ရပ်လက်ကိုင်အဖွဲ့များ ထုတ်ပြန်

-မန္တလေးမြို့ ၊ ရတနာပုံသင်္ဘောကျင်းအနီး ကန့်ကွက်ဆန္ဒပြသည့် ပြည်သူများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွဲရာ သေနတ်ကျည်မှန်ပြီး  ၂ ဦး သေဆုံးကာ  ပြည်သူ အနည်းဆုံး ၄၅ ဦးကျော်ဒဏ် ရာရ ၊၂၀ ကျော် ဖမ်းဆီးခံရ။

ဖေဖော်ဝါရီ ၂၂

-စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံးလူထုလှုပ်ရှားမှုအဖြစ် တစ်နိုင်ငံလုံးရှိ မြို့ နယ်ပေါင်း ၂၄၇ ခု ၊ မြို့ပေါင်း ၃၀၆ မြို့၌ ပြည်သူသန်း (၂၀) ခန့်ပါဝင်ဆန္ဒပြကြောင်း အွန်လိုင်းမှ ပြုလုပ်သည့် လူထုစစ်တမ်းတစ်ခုက ဖော်ပြ။ ရန်ကုန်မြို့တစ်ခုတည်းတွင် ပြည်သူ ၃ သန်းခန့် ပါဝင်ဆန္ဒပြ။

-အကြမ်းဖက်မှုများရပ်ရန် စစ်တပ်ကို ကုလ အတွင်းရေးမှူးချုပ်တောင်းဆို၊

ဖေဖော်ဝါရီ၂၃

-အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ရဲ့ တိုက်ရိုက်၊ သွယ်ဝိုက် ပိုင်ဆိုင်မှုတွေနဲ့ အကျိုးစီးပွားတွေကို အမေရိကန်က ပိတ်ဆို့ထိန်းချုပ် အရေးယူ

-စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ကျည်ဆန်အစစ်သုံး ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် လက်မခံကြောင်း G-7 စက်မှုအင်အားကြီး အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေက ကြေညာ။

ဖေဖော်ဝါရီ ၂၄

-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်ကို နေ့ချင်းပြန်လာရောက်မည့်ခရီးစဉ် ဖျက်သိမ်း။ 

-မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံသို့ သွားရောက် ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို  ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း အလွတ်သဘော တွေ့ဆုံ။ 

-အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖျက်သိမ်း။

ဖေဖော်ဝါရီ ၂၅

-ရန်ကုန်တွင် တပ်မတော်ထောက်ခံဆန္ဒပြသူများက ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်၊ ပစ္စည်းလု၊ ကားမှန်များကို ရိုက်ခွဲဖျက်ဆီး။

-မြန်မာ့တပ်မတော်နဲ့ တပ်မ‌တော် စီမံမှုအောက်မှာရှိတဲ့ အစိုးရအဖွဲ့အစည်း၊ သတင်း ပြန်ကြားရေး အဖွဲ့အစည်းများကို Facebook နဲ့  Instagram မှာ တားမြစ်ပိတ်ပင်လိုက်ပြီး တပ်မတော် စီးပွားရေးလုပ်ငန်းများရဲ့ ကြော်ငြာခွင့်ကိုပါ ပိတ်ပင်လိုက်တယ်လို့ Facebook က ကြေညာ

-ဖမ်းဆီးထိန်းသိမ်းထားတဲ့ မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးနဲ့ တိုင်းဥပဒေချုပ်တို့ကို ခံဝန်နဲ့ပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂၆

-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်ကောင်စီကို အပြင်းထန်းဆုံ အရေးယူရန် အပါအဝင် အချက်ခြောက်ချက်ကို နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ နိုင်ငံတကာသို့တောင်းဆို။ ဒီချုပ်အစိုးရခန့်အပ်သော သံအမတ်ကြီးအဖြစ်  သမိုင်းဝင် မိန့်ခွန်းပြောသွားပြီး ပြည်သူနှင့်အတူရပ်တည်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်။

Photo-UN

-မြန်မာနိုင်ငံ၌ ဒီမိုကရေစီကာကွယ်ရေးအက်ဥပဒေကို အမေရိကန်လွှတ်တော်သို့တင်သွင်း ။

-အာဏာသိမ်းစစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့်ရပ်ဆိုင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ၆ ဦးကို ယူကေက ပိတ်ဆို့ဒဏ်ခတ်။

ဖေဖော်ဝါရီ ၂၈ ရက်

-စစ်အာဏာရှင်ဆန့်ကျင်ရေး Milk Tea Alliance လှုပ်ရှားမှုကို မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်တို့၌ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဟောင်ကောင်နှင့် အိန္ဒိယတို့၌ အွန်လိုင်းမှလှုပ်ရှားမှုပြုလုပ်။

-ပုဂ္ဂလိကဘဏ်များ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးရန် ဗဟိုဘဏ်ညွှန်ကြား။ မတ်လ ၁ ရက်  နေ့မှစ၍ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်ထားသူများသည် တစ်ဦးလျှင် တစ်ပတ်အတွင်း သိန်း ၂၀ ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုလျှင် တစ်ပတ်အတွင်း ကျပ် သိန်း ၂၀၀ အများဆုံး ထုတ်ယူခွင့်ပြုမည်။ ATM စက်များမှ တစ်ရက်လျှင်ကျပ် ၅ သိန်း သာထုတ်ယူခွင့်ရမည်ဖြစ်သည် ။

မတ်လ

မတ် ၁

-သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့ကို ပုဒ်မ ၅၀၅(ခ) ထပ်တိုး၊ အတိုင်ပင်ခံကို ဆက်သွယ်ရေးပုဒ်မတခုထပ်တိုး။

-ဒီဗွီဘီသတင်းထောက်ကိုအောင်ကျော်ကို မတ် ၁ ရက်နေ့ညမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက မြိတ်မြို့က နေအိမ်ကို အင်အားသုံး၊ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးသွား။

မတ် ၃

-ရန်ကုန်အပြင် ၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မော်လမြိုင်နဲ့ စလင်းမြို့တွေမှာလည်းမြန်မာနိုင်ငံ၌ ဆန္ဒပြ ပြည်သူများကို ရဲနှင့် စစ်တပ်က အကြမ်းဖက်ပစ်ခတ်သဖြင့်  မတ်လ ၃ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ  ၃၈  ဦးရှိဟု ကုလသမဂ္ဂပြော

-ဒီဗွီဘီသတင်းထောက် ကိုမင်းညိုကို ဆန္ဒပြပွဲမှာ သတင်းယူရင်း စစ်တပ်က ရိုက်နှက်ဖမ်းဆီး

မတ် ၈

-DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ  ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းတယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာ။

-အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်လုပ်မယ် ဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က သတိပေး။

မတ် ၁၀

-မြောက်ဥက္ကလာပ သပိတ်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်း၊ ၂၀၀ ကျော်ဖမ်းခံရ၊ ပြင်သစ်သံအမတ် အင်းစိန်ထောင်သွားပြီး နိုင်ကျဉ်းအားလုံး လွှတ်ပေးရန်တောင်းဆို။

မတ် ၁၁

-ရက္ခိုင့်တပ်တော်(အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အာဏာသိမ်းစစ်ကောင်စီကြေညာ။

-ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ  ပိုလန်နိုင်ငံသား ဂျာနယ်လစ်တယောက်ကို အာဏာသိမ်း မြန်မာစစ်တပ်က ဖမ်းဆီး

မတ် ၁၄

-ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်မှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၂၀ သေဆုံး၊ မတ် ၁၄ တရက်တည်းမှာတင် ၃၈ ယောက်နဲ့ စုစုပေါင်း ကျဆုံးသူ ၁၂၆ ယောက်ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်။

-အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီနဲ့ လက်ပါးစေတွေက ပြည်သူတွေကို အကြမ်းဖက်ပါက မည်သူမဆို ဥပဒေအရ ခုခံတုံ့ပြန်ပါက ပြစ်မှုမမြောက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကြေညာ။

-မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုနေတာတွေကို ဆန့်ကျင်ဖီဆန်ပြီး နိုင်ငံတွင်း သွေးထွက်သံယိုမှုတွေ၊ သေကျေဒဏ်ရာရတာတွေဖြစ်အောင် ဆက်လုပ်နေတဲ့အပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုတ်ချ။

-အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင်တွေက ထပ်မံ သဘောတူ လိုက်ပါတယ်။

မတ် ၁၇

-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ကြေညာ

မတ် ၁၉

-မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာ တပ်စွဲထားတာကနေ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ အသုံးမပြုကြဖို့ Save the Childrenနဲ့ ကုလသမဂ္ဂ လက်အောက်ခံ  ယူနက်စကိုနဲ့ ယူနီဆက်တို့ ပူးတွဲ ကြေညာ။

-လက်နက်မဲ့ပြည်သူတွေပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နဲ့ မညီတဲ့အကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ် အားလုံးရပ်တန့်ဖို့ အပါအဝင် အချက် ၅ ချက်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ပူးတွဲ ထုတ်ပြန်တောင်းဆို။

မတ် ၂၁

-နိုင်ငံ့ဝန်ထမ်းအားလုံး ပြည်သူနဲ့ အချိန်မီ ရပ်တည်ပြီး အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု CDM မှာ ပါဝင်ကြဖို့နဲ့ မပါဝင်တဲ့ ဝန်ထမ်းတွေကို ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်လို့  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က သတိပေး။

-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို စစ်ကောင်စီက မတရားသင်း အဖြစ် ကြေညာ။

မတ် ၂၂

-မြန်မာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ထိပ်တန်း အရာရှိကြီး ၂ ယောက်နဲ့  တပ်မ ဌာနချုပ် ၂ ခုကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်အရေးယူ။

မတ် ၂၃

-စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့  လူငယ် ရာနဲ့ချီကို အင်းစိန်အကျဉ်းထောင်ကနေ  ပြန်လွှတ်ပေး။

မတ် ၂၄

-သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့  ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက  တညီတည်း ဆုံးဖြတ်အတည်ပြု။

မတ် ၂၅

-မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က  ပိတ်ဆို့ဒဏ်ခတ် အရေးယူ။ 

မတ် ၂၆

-ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေထဲကမှ လူ ၃၀၀ ကျော်ကို ဒီနေ့ မတ် ၂၆ ရက် ညနေပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေး။

မတ် ၂၇

- ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း အမေရိကန်သံရုံးက အတည်ပြု။ 

မတ် ၂၉

-မြန်မာနိုင်ငံမှာ စစ်တပ်က ကလေးတွေနဲ့ လူငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က   အပြင်းထန်ဆုံး ရှုတ်ချ။

မတ် ၃၀

-ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က  ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦး ထိမှန်သေဆုံး။

မတ် ၃၁

-၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်းနဲ့    စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တံခါးပိတ်ပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာ။

- မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေစက္ကူတွေလုပ်တဲ့ ကုန်စည်တွေကိုပံ့ပိုးနေတဲ့ ဂျာမန်ကုမ္ပဏီက ကုန်စည် ပံ့ပိုးမှုကို ဆိုင်းငံ့။

ဧပြီလ

ဧပြီ ၁

- ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးထုတ်မှာ ပုဒ်မ ၅၀၅(ဂ) နဲ့ အမှုတပ်။

-ရန်ကုန်မြို့ရှိ  Ruby Mart နဲ့ စစ်တပ်ပိုင် ဂန္ဓာမာဟိုးဆေး ကုန်တိုက် မီးလောင်။

ဧပြီ ၂

-ရန်ကုန် အင်းစိန်မြို့နယ် (၁၀)မိုင်ကုန်းဈေးမှာ ဒီနေ့ CNN နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward နဲ့အဖွဲ့ အင်တာဗျုးမေးမြန်းခဲ့တဲ့ အမျိုးသမီး ၂ ဦးကို CNN အဖွဲ့ ပြန်သွားပြီးချင်း ဖမ်းဆီး။

ဧပြီ ၇

-လန်ဒန်မြို့က မြန်မာသံရုံးကို မြန်မာစစ်သံရုံးက စစ်သံအမတ်ကြီးဦးဆောင်တဲ့ အဖွဲ့တွေ ဝင်ရောက်ထိန်းသိမ်းထားလိုက်ပြီး သံအမတ်ကြီးကိုလည်း သံရုံးအတွင်း ဝင်ခွင့် မပေး။

ဧပြီ ၉

-ပဲခူးမြို့မှာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ ၈၂ ယောက်ရှိ။

-အာဏာသိမ်းစစ်အုပ်စုက ခန့်အပ်တဲ့ ဘယ်သူ့ကိုမဆို နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်။

ဧပြီ ၁၅

-မုံရွာမြို့မှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ တခြားဆန္ဒပြသူတစ်ဦးတို့ကို ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်အတွင်း  စစ်ကောင်စီတပ်ဖွဲ့တင်တွေက ကားနဲ့ဝင်တိုက်ကာ အကြမ်းဖက်ဖမ်းဆီး။ 

ဧပြီ ၁၇

Photo-NUG

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာ။ NUG အစိုးကအဖွဲ့မှာ နိုင်ငံတော် ဒုတိယသမ္မတ အဖြစ် ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဖွဲ့စည်းလိုက်တာပါ။

ဧပြီ ၁၉

-မြန်မာအာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၁၀ ယောက်နဲ့  စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီး ၂ ခုကို ထပ်မံ ပိတ်ဆို့ ဒဏ်ခတ် အရေးယူလိုက်တယ်လို့   ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက ထုတ်ပြန်။

ဧပြီ ၂၁

-မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟစ်ရှာမူဒင်ဟူစိန်တို့ ဖုန်းဆက်ဆွေးနွေး။

ဧပြီ ၂၂

-အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က  စာပေးပို့ အကြောင်းကြား။

ဧပြီ ၂၄

-တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ယာယီမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းနဲ့ပြည်နယ် အထွေထွေ သပိတ် ကော်မတီတွေက မေတ္တာရပ်ခံစာထုတ်ပြန်

-အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ ကျင်းပဖို့ရှိတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအထူးအစည်းအဝေး တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဂျာကာတာမြို့မှာ ရောက်ရှိ။

Photo-MOI

-မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်အာဆီယံကြေညာ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး မပါဝင်။

-အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံမန် ခရစ္စတင်းရှာရာနာ ဘာဂျီနာဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာနိုင်ဖို့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးသန့်စီ တွေ့ဆုံဆွေးနွေး။

ဧပြီ ၂၅

- စစ်ကောင်စီကို တိုက်ခိုက်ဖို့ ချင်းလက်နက်ကိုင်အဖွဲ့ Chinland Defense Force (CDF) ဖွဲ့စည်း

ဧပြီ ၂၇

-ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှ နိုင်ငံရဲ့အကျိုးစီးပွားကိုအခြေခံပြီး အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို  အလေးထားစဉ်းစားပေးမယ်လို့ စစ်ကောင်စီက ကြေညာ

ဧပြီ ၃၀

-မေလ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးထီဆုငွေအဖြစ်  ကျပ်သိန်း ၅၀၀၀ သာ ပေးနိုင်တော့မယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲ ထုတ်ပြန်

မေလ

မေ ၃

-NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးအပါအဝင်  ပြည်ထောင်စုဝန်ကြီး  ၂ ဦးနဲ့ ပြည်ထောင်စု ဒုဝန်ကြီး ၄ ဦးကို  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထပ်မံတိုးချဲ့ခန့်အပ်

မေ ၅

-ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို တရားဝင်ဖွဲ့ စည်းကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာ။  

မေ ၆

-ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို တော်လှန်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ဒုစစ်ဉီးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်း

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) က ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းကြောင်း ကြေညာ

မေ ၇

-အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ်နှံမှုပမာဏရှိတဲ့ LNG သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခု အပါအဝင် ရင်းနှီးမြှုပ်နှံမှု ၁၅ ခုကို အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြု။

မေ ၉

- စစ်ကိုင်းတိုင်း၊ ပုလဲမြို့သပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ ကိုဇော်ထွန်း(ခ)ကိုခက်သီဟာ မေလ ၈ ရက်နေ့ညက ဖမ်းဆီးခံရပြီး ဒီကနေ့ မေလ ၉ ရက် နေ့လယ်ပိုင်းမှာ သေဆုံး။

မေ ၁၂

- ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို စစ်အုပ်စုက ထောင် ၃ နှစ်ချ

မေ ၂၇

မလေးရှားဝန်ကြီးချုပ် တန်ဆရီ မူဟစ်ဒင်ယက်ဆင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  ဂူးတားရပ်စ်တို့  မြန်မာ့အရေးနဲ့ ပါလက်စတိုင်းအရေးတို့ကို တယ်လီဖုန်းနဲ့ဆက်သွယ် ဆွေးနွေး။

ဇွန်လ

ဇွန် ၁၀

-ပြင်ဦးလွင်မြို့နယ်မှာ တပ်မတော်လေယာဉ် ပျက်ကျပြီး ဒေါက်တာဘဒ္ဒန္တ ကဝိသာရ၊ အလှူရှင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် ၁၂ ယောက်သေဆုံးပြီး ၂ ယောက် အသက်ရှင်။

-အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရတ်နိုမာဆုဒီဟာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆုမိုတဲဂီနဲ့ တယ်လီဖုန်း ခေါ်ဆို ဆက်သွယ်ဆွေးနွေး။

-မြန်မာစစ်ဗိုလ်ချုပ်တွေကို ပိုပြီးကျယ်ပြန့်တဲ့ သံတမန်ရေးအရ ဖိအားပိုပေးဖို့ တိုက်တွန်းနေချိန်မှာပဲ အကြမ်းဖက်မှုတွေ ပိုပြင်းထန်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက သတိပေးပြောကြားပြီး စစ်တပ်က လက်နက်ကြီးတွေကို သုံးစွဲနေတာကိုလည်း ရှုတ်ချ။

ဇွန် ၁၁

-ဂျပန်အထက်လွှတ်တော် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အမြန်ဆုံး ပြန်လည်ပေါ်ပေါက်ဖို့အတွက် တောင်းဆိုတဲ့ဆုံးဖြတ်ချက်အဆိုကို လွှတ်တော်အမတ်တွေက တညီတညွတ်တည်းထောက်ခံ အတည်ပြု။

ဇွန် ၁၆

-စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ပေါက်မြို့နယ် ကင်းမရွာကို ဇွန် ၁၆ ရက်ညက တိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့လို့ သက်ကြီးရွယ်အို အနည်းဆုံး ၂ ယောက် သေဆုံး။

ဇွန် ၂၀

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကို လက်နက်ဝင်ရောက်မှုတွေ တားဆီးပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်။ 

Photo-MOI

ဇူလိုင်လ

ဇူလိုင် ၅

-မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံမငြိမ်မသက်မှု ဖြစ်ပွားခဲ့ပြီးနောက်‌ ၅ လကျော်ကြာ လူ့အခွင့်အရေးချိုးဖောက်မှုသက်သေတွေကို စုံစမ်းစစ်ဆေးဖို့ လုပ်ငန်းအဖွဲ့သစ် စတင်။

ဇူလိုင် ၇

-ရန်ကုန်တွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာပြီးနောက်  အောက်စီဂျင်ပြတ်လပ်၊ အောက်ဆီဂျင်စက် ပြည်ပမှတင်သွင်းရာတွင်  FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်မလိုတော့။

ဇူလိုင် ၈

-ကရင်အမျိုးသားအစည်းရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါး တို့ကို ကေအန်ယူက တာဝန်က ဆိုင်းငံ့။

ဇူလိုင် ၁၀

-ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ပိုမိုဆိုးရွားလာတဲ့ မြန်မာနိုင်ငံအတွက် ရုရှားထံက ကာကွယ်ဆေး ၂ သန်းတောင်းခံထားတယ်လို့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော။

ဇူလိုင် ၁၆

Photo-MPA

ရန်ကုန်မြို့က သုသာန်လေးခုမှာ  တစ်ရက်ကို လူသေရုပ်အလောင်း ၆၀၀ ကျော် သင်္ဂြိုလ်ပေးနေရပြီး အခေါင်းနဲ့ အလောင်းတင်တဲ့ကတ်တွေ ဝယ်လို့မရတဲ့အထိပြတ်လပ် ဈေးတက်နေ။

ဇူလိုင် ၂၀

အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရန်ကုန်မြို့ ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကွယ်လွန်။

ဇူလိုင် ၂၆

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ။

ဩဂုတ်လ

ဩဂုတ် ၁ရက် 

အာဏာသိမ်းစစ်ကောင်စီဟာ  အိမ်စောင့်အစိုးရအဖြစ် ထပ်မံဖွဲ့စည်းကြောင်း ကြေညာ။ စစ်ကောင်စီခေါင်းဆောင်ကိုလည်း ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း ဝန်ကြီးဌာနတွေ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း။

ဩဂုတ် ၅

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲရလဒ်ကို တဖက်သတ်ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီ အသွင်ပြောင်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်စေတယ်လို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ထုတ်ပြန်

ဩဂုတ် ၁၀

-ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အောက်ဘလောက်မှာ  ဒီနေ့ ညနေက   ဆန္ဒပြတဲ့ လူငယ်တွေဆိုပြီး စစ်ကောင်စီလက်နက်ကိုင်တပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ  လူငယ် ၅  ဦး တိုက်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာနဲ့ ဖမ်းဆီးခံရ။

ဩဂုတ် ၁၅

-NUG က အောင်လံလွှင့်ချီ နွေဦးထီ စတင်ရောင်းချ။

စက်တင်ဘာလ

စက်တင်ဘာ ၁

- စစ်ကောင်စီအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ ရုရှားနိုင်ငံကိုထွက်ခွာ။

စက်တင်ဘာ ၂

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ ထူးလုပ်ငန်းစုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူမယ်လို့ ယူကေအစိုးရက ကြေညာ။

စက်တင်ဘာလ  ၇ 

နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်

ထန်တလန်မြို့မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ထန်တလန်မြို့က ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ခြိမ်းခြောက်ခဲ့တာ ကြောင့်  ရက်ပိုင်းအတွင်း မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပါတယ်။

စက်တင်ဘာ ၂၉

- အခေါက်ရွှေတစ်ကျပ်သားကို  ကျပ် ၂၂ သိန်း ကျော်အထိတက်ပြီး နာရီပိုင်းအတွင်း ကျပ် တစ်သိန်းကျော် ပြန်လည်ကျဆင်း။

-စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားသူတွေကို ပြန်စစ်ဆေးဖို့ အင်းစိန်ထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံး ၃၈ ရုံးထဲက ၅ ရုံးကို ပြန်လည်ဖွင့်လှစ်။ 

အောက်တိုဘာလ

အောက်တိုဘာ ၁

-တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပြီး ချစ်ကြည်ရေး တိုးမြင့်အောင်ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ အဆင်သင့် ရှိနေတယ်လို့ ပြော။

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု အတွက် တရားလိုပြသက်သေအဖြစ်  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပထမဆုံးအကြိမ် တရားရုံးမှာ ထွက်ဆို။

-စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် ဖမ်းဆီးတရားစွဲခံထားရသူတွေထဲက အကျဉ်းသား ၂၀၀ နီးပါးကို အင်းစိန်ထောင်ကနေ ပြန်လွှတ်။

အောက်တိုဘာ ၂

-၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေဖျက်သိမ်း၍မရဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော 

အောက်တိုဘာ ၄

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးချိန်းမှာ  တုံ့ပြန်။ 

-PDF များနယ်မြေထဲမလှုပ်ရှားရန်နှင့် အန်စီအေ စာချုပ်မပျက်သေးဟု  ဒူးပလာယာခရိုင် ကေအန်ယူဥက္ကဋ္ဌ သတိပေး။

အောက်တိုဘာ ၆

Photo-DSINFO

-မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သစ်ကို စစ်ရေယာဉ် ၄ စီးနဲ့ စတင်ဖွဲ့စည်းကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ကြေညာ။

အောက်တိုဘာ ၈

-မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံအားပေးဖို့ ဥရောပ ပါလီမန်က ဆုံးဖြတ်။

-ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းမိန့်ခွန်းပြော၊ မြန်မာစစ်တပ်ကို လက်နက်မရောင်းရန်  ပန်ကြား။

-အောင်ဆန်းကွင်းကို မြေအောက်ဥမင်လမ်းထည့်သွင်းအဆင့်မြှင့်ရန် စစ်ခေါင်းဆောင်ပြော။ 

အောက်တိုဘာ ၁၃

-နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့သူ  အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေကို  တာဝန်ကရပ်စဲကြောင်း မြန်မာ့တပ်မတော်အရာရှိ၊ စစ်သည်တွေကိုယ်စား People’s Soldiers အဖွဲ့က ကြေညာ။

အောက်တိုဘာ ၁၆

-အေအေနှင့် ဆက်နွှယ်ဖမ်းဆီးခံရသူ ၆၁ ဦးကို  စစ်ကောင်စီ ပြန်လွှတ်ပေး

-အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံတက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ထုတ်ပြန်။

အောက်တိုဘာ ၁၈

-စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ သန်း ၅၀ စံချိန်တင်ရောင်းချ။

အောက်တိုဘာ ၂၃

-အာဆီယံဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်၊ ထိပ်သီးအစည်းအဝေး  အကြမ်းဖက်စစ်ခေါင်းဆောင် တက်ခွင့်ရှိဟု စစ်ကောင်စီ ထုတ်ပြန် 

-၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဂျင်မီ ဖမ်းဆီးခံရ

အောက်တိုဘာ ၂၅

ဒေါက်တာနိုလင်းဟေဇာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် မစ္စခရစ္စတင်းဘာဂီနာနေရာမှာ စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စ နိုလင်း ဟေဇာကိုခန့်အပ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာ။

-အန်စီအေ ၆ နှစ်ပြည့်ပွဲတက်ရောက်ခဲ့မှု ABSDF ဗဟိုသဘောထားမဟုတ်ဟု  ထုတ်ပြန်။

-လူ ၅ ဦးထက်ပိုမစုရ အမိန့်ထုတ်ထားသည့် ပုသိမ်မြို့၌ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲပြုလုပ်။

အောက်တိုဘာ ၂၆

-နေပြည်တော်က လေကြောင်းကာကွယ်ရေးတပ်ရင်းနှင့် ဌာနချုပ်တို့ ဗုံးခွဲတိုက်ခိုက်ခံရ။

-မြန်မာကိုယ်စားလှယ်မပါဝင်ဘဲ အာဆီယံထိပ်သီး အစည်းအဝေးစတင်ကျင်းပ 

-တနိုင်ငံလုံး လျှပ်စစ်ရထားနှင့်  မြို့ပေါ်တွင် လျှပ်စစ်ကားများဖြစ်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြော။

-NUG အစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် NCGUB ဝန်ကြီးဟောင်း  ဦးဘိုလှတင့်ကို  ခန့်အပ်။

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားရုံးတွင် ထွက်ဆို

အောက်တိုဘာ ၂၇

-ရန်ကုန်တွင် မီတာခ မဆောင်သည့် နေအိမ်များကို စစ်ကောင်စီက မီးလိုက်ဖြတ်နေ။ 

-၂၀၂၀ ရွေးကောက်ပွဲ၌ တကြိမ်ထက်ပိုမဲပေးသူများကို တရားစွဲရန် စစ်ကောင်စီကော်မရှင် ညွှန်ကြား 

အောက်တိုဘာ ၂၈

-မြန်မာမပါသည့် အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရန် တောင်းဆို။

အောက်တိုဘာ ၂၉

-ချက်သမ္မတနိုင်ငံတွင်  NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်။

-NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်။

-ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း  

နိုဝင်ဘာလ

နိုဝင်ဘာ ၁

 -ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန် ကျောင်းသားသမဂ္ဂ ၂၃၆ ဖွဲ့ နိုင်ငံတကာသို့ တောင်းဆို

နိုဝင်ဘာ ၂

-အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ကိုဗစ် -၁၉ ကာကွယ်ဆေးကိစ္စဆွေးနွေး

-သဘာဝဘေးစီမံအမှုအတွက် ပြစ်မှုကျူးလွန်ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားရုံးတွင် ထွက်ဆို

 -ဖမ်းဆီးခံသတင်းသမားများ အားလုံးကိုလွှတ်ပေးရန် ကနေဒါနှင့် ယူကေတောင်းဆို  

  -ပြည်သူများ ဆန်နှင့် ဆီ လျှော့စားကြရန်  အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း 

နိုဝင်ဘာ ၃

-DVB၊ VOA၊ BBC၊ RFA မီဒီယာများကို ဆန့်ကျင်ကြရန်  ကျုံပျော်မြို့ စစ်တပ်ထောက်ခံပွဲတွင် လှုံ့ဆော် 

-မြဝတီမြို့ရှိ ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရဲဘော်အချို့ကို ဖမ်းဆီး။ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၄

-ပြည်တွင်း ငွေသားပေးချေမှုကို ကျပ် သိန်း ၂၀၀ ထက်မပိုရဟု စစ်ကောင်စီဗဟိုဘဏ်  ကန့်သတ်

-မန္တလေးတွင် မြေအောက်မြို့ပတ်ရထားလမ်းဖောက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

နိုဝင်ဘာ ၅

-ကမ္ဘာ့ရာသီဥတုထိပ်သီးညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ 

နိုဝင်ဘာ ၆

-ရွေးကောက်ပွဲရှုံးသည့်ပါတီများနှင့် စစ်ကောင်စီကော်မရှင် ရွေးကောက်ပွဲစနစ်ပြောင်းရန် ဆွေးနွေး

-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က   ဗဟိုအလုပ်ကော်မတီ (Central Working Committee)ကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး  ပြည်သူတို့ရဲ့ အခွင့်အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာ။

နိုဝင်ဘာ ၈

-အနောက်မြောက်တိုင်းစစ်ဒေသသို့ စစ်သည်အင်အားရာချီ  ရဟတ်ယာဉ်များဖြင့် ထပ်မံပို့ဆောင် 

-၂၀၂၀ ရွေးကောက်ပွဲတွင်ရွေးချယ်ခံရသူများကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုဆဲဟု  SNLD ပါတီပြော။

-ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပြည်သူနှင့်အတူဆက်ကြိုးပမ်းမည်ဟု အန်အယ်လ်ဒီ ကြေညာ ။

-နိုင်ငံတော်၏အာဏာ ပြည်သူ့ထံပြန်ရောက်ရှိရေး ဆက်လက်ဆောင်ရွက်မည်ဟု CRPH ကြေညာ။

-ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် မြန်မာရွေးကောက်ပွဲ ၁ နှစ်ပြည့် အမေရိကန်တောင်းဆို။

နိုဝင်ဘာ ၉

-မောင်တောမြို့နယ်မြောက်ပိုင်းတွင် အေအေနှင့် စစ်ကောင်စီတပ်  တိုက်ပွဲဖြစ်

--မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ ပြည်သူ့ဆန္ဒကိုလေးစားလိုက်နာဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းဆီပြန်သွားဖို့ ကုလသမဂ္ဂက လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး ကျင်းပအပြီးမှာ ထပ်မံတောင်းဆို။

နိုဝင်ဘာ ၁၀

-ထန်တလန်အတွက် အဆိုတာ် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးရောင်းရငွေ ကန်ဒေါ်လာ ၂ သောင်းကျော်ရရှိ

-မြန်မာစစ်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် ကုလလုံခြုံရေးကောင်စီကို NUG တိုက်တွန်း 

နိုဝင်ဘာ ၁၂ 

-ကွတ်ခိုင်မြို့နယ် မုဒိမ်းမှု စစ်ကောင်စီတပ် ဝန်ခံ၊ ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟုဆို။

-အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်။

-ဒေါ်လာနှင့် ရွှေချောင်းများ ပြင်ဆင်ပေးခဲ့ဟု ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆို။ 

-ကရင်နီဒေသတွင် ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီး၊

-စစ်ဘက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရုရှား-မြန်မာ ဆွေးနွေး။

နိုဝင်ဘာ ၁၃

-မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိအမှု ၈ မှု ထပ်တိုးအမှုဖွင့်

နိုဝင်ဘာ ၁၄

-နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဆွေးနွေး။

နိုဝင်ဘာ ၁၅

-နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ  ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်သွားရောက်၊ ဒုက္ခသည်များနှင့် တွေ့ဆုံ 

Photo-MOI

-နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့  အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ပြန်လွှတ်ပေး။

နိုဝင်ဘာ ၁၆

-အေအေက ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၁၅ ဦးအား စစ်ကောင်စီထံ လွှဲအပ်

-တရုတ်အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်းနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊  ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

-သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးကို စစ်ကောင်စီရွေးကော် တရားစွဲ

-၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်သွားမည်မဟုတ်ဟု NUCC ပြော 

နိုဝင်ဘာ ၁၈

-ရေစကြိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ရဲစခန်းမီးရှို့ခံရ၊  ရဟတ်ယာဉ်ပျံဝဲ စစ်ကူစေလွှတ် 

-ရန်ကုန်တိုင်းတွင်  PDF  ၅၀ ခန့် ဖမ်းမိဟု စစ်ကောင်စီကြေညာ

-ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရန် စစ်ကောင်စီကို တရုတ်အထူးသံ တိုက်တွန်း-ရန်ကုန်ရှိ ကျူးကျော် ၄ သိန်းကျော်ကို စစ်ကောင်စီက အပြတ်ရှင်းထုတ်

နိုဝင်ဘာ ၁၉

-DVB အယ်ဒီတာချုပ်အပါအဝင် ၄ ဦးကို CPJ က နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်   

-နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဝန်ခံ 

-အန်အယ်လ်ဒီအမတ် ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ဖမ်းဆီး။

နိုဝင်ဘာ ၂၀

-အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ  ဖျက်သိမ်း

-အမေရိကန်ထောက်လှမ်းရေး CIA  နှင့်  ထိုင်းဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေး 

နိုဝင်ဘာ ၂၁

ကျိုက်နဲရေလယ်ဘုရားကိုသွားရင်း လူ ၃၀ ကျော်ရေနစ်ပျောက်ဆုံး၊ ၁၅ ဦးအလောင်း ဆယ်ယူရရှိ

-တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မည်ဟုဆို

နိုဝင်ဘာ ၂၂

-NUG က အထူးငွေတိုက်စာချုပ်များ စတင်ရောင်းချ 

နိုဝင်ဘာ ၂၃

-မြန်မာစစ်အုပ်စုကို INTERPOL အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် အဖွဲ့အစည်း ၃၀၀ ခန့် တောင်းဆို

နိုဝင်ဘာ ၂၅

-ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က လူနေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီး

နိုဝင်ဘာ ၂၇

- ဒီပဲယင်းမြို့နယ်၌ စစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊  မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ် 

-မြန်မာ့အရေးကို အထူးစိုးရိမ်ဟု  ASEM ထိပ်သီးအစည်းအဝေးကြေညာ

နိုဝင်ဘာ ၂၈

-ဒီပဲယင်းတွင် ရဟတ်ယာဉ်သုံးပစ်ခတ်မှုကြောင့် အရပ်သား ၂၀ ခန့်သေဆုံး၊ လူ ၃၀၀၀ ကျော် ထွက်ပြေးနေရ

-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး  မုံရွာအောင်ရှင် နှလုံးရောဂါဖြင့် ကွယ်လွန်

နိုဝင်ဘာ ၃၀

-ကနီတွင် စစ်ကောင်စီတပ်က ဝါဒဖြန့်ခြိမ်း‌ခြောက်စာများ လေယာဉ်ဖြင့် ဖြန့်ကြဲ

-ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ မကျင်းပရန် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်အဖွဲ့ ထုတ်ပြန်

ဒီဇင်ဘာလ

ဒီဇင်ဘာ ၁

-ညောင်လေးပင်ခရိုင်တွင် KNU က စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေး

-နွေဦးထီပေါက်သူ ၇၈ ဦးရှိ ၊ ၅၅ ဦးက ဆုကြေးကို NUG သို့ ပြန်လှူဒါန်း

ဒီဇင်ဘာ ၂

-ကုလသမဂ္ဂတွင် မြန်မာအတွက် ကိုယ်စားပြုသူရွေးချယ်မှု ဆိုင်းငံ့၊  သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူမည်။

ဒီဇင်ဘာ ၃

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိ အမှုတွေထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက  ရွှေ၊ ဒေါ်လာနဲ့ ဗုဒ္ဓရုပ်ပွားတော်  ယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အတွင်းရေးမှူးနှင့် ယာဉ်မောင်းတို့ တရားလိုပြသက်သေအဖြစ် ထွက်ဆို။

ဒီဇင်ဘာ ၄

-အင်တာနက် မိုဘိုင်းဒေတာစျေးနှုန်းနှင့် ဖုန်းခေါ်ခများ တိုးကောက်ရန်  စစ်ကောင်စီ ညွှန်ကြား 

ဒီဇင်ဘာ ၅

-အန်အယ်လ်ဒီနာယက ဦးတင်ဦးနှင့် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဦီးခင်ညွှန့်တို့ကို  အာဏာသိမ်းစစ်ခေါင်းဆောင် ရန်ကုန်မှာ သွားရောက်တွေ့ဆုံ။

-ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ  ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ပစ်ခတ် ဖြိုခွင်း။ 

ဒီဇင်ဘာ ၆

-သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ထောင်ဒဏ် ၄ နှစ်ဆီချမှတ်ပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေးဟု စစ်ကောင်စီ ကြေညာ  

-ရန်ကုန်က မြို့နယ်တချို့တွင် သံပုံးတီးသပိတ် ပြန်လည်ဆင်နွှဲ

ဒီဇင်ဘာ ၇ 

-စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာအနီးတွင် စစ်ကောင်စီက ရွာသားများကို ရက်ရက်စက်စက် သတ်ဖြတ်။

-စစ်ကောင်စီလုပ်ရပ် နိုင်ငံရေးပြဿနာ အဖြေရှာနိုင်ရေး အလှမ်းဝေးစေမည်ဟု အန်စီအေ အပစ်ရပ်အဖွဲ့များပြော 

-မြန်မာဘရူဝါရီလီမိတက်ကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက သိမ်းယူဖို့ကြိုးစားနေတာနဲ့ ပတ်သက်ပြီး ဂျပန်ကုမ္ပဏီ Kirin Holdings က စင်ကာပူနိုင်ငံက အပြည်ပြည်ဆိုင်ရာခုံသမာဓိခုံရုံးမှာ    ဦးတိုက်လျှောက်ထား

-ရိုဟင်ဂျာဒုက္ခသည်များက ဖေ့စ်ဘွတ်ကုမ္ပဏီကို  တရားစွဲ

-စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဒီနေ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့တွေ့ဆုံ

ဒီဇင်ဘာ ၈

-မိုဘိုင်းအင်တာနက်အသုံးပြုခနှုန်းထားများ  ၂ ဆခန့် စတင်တိုးမြှင့်

-Mytel အပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို  ဖေ့စ်ဘွတ်ခ်က စတင်ဖယ်ရှား

ဒီဇင်ဘာ ၁၀

-Silent Strike သပိတ်နေ့၊ တနိုင်ငံလုံးအနှံ့ ဈေး၊ ဆိုင် အများအပြားပိတ်၊ လူသွားလူလာနည်းပါး၊ အင်းစိန်ထောင်တွင်းတွင်လည်း နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ

ဒီဇင်ဘာ ၁၁

-မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့နှင့် စစ်ရုံး ၃ ခုကို  ယူကေ၊ အမေရိကန်နှင့် ကနေဒါက ပိတ်ဆို့ဒဏ်ခတ် 

ဒီဇင်ဘာ ၁၄

-လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ၊ လွှတ်တော်အမတ် အပါအဝင် ၂၀ ကျော်ခန့်ကို ဖမ်းဆီး။

ဒီဇင်ဘာ ၁၅

-လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲစဖြစ်၊ ဒေသခံထောင်ချီ တိမ်းရှောင်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ

ဒီဇင်ဘာ ၁၆

-လေးကေ့ကော်မြို့ကို စစ်ကောင်စီတပ်က ဝင်ရောက်နှောင့်ယှက်မှု   ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းဖြစ်ဟု ကေအန်ယူ ထုတ်ပြန်

-လေးကေ့ကော်မှ ပြန်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် KNLA တို့ ထပ်မံတိုက်ပွဲဖြစ်

ဒီဇင်ဘာ ၁၇

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံဝတ်ဆင်စေပြီး ရုံးထုတ်

ဒီဇင်ဘာ ၂၀

-လေကြောင်းပျံသန်းမှုကင်းဇုန် သတ်မှတ်ရန် ကုလသမဂ္ဂကို  ကေအန်ယူ တောင်းဆို

-မြဝတီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိအပါ ၅၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

-နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကို စစ်ကောင်စီက ဆက်ဖွင့်ခွင့်မပြု 

ဒီဇင်ဘာ ၂၁ 

-မြန်မာစစ်တပ်နှင့်အဆက်ဖြတ်ရန် ဂျပန်အစိုးရကို  HRW တောင်းဆို

ဒီဇင်ဘာ ၂၃

-လေးကေ့ကော်ကျူးကျော်မှု  အန်စီအေကို ချိုးဖောက်ခြင်း ဖြစ်ဟု အန်စီအေ လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြော

ဒီဇင်ဘာ ၂၄

-အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မြန်မာကပြည်ခရီးစဉ်လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဝန်ကြီးတွေအပြင်  အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီတချို့နှင့်တွေ့ဆုံခဲ့ဟု အိန္ဒိယသံရုံး  ထုတ်ပြန်

-ဖရူဆိုတွင် စစ်ဘေးရှောင်ပြည်သူ ၄၀ နီးပါးကို    စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်

Photo-KNDF

ဒီဇင်ဘာ ၂၅

-လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က ဝေဟင်၊ မြေပြင်မှ အပြင်းအထန်ပစ်ခတ်တိုက်ခိုက်  

-၂၀၂၃ ခုနှစ် သြဂုတ်တွင် ရွေးကောက်ပွဲကျင်းပမည်၊ တွေ့ဆုံဆွေးနွေးရန်မရှိဟု စစ်ခေါင်းဆောင်ပြော  

ဒီဇင်ဘာ ၂၆

-အာရှလမ်းမကြီး မွေးမြူရေးဇုန်အနီးတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့်တိုက်ခိုက်

-ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်မြို့ အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်

ဒီဇင်ဘာ ၂၇

-PR စနစ်ဆွေးနွေးပွဲ အင်အားကြီးတိုင်းရင်းသားပါတီများ မတက်ရောက်

-ဖရူဆိုမြို့နယ်၌ စစ်တပ်က ပြည်သူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပေါ် ကုလသမဂ္ဂ ရှုတ်ချ

-နိုင်ငံတွင်း ပြဿနာများကို လက်နက်ကိုင်နည်းဖြင့် မဖြေရှင်းနိုင်ဟု ကာဒီနယ် ချားလ်စ်ဘိုပြော

ဒီဇင်ဘာ ၃၀

-ဖရူဆို မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် တာဝန်ခံရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တိုက်တွန်း 

ဒီဇင်ဘာ ၃၁

-ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ တနေ့တည်း တိုက်ပွဲ ၅ ကြိမ်ဖြစ်။

-ဒီးမော့ဆိုတိုက်ပွဲ၌ စစ်ကောင်စီက လက်နက်ကြီးသာမက တိုက်လေယာဉ်ပါ အသုံးပြုတိုက်ခိုက်။

7 mins Ago

December 31, 2021

နွေဦးတော်လှန်ရေးနှင့် ၂၀၂၁ တနှစ်တာ ထူးခြားထင်ရှား ပြည်သူ့ကြယ်ပွင့်များ

နှစ်တနှစ် ကုန်ဆုံးတော့မယ့်အချိန် တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိခိုက်ဆုံးရှုံးရမှုတွေကို အဖြေရှာ သုံးသပ်၊ အားယူပြန်ထနိုင်ဖို့ ကြိုးစားနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်ဟာ စစ်အာဏာသိမ်းမှုနဲ့အတူ တပူပေါ် နှစ်ပူဆင့်တဲ့ အခက်အခဲ အကျပ်အတည်းတွေကြားက ဖြတ်သန်းခဲ့ရတဲ့ နှစ်တနှစ်ဖြစ်ခဲ့ရပါတယ်။

ကပ်ဘေး၊ စစ်ဘေးတွေနဲ့ အဆိုးဝါးဆုံး အခြေအနေအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ အားကစားစတဲ့ ကဏ္ဍအသီးသီးမှာ တနှစ်တာအတွင်း ထူးခြားထင်ရှားသူ မြန်မာပြည်သား ၁၂ ဦးကို ဒီဗွီဘီ က ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်ဆန့်ကျင်တဲ့  နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူ တစ်ရပ်လုံးဟာ သူရဲကောင်းတွေဖြစ်ကြပြီး နယ်ပယ်အသီးသီးမှာ အသက်နဲ့ ဘဝတွေကို ပေးဆပ်ခဲ့ကြသူတွေအားလုံးကိုလည်း  ဒီဗွီဘီက လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ 

ဦးကျော်မိုးထွန်း(ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်- မြန်မာအသံအမတ်ကြီး)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်သုံးချောင်းထောင်ပုံရိပ်နဲ့အတူ  ပြည်တွင်းမှာရော၊ နိုင်ငံတကာ စာမျက်နှာတွေပေါ် ထင်ရှားခဲ့ သူကတော့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်- မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်း ပဲ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးကျော်မိုးထွန်းဟာ အာဏာသိမ်း ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအတွက် ကိုယ်စားပြု ပြောဆိုခဲ့သူ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ 

စစ်ကောင်စီက သူ့ကို နိုင်ငံအပေါ်  သစ္စာဖောက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံသံအမတ်အဖြစ် ဆက်လက်ရှိနေကြောင်း သတ်မှတ်ထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဦးကျော်မိုးထွန်းဟာ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရ လွှတ် တော်ကိုယ်စားလှယ်တွေ၊  တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုနေပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီးတော့ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာဆာဆာ(NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး)

နောက်ထပ် ရွေးချယ်ဖော်ပြပေးမယ့်သူကတော့ ချင်းအမျိုးသား ပရဟိတ ဆရာဝန်တ ယောက်လည်းဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်တယောက်ဖြစ်တဲ့ ဒေါက်တာဆာဆာပဲ ဖြစ်ပါတယ်။

ချင်းတောင်မှာ ဆင်းရဲချို့တဲ့တဲ့ မိဘ ၂ ပါးက မွေးဖွားခဲ့တဲ့ ဒေါက်တာ ဆာဆာဟာ ၂၀၀၈ ခုနှစ်မှာ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး Health and Hope အဖွဲ့ကို တည်ထောင်ခဲ့ကာ ချင်း ပြည်နယ်တောင်ပိုင်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း တွေနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို  လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချင်း ပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်နေ့မနက် အာ ဏာသိမ်းမခံရမီအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရချိန်မှာ တက္ကစီသမားအယောင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သူ့ကို ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မတ် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးဆီ အာဏာသိမ်းစစ်ကောင်စီကို အရေးယူပေးဖို့ (Responsibility to Protect - R2P)ခေါ်ယူရေးအပါအဝင် အချက် ၄ ချက် ပါ စာကို ပေးပို့ခဲ့သလို လက်ရှိအချိန်ထိလည်း စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အိသဉ္ဇာမောင်(NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒု၀န်ကြီး)

အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှာ အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီး ယူထားရတဲ့ အိသဉ္ဇာမောင်ကိုတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက် အနေနဲ့ နွေဦးတော်လှန်ရေးမှာ အားလုံးက အသိအမှတ်ပြုခဲ့ကြရသူပါ။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လက်ပံတန်းမြို့နယ်မှာ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင် ဆင်ဖို့ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး သာယာဝတီအကျဉ်းထောင်မှာ ကျခံခဲ့ရပါတယ်။

အိသဉ္ဇာမောင်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တယောက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ပန်းဘဲတန်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဒု၀န်ကြီးအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ သူဟာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ရွေးချယ်ဖော်ပြခံ ထားရပါတယ်။

ဒေါက်တာ တေဇာဆန်း (နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင်)

အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့ရဲ့ နွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းကိုလည်း ဒီစာရင်းထဲမှာ ချန်လှပ်ထားခဲ့လို့ မရပါဘူး။

သူဟာ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်ဘွဲ့ရရှိခဲ့ပြီးနောက် စာကြည့်တိုက်မှူးနဲ့ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာတော့ ချို့တဲ့သူတွေအတွက် အခမဲ့ ကျန်း မာရေးဝန်ဆောင်မှု ထောက်ပံ့ပေးတဲ့ Beautiful Mind Foundation ကို တည်ထောင်ခဲ့ ပြီး မန္တလေး ယုံကြည်ရာအသိပညာ​ပြန့်ပွားရေးအသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါ တယ်။

နိုင်ငံရေးလှုပ်ရှားမှုအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်မကြာမီမှာပဲ အာ ဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့တာပါ။ မန္တလေးမြို့က စတင်တဲ့ အဆိုပါ ပထမဆုံးဆန္ဒပြမှုပြီးနောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ ‌ဒေါက်တာတေဇာဆန်းကို နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲဆိုထားပေမယ့် သူကတော့ လက်ရှိအချိန်ထိ ဆက် လက်ပြီး တော့ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

ထားထက်ထက်(အလှမယ်)

အလှမယ် ထားထက်ထက်ကိုတော့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ဖို့ တိုင်းရင်းသား တော်လှန်ရေးနယ်မြေမှာ သွားရောက် စစ်ရေးလေ့ကျင့်နေတဲ့ ပြည်သူ့အချစ်တော် တယောက်အနေနဲ့ အားလုံးက သိထားကြပါတယ်။ 

သူဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် အလှမယ် ၂၀ စာရင်းထဲမှာ ပါဝင်ခဲ့သလို အမျိုးသားဝတ်စုံပြိုင်ပွဲ ဆန်ကာတင် ၁၀ ဦးထဲ ပါ ဝင်ပြီး vote အများဆုံးနဲ့ Miss Popular ဆုကိုရခဲ့သူ ဖြစ်ပါတယ်။

အခုလို အလှမယ်တစ်ယောက်က စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ လက်နက်ကိုင်ထားတဲ့ ပုံရိပ်တွေဟာ အလှမယ်လောကနဲ့ ပြည်တွင်းပြည်ပက မီဒီယာစာမျက်နှာတွေမှာ ရေပန်းစားခဲ့ပါတယ်။ 

လက်ရှိမှာတော့ ပြည်သူ့ဆန္ဒမဲတွေကို မျက်ကွယ်ပြုပြီး မတရားအာဏာသိမ်းမှုကို ဆန့် ကျင်တော်လှန်ပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် နွေဦးတော်လှန်ရေးမှာ လက်နက်၊ ကလောင်၊ ငွေကြေးထောက်ပံ့မှုတွေမှာ  တတ်နိုင်တဲ့ဘက်က စွမ်းစွမ်းတမံ ပါဝင်နေသူ ဖြစ်ပါ တယ်။

ဝေမိုးနိုင်(နွေဦးတော်လှန်ရေး မုံရွာသပိတ်ခေါင်းဆောင်)

နွေဦးတော်လှန်ရေးကာလအတွင်း မုံရွာမြို့သပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး  ပြည်သူ့အချစ်တော် ပင်မသပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဝေမိုးနိုင်ဟာလည်း ဒီစာ ရင်းထဲ ချန်လှပ်ထားလို့ မရသူတယောက် ဖြစ်ပါတယ်။

သူ့ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ က အိမ်စီးကားနဲ့ ဝေမိုးနိုင် စီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ပြီး ဖမ်းဆီးရိုက်နှက် ခေါ် ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်မှာတော့ ဝေမိုးနိုင်နဲ့အတူ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူ ၄၂ ယောက်ကို လူသတ်မှုပုဒ်မ ၃၀၂၊ ဥပဒေနှင့်မညီဘဲ လူစုလူဝေးစုဖွဲ့မှု ပုဒ်မ ၁၄၉၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ လူသတ်ရန်ရည်ရွယ်သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄ နဲ့ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့နဲ့ စွဲချက်တင်ခံထားရပါတယ်။

ပိုင်တံခွန်(သရုပ်ဆောင်မော်ဒယ်)

ခုရက်ပိုင်းကမှ အကြမ်းဖက်စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရ တဲ့ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော် သားအနုပညာရှင်တယောက်အနေနဲ့ ပါဝင်ခဲ့သူပါ။

အသက် ၂၅ နှစ်အရွယ် ပိုင်တံခွန်ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အထူးသဖြင့် အာရှအမျိုးသမီး ပရိတ်သတ်ရဲ့  အားပေးတဲ့ ပရိသတ် အခိုင်အမာ ရရှိထားခဲ့သူဖြစ်ပြီး TC Candler ရဲ့ The 100 Most Handsome Faces of 2021 မှာ ကမ္ဘာ့အ​ချောဆုံးမျက်နှာပိုင်ရှင် နံပါတ်၁​ ​နေရာမှာ  ​ရွေးချယ်​ဖော်ပြခံခဲ့ရပါတယ်။

ရန်ကုန်မြို့ သပိတ်တိုက်ပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)ထုတ်ပြန်ခံခဲ့ရပြီး ဧပြီ ၈ ရက်နေ့မှာတော့ မြောက်ဒဂုံက နေအိမ်မှာ ဖမ်း ဆီးခံခဲ့ရတာဖြစ်ကာ မကြာခင်ကမှ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရေမွန်(အဆိုတော်)

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ကြွေလွင့်ရတဲ့ အနုပညာရှင်တွေထဲမှာ ရေမွန်က လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

ရေမွန်ကတော့ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတ ယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်မှာ မြို့ပြဆန္ဒပြပွဲတွေမှာ ပေါ်ပေါ်ထင်ထင် ပါဝင်တာ ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (က)နဲ့ ဖမ်းမိန့် အထုတ်ခံရချိန်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေရှိရာ လွတ်မြောက်နယ်မြေကို သွားရောက်ပူးပေါင်းခဲ့တာပါ။

ကရင်လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေရင်းမှာပဲ ရေမွန် ဟာ ဇွန် ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ကာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။

အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေး ရွာသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ခက်သီ(ကဗျာဆရာ)

"သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး"

ဒီစာတန်းကို မြင်တာနဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ကဗျာဆရာ ခက်သီကို ပြန်လည်ပြီးတော့ မြင် ယောင်တမ်းတကြမှာ ဖြစ်သလို နွေဦးတော်လှန်ရေး ကြယ်တပွင့်အနေနဲ့လည်း အမှတ်ရ နေကြတော့မှာ ဖြစ်ပါတယ်။

မုံရွာမြို့အခြေစိုက် ကဗျာဆရာ ခက်သီဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရပြီး ၂၄ နာရီမပြည့်ခင် သေဆုံးသွားခဲ့တာပါ။

သူနဲ့ ဇနီးဖြစ်သူကို မေ ၈ ရက်ညက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စစ်ကြောရေးလုပ် ချိန် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကိုခက်သီရဲ့ ရုပ်အလောင်းမှာ ရင်ဘတ်၊ လက်ဆစ်နဲ့ နံကြားတ လျှောက် ညိုမည်းဒဏ်ရာတွေ တွေ့ရ‌တယ်လို့ ဆိုပါတယ်။

ခက်သီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ပုလဲမြို့ မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းက တက်ကြွစွာ ပါ ဝင်ကာ လူထုဟောပြောမှုတွေ ဦးဆောင်ပြုလုပ်သူတယောက်လည်းဖြစ်ကာ သူရေးတဲ့ က ဗျာတွေဟာလည်း ထင်ရှားပါတယ်။

ခက်သီဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ကျဆုံးရတဲ့ ဒုတိယမြောက် ကဗျာဆရာဖြစ်ပြီး မတ်လ ၃ ရက်နေ့ကလည်း မုံရွာမြို့က ကဗျာဆ ရာ ကေဇဝင်းကို ဘုရားနီအနီး သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်ချိန်မှာ သေနတ် ဒဏ်ရာနဲ့ လဲကျခဲ့ပြီး လမ်းမပေါ် တရွတ်တိုက်ဆွဲ ဖမ်းခေါ်ခံရပြီး ကျဆုံးသွားခဲ့ပါတယ်။

 မြဖြိုးကို(ဗိုလ်ချုပ်ရုပ်ရှင်သရုပ်ဆောင် တော်လှန်ရေးသမား)

ဗိုလ်ချုပ်ရုပ်ရှင်ကားတစ်ကားမှာ ဗိုလ်ချုပ်ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မယ့် တော်လှန် ရေးသမားတယောက်ဟာ အပြင်က တကယ့်လက်တွေ့ဘဝမှာပါ အကြမ်းဖက်စစ်ကောင် စီ ဆန့်ကျင်သူ ပြည်သူ့ဘက်တော်သားတယောက် ဖြစ်လာခဲ့ပါတယ်။

မြဖြိုးကိုဟာ ကျောင်းဆရာဟောင်းတယောက်ဖြစ်သလို အကြမ်းဖက်စစ်တပ်က အာဏာ သိမ်းပြီးချိန်ကစလို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်ဆောင်လာခဲ့ချိန်မှာတော့ လက်နက် ကိုင် ဆန့်ကျင်ရေးနည်းလမ်းကိုသာ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ကိုမြဖြိုးကိုကလည်း SAC ကိုဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။

“ဒီနှစ် New Year ရဲ့ ပျော်စရာတွေကို နာစရာတွေ လွမ်းစရာတွေနဲ့ ဖုံးလွှမ်းနေရပါပြီ...။ ဒီနှစ်နွေဦးတော်လှန်ရေးရဲ့ မီးပွားဟာ လာမယ့်နှစ်သစ်မှာ ပိုပြီးလောင်ကျွမ်းတောက်ပ လာပြီး ရောင်နီအောင်ပွဲဆီ အမြန်ကြိုးစားရုန်းကန်ရင်း  ပြိုင်တူတွန်းနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။” လို့ မြဖြိုးကိုက လူမှုကွန်ရက်မှာ ပြောထားပါတယ်။

 ပြည့်လျှံအောင်(မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဂိုးသမား)

အကြမ်းဖက်စစ်အာဏာရှင်ကို ရရာနည်းနဲ့ တော်လှန်ကြသူတွေထဲ ပြည်သူတွေနဲ့အတူ ကဏ္ဍအသီးသီးက ပါဝင်နေကြပြီး အဲဒီထဲမှာ ဘောလုံးအားကစားသမား ပြည့်လျှံအောင် လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

သူဟာ မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနဲ့အတူ ဂျပန်ကိုလာပြီး ကမ္ဘာ့ ဖလားခြေစစ်ပွဲမှာ ဂျပန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမစခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ မြန် မာနိုင်ငံတွင်းက စစ်တပ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

သူက ဖမ်းဆီးနှိပ်စက်မှုတွေ ကြုံရမှာမို့လို့ မြန်မာနိုင်ငံကိုပြန်မယ့် လေယာဉ်ပေါ်တက်ဖို့ ငြင်းဆန်ခဲ့ကာ ဂျပန်မှာ ခိုလှုံခွင့် တောင်းခံခဲ့ပြီး ပြည့်လျှံအောင်ကို ဂျပန်အစိုးရက ၆ လ နေထိုင်ခွင့် ပြုလိုက်ပါတယ်။

ဆန္ဒပြလူငယ်တွေရှေ့ကနေ ရပ်တည်ခဲ့တဲ့ ခရစ်ယာန်သီလရှင် အန်ရိုဇာနုတောင်

ဘာသာရေးနဲ့ ပတ်သက်ရင် လွှမ်းမိုးမှုကြီးတဲ့ မြန်မာ့နိုင်ငံရေးမှာ ခုတခါ နွေဦးတော်လှန် ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်လာခဲ့သူကတော့ ခရစ်ယာန်သီလရှင် အန်ရိုဇာနုတောင် ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို တတိုင်းပြည်လုံး ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ဆန္ဒပြမှုတွေအတွင်း ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က ပထမဆုံး သွေးမြေကျခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြသမား လူ ငယ်တွေကို အကြမ်းဖက်ဖြိုခွဲတာတွေ မလုပ်ဖို့ သူက လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတပ် ဖွဲ့ကို ဒူးထောက်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဘူးလို့ ကတိမပေးမချင်း ဆက်ရပ်နေမှာဖြစ်ပြီး၊ ဆန္ဒ ပြလူငယ်တွေကို ပစ်မယ့်အစား သူ့ကိုပဲ ပစ်လိုက်ဖို့ လက်နက်ကိုင်ရဲတပ်ဖွဲ့၀င်တွေကို ကြားဝင်ပန်ကြားခဲ့တဲ့ သီလရှင်အန်းရိုဇာနုတောင်ရဲ့ ရဲစွမ်းသတ္တိဟာ အမှန်တရားဘက်က တရားရှင်လို့ ချီးကျူးပြောဆိုခဲ့ကြရပါတယ်။

Photo Credit- MPA & Others

5 days Ago
Up