ရုရှားသမ္မတဗလာဒီမာ ပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဒီဇင်ဘာ ၁၅ ရက်က အွန်လိုင်းအစည်းအဝေး လုပ်ခဲ့ပြီး ၂၀၂၂ ဆောင်းရာသီ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့ အတည်ပြုပြောခဲ့ပါတယ်။
အဲဒီလို သမ္မတပူတင် တက်ရောက်မှုက ခေါင်းဆောင်နှစ်ဦးကြား နှစ်ရှည်ခိုင်မာတဲ့ဆက်ဆံရေး ပြသမှုပဲလို့ တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လီယုချန် က ပြောပါတယ်။
“သမ္မတနှစ်ဦး ဒီနှစ်ရဲ့ ဒုတိယအကြိမ်ဗီဒီယိုအစည်းအဝေးကို အောင်မြင်စွာလုပ်နိုင်ခဲ့ပါတယ်။ ဒါနဲ့ဆိုရင် ပြီးခဲ့တဲ့ရှစ်နှစ်အတွင်း ခေါင်းဆောင်နှစ်ဦး အစည်းအဝေးလုပ်ခဲ့တာ ၃၇ ကြိမ် ရှိခဲ့ပါပြီ။ ဆွေးနွေးတာ တနာရီခွဲ ကြာပြီး နှစ်နိုင်ငံ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာရေးရာမှာ မဟာဗျူဟာကျကျ ပူးပေါင်းနိုင်ရေး အပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ပါတယ်”
၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ပူတင် တက်ရောက်လာတာ အများကြီး အဓိပ္ပါယ်ရှိတယ်လို့ သူက ပြောပါတယ်။
အားကစားပွဲတော်ဟာ တရုတ်နှစ်သစ်ကူးနဲ့လည်း တိုက်ဆိုင်နေပါတယ်။ တကမ္ဘာလုံး ကိုဗစ်ကပ်ဘေး ကြုံနေရကတည်းက ဒီတွေ့ဆုံမှုဟာ သူတို့နှစ်ဦးကြား လူကိုယ်တိုင် ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။