close

၂၀၂၂ မြန်မာ့စီးပွားရေး

close

December 30, 2022

၂၀၂၂ မြန်မာ့စီးပွားရေးကို လည်ပြန်ကြည့်ခြင်း

အာဏာသိမ်းတာ ၂ နှစ်တိတိပြည့်ဖို့ နောက်ထပ် တလကျော်ကျော်ပဲ လိုပါတော့တယ်။ အာဏာသိမ်းတာနဲ့အတူ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေအပြင် စီးပွားရေးအခွင့်အလမ်းတွေ၊ ဝင်ငွေရပေါက်ရလမ်းတွေ အကုန်လုံး ထိပါးပျောက်ပျက်ခဲ့ရပါတယ်။ နိုင်ငံ့စီးပွားရေးဟာလည်း ပြေးကောင်းတုန်း ခြေထိုးခံလိုက်ရပါတယ်။ ဒီကြားထဲမှာ မြွေပူရာကင်းမှောင့် ကိုဗစ်ကပ်ဘေးကလည်း စီးပွားရေးကို ဖိစီးနေခဲ့ရာ “ငစစ်ကတမျိုး၊ ငဗစ်ကတဖုံ” ဆိုပြီး ပြောစမှတ်ပြုခဲ့ရပါတယ်။

စစ်ကောင်စီဟာ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးကို သူတို့လုပ်ရင် ပြန်ပြီး ဦးမော့လာမယ်လို့ ထင်ခဲ့ပုံပါပဲ။ စီးပွားရေးကို ကုစားဖို့ဆိုတာကို သူတို့ ဦးစားပေး လုပ်ငန်းတွေထဲ ထည့်ထားတာကြည့်ရင် သိနိုင်ပါတယ်။ ဝါဒဖြန့် သတင်းစာတွေထဲမှာ အမြဲထည့်သွင်းဖော်ပြနေတဲ့ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲမှာ “COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်” လို့ ထည့်သွင်းထားပါတယ်။

အာဏာသိမ်းထားတဲ့ ဒုတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၂ ကို ပြန်ကြည့်မယ်ဆိုရင် ရှူနာရှိုက်ကုန်း မြန်မာ့စီးပွားရေးဟာ အတက်အကျ၊ အလှုပ်အခတ် အတော့်ကို များခဲ့တယ်လို့ ဆိုရမှာပါ။ လောင်စာဆီဈေးတွေ ခုန်တက်သွားပြီး ဝယ်ချင်တိုင်းဝယ်လို့မရတဲ့အထိ အခြေအနေ ဆိုးရွားခဲ့တာ၊ ဒေါ်လာဈေး ၄,၀၀၀ ကျော်အထိ တက်လာခဲ့တာ၊ ရွှေဈေး တကျပ်သား ကျပ်သိန်း ၃၀ အထက်အထိ တက်ခဲ့တာ၊ စိုက်ပျိုးရေး သွင်းအားစုဈေးတွေ တရိပ်ရိပ်နဲ့တက်လာပြီး အာဏာမသိမ်းခင်ကထက် သုံးဆလောက် မြင့်လာခဲ့တာ၊ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာတာ၊ အလုပ်အကိုင်တွေ ရှားပါးလာတာစတဲ့ ရိုက်ခတ်မှုတွေ တမျိုးပြီးတမျိုး အဘက်ဘက်ကနေ ခံစားခဲ့ရပါတယ်။ တဖက်မှာလည်း ခုတမျိုး တော်ကြာတမျိုး သွင်းကုန်/ပို့ကုန် မူဝါဒ၊ ငွေကြေးမူဝါဒတွေကလည်း စီးပွားရေးသမားတွေ လက်မှိုင်ချရလောက်အောင်ပါပဲ။ ဒီကြားထဲမှာ တောမီးလောင် တောကြောင် လက်ခမောင်းခတ်တဲ့ မသမာတဲ့ စီးပွားရေးသမားတွေကြောင့်လည်း သာမန်ပြည်သူတွေက အတော်နစ်နာခဲ့ရပါတယ်။

မတည်ငြိမ် မရေရာတဲ့ ငွေကြေးမူဝါဒ

ဒီနှစ်ထဲမှာပဲ ငွေကြေးမူဝါဒတွေကို လုပ်ငန်းရှင်တွေ တုန်လှုပ်ချောက်ချားလောက်အောင် ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။ ဧပြီလ ၃ ရက်မှာ ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာက လုပ်ငန်းရှင်အားလုံးကို အငိုက်မှာ အထိနာသွားစေခဲ့ပါတယ်။

အဲဒီစာက ပို့ကုန်ရငွေအပါ ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ငွေတွေကို အလုပ်လုပ်ရက် ၁ ရက်အတွင်းမှာ ဗဟိုဘဏ်ဈေး တဒေါ်လာ ၁,၈၅၀ ကျပ်နှုန်းနဲ့ ကျပ်ငွေပြောင်းလဲရမယ်ဆိုတဲ့ ညွှန်ကြားချက်ပဲဖြစ်ပါတယ်။ (အဲဒီ ဧပြီလ ၃ ရက်မှာ ပြင်ပပေါက်ဈေး ၁ ဒေါ်လာ ၂,၀၃၀-၂,၀၅၀ ကျပ်နှုန်း ရှိခဲ့ပါတယ်) ပြည်တွင်းက လုပ်ငန်းတွေမှာရှိတဲ့ ဒေါ်လာငွေစာရင်းထဲက ‌ငွေတွေကို ထိန်းချုပ်ရယူလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲဒီစာထုတ်ပြန်ပြီး နောက်ရက် ဧပြီ ၄ ရက်မှာပဲ ဂျပန်သံရုံးက စာထုတ်ပြီး ဂျပန်ကုမ္ပဏီတွေကို ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုရတဲ့ အထိပါပဲ။

စီးပွားရေးလုပ်ငန်းရှင်တဦးက “ဘယ်အချိန်မဆိုပဲ ပေါ်လစီတခု ချက်ချင်းပြောင်းလိုက်တာနဲ့ exporter တွေ၊ importer တွေ စီးပွားရေးလုပ်ငန်းတွေ မှန်သမျှကတော့ အနည်းနဲ့အများတော့ အခက်အခဲဖြစ်တယ်။ ဟိုးတုန်းကဆိုရင် ဘာလုပ်တော့မယ်ဆိုရင် ကြိုတင်ပြီး အသိပေးတယ်။ ဘယ်အချိန်မှာ ပြောင်းမယ်ဆိုတာမျိုး ရှိတယ်။ ချက်ချင်းပြောင်းတာမဟုတ်တော့ ပြင်ဆင်ချိန်ရတယ်။ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေ၊ ငွေကြေးမူဝါဒတွေ၊ ပို့ကုန် သွင်းကုန်နဲ့ဆိုင်တဲ့ မူဝါဒတွေက ချက်ချင်းပြောင်းလိုက်ရင်တော့ အခက်အခဲဖြစ်တယ်။ အဲဒါ ဘာကြောင့်လဲဆို ပြင်ဆင်ချိန်မရလို့၊ တချို့ဆိုရင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားကြတယ်” လို့ မှတ်ချက်ပြုပါတယ်။

နိုင်ငံ့စီးပွားရေးတခုလုံးနဲ့ဆိုင်တဲ့ မူဝါဒကို အကျေအလည် စဉ်းစားသုံးသပ်ထားဟန်မရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ဧပြီ ၅ ရက်မှာပဲ အဲဒီလို အတင်းအကျပ် ဒေါ်လာကို မြန်မာငွေ လဲခိုင်းတဲ့အထဲမှာ ဝန်ကြီးဌာနတွေ အကျုံးမဝင်ဘူးလို့ ကြေညာချက် ပြင်ဆင် ထုတ်ပြန်ရပြန်ပါတယ်။ ဧပြီလ ၂၀ ရက်မှာတော့ အဲဒီလို အတင်းအကျပ် ငွေလဲခိုင်းတဲ့အထဲမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးစီးပွားရေးဇုန်က လုပ်ငန်းတွေ၊ သံတမန်တွေ မပါဘူးလို့ ပြင်ဆင် ထုတ်ပြန်ရပြန်ပါတယ်။ အဲဒီနောက်မှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းပါရင် ကင်းလွတ်ခွင့်ပေးမယ်၊ နောက် မပေးတော့ဘူး စသဖြင့် ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ပြည်ပချေးငွေ ရယူထားတဲ့ လုပ်ငန်းတွေ ဒေါ်လာနဲ့ ချေးငွေပြန်ဆပ်တာကို ဆိုင်းငံ့ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီးတော့ ပြည်ပကို ဒေါ်လာတွေ စီးထွက်မသွားအောင် ထိန်းချုပ်ခဲ့ပြန်ပါတယ်။

နိုင်ငံပို့ကုန်ရငွေတွေကိုလည်း အဲဒီလို အကြိမ်ကြိမ် မူဝါဒအပြောင်းအလဲ လုပ်ပြီးတဲ့နောက် ဩဂုတ်လ ၁၆ ရက်မှာ ပို့ကုန်ရငွေဒေါ်လာ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေ မဖြစ်မနေ လဲလှယ်ဖို့လိုပြီး ၃၅ ရာခိုင်နှုန်းကိုတော့ စျေးကွက်ပေါက်ဈေးအတိုင်း သုံးစွဲခွင့်၊ လွှဲပြောင်းရောင်းချခွင့် ရှိတယ်လို့ ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို အတင်းအကျပ် လဲလှယ်ခိုင်းရာမှာလည်း ဒေါ်လာဈေးကို ပြင်ပပေါက်ဈေးမဟုတ်ဘဲ ဗဟိုဘဏ် သတ်မှတ်နှုန်းထားနဲ့ လဲလှယ်စေတာဖြစ်ပါတယ်။ ဗဟိုဘဏ် သတ်မှတ်နှုန်းထားဟာ အရင်က တဒေါ်လာ ၁,၈၅၀ နှုန်း သတ်မှတ်ထားခဲ့ပြီး ဩဂုတ်လမှာ တဒေါ်လာ ၂,၁၀၀ ကျပ် ပြောင်းလဲ သတ်မှတ်ခဲ့တာ အခုအချိန်အထိပါပဲ။

ရွှေဈေးကိုလည်း ဗဟိုဘဏ် ဒေါ်လာနှုန်းထားနဲ့ တွက်ချက်ရောင်းချဖို့ ဖိအားပေး လုပ်ဆောင်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ရွှေရော ဒေါ်လာပါ တရားဝင်ဈေးကွက်ထက် မှောင်ခိုဈေးကွက်မှာပဲ ပြင်ပပေါက်စျေးနဲ့ အလုပ်ဖြစ်နေတာပါ။

စစ်ကောင်စီ နောက်ဆုံးထုတ်ပြန်ထားတဲ့ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ မူဝါဒကတော့ သွင်းကုန်တွေ အတွက် ငွေပေးချေရာမှာ ပို့ကုန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာနဲ့ လုပ်ခ လွှဲပို့ငွေ အပါအဝင် အခြားဝင်ငွေတွေကို အသုံးပြုရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဲဒီ အမျိုးမျိုးထုတ်ပြန်နေတဲ့ စစ်ကောင်စီရဲ့ သွင်းကုန်/ပို့ကုန် မူဝါဒ၊ ငွေကြေးမူဝါဒတွေက စီးပွားရေးသမားတွေ လုပ်သာကိုင်သာမရှိစေဘဲ အကြပ်ရိုက်စေခဲ့တာပါ။

“ငွေကြေးမူဝါဒ ခိုင်မာဖို့လိုတယ်။ ကုန်သွယ်ရေးမူဝါဒတွေကလည်း နိုင်ငံရဲ့ အခြေအနေအရ လိုအပ်လာရင်တောင်မှ နိုင်ငံသားတွေ မထိခိုက်အောင် အချိန်ကာလတခုယူပြီးမှ လုပ်တာ ပိုကောင်းတာပေါ့” လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အဲဒီလို မတည်ငြိမ်တဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေနဲ့ ငွေဈေးကစားသူတွေကြောင့် ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ တဒေါ်လာ ၄,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ရွှေဈေးလည်း ကျပ် သိန်း ၃၀ အထက်ထိ လိုက်ပါမြင့်တက်ခဲ့ပါတယ်။ အဲဒီနောက် ကုန်စျေးနှုန်းတွေပါ လိုက်ပါမြင့်တက်ပြီး အခြေခံလူတန်းစားတွေအထိ အကျပ်ရိုက်လာပါတယ်။

စစ်ကောင်စီဟာ ကုန်စျေးနှုန်းကို ထိန်းချုပ်ဖို့ စက်သုံးဆီကဏ္ဍက တဆင့် နိုင်ငံခြားငွေ စျေးကွက်ထဲကို ‌ဒေါ်လာသန်း ၂၀၀ ထည့်သွင်းမယ်လို့ သြဂုတ်လကုန်ပိုင်းမှာ ကြေညာလာပါတယ်။ အဲဒီနောက်တော့ ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေကိုလည်း တရားဝင် ဘဏ်တွေကတဆင့် လွှဲပို့ဖို့ ဖိအားပေး၊ မက်လုံးပေးတာတွေ လုပ်ဆောင်လာပါတယ်။ အဲဒီလို ဒေါ်လာနဲ့ ရွှေဈေးကျဖို့အတွက် နည်းမျိုးစုံနဲ့ ထိန်းချုပ်လာခဲ့ပြီးတဲ့နောက် ဒေါ်လာဈေးတက်တာဟာ ကုန်သွယ်မှုမှာ အမေရိကန်‌ဒေါ်လာ အပေါ် မှီခိုမှု များနေတာကြောင့်လို့ ယူဆတဲ့ စစ်ကောင်စီဟာ ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ သွင်းကုန်တွေအပေါ် မူဝါဒကန့်သတ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှာလည်း ဒေါ်လာအပြင် ယွမ်နဲ့ ဘတ်ကိုလည်း ငွေပေးချေမှုအတွက် ခွင့်ပြုခဲ့ပါတယ်။ အဲဒီလို ခွင့်ပြုပြီးနောက် ဒေါ်လာဈေးဟာ တဖြည်းဖြည်း ပြန်ကျလာခဲ့ပြီး အခုအခါမှာတော့ ပြင်ပဒေါ်လာဈေးဟာ ၂,၈၀၀ နဲ့ ၂,၉၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ မိုးကျရွှေကိုယ် ၆ ယောက်ကို ဗဟိုဘဏ်မှာ ခန့်ထားတာ၊ ဗဟိုဘဏ်ဥက္ကဋ္ဌကို အသစ်ခန့်တာ စသဖြင့် စိတ်တိုင်းကျ ခြယ်လှယ် ပြောင်းလဲနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသုံးပြုနေတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT (The Society for Worldwide Interbank Financial Telecommunication) အစား ရုရှားဗဟိုဘဏ်ရဲ့ ငွေပေးချေမှုစနစ် SPFS (Sistema Peredachi Finansovykh Soobscheniy) အထဲ ဝင်ရောက်ဖို့လည်း ကြိုးပမ်းနေပါတယ်။

‌ရွှေဈေးကွက်

အခုနှစ်မှာ စစ်ကောင်စီက မတည်ငြိမ်တဲ့ ရွှေစျေးနှုန်းကို ထိန်းချုပ်ဖို့အတွက် နိုင်ငံပိုင်နဲ့ အသင်းအဖွဲ့ပိုင် ‌ရွှေတွေကို စျေးကွက်ထဲ ထုတ်ရောင်းချခဲ့ပြီး ရွှေနဲ့ အိမ်ခြံမြေ အရောင်းအဝယ် အပါအဝင် ငွေကျပ် သိန်း ၂၀၀ ထက်ပိုတဲ့ ငွေပေးချေမှုတွေကို ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မပြေလည်နိုင်သေးတဲ့ ဘဏ်လုပ်ငန်း အခက်အခဲကြောင့် အဲဒီညွှန်ကြားချက်အပေါ် ကုန်သည်လုပ်ငန်းရှင်တွေရဲ့ လိုက်ပါ ဆောင်ရွက်မှုက မရှိသလောက် နည်းနေသေးတယ်လို့ အဲဒီအသိုင်းအဝိုင်းကနေ သိရပါတယ်။ လတ်တလော ပြင်ပရွှေဈေးကတော့ ၂၆ သိန်းခွဲနဲ့ ၂၇ သိန်းဝန်းကျင်မှာ ရှိနေပါတယ်။

လတ်တလောမှာတော့ ဒေါ်လာနဲ့ ရွှေဈေး အထိုက်အလျောက် ပြန်ကျဆင်းလာပေမဲ့ မြန်မာပြည်တွင်း အထွေထွေကုန်စည်စျေးနှုန်းတွေကတော့ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။

ငွေကြေးဖောင်းပွမှု

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အဆိုအရဆိုရင် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၀၂၂ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါဟာ အာဏာမသိမ်းခင်က ငွေကြေးဖောင်းပွမှုနဲ့ယှဉ်ရင် သုံးဆလောက်ရှိပါတယ်။ လာမယ့် ၂၀၂၃ မှာတော့ ငွေကြေးဖောင်းပွမှုဟာ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။

အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ လစဉ်အစီရင်ခံစာအရဆိုရင် ငွေကြေးဖောင်းပွမှုဟာ လစဉ်တက်နေပြီး ဇူလိုင်လမှာ နှစ်အလိုက် ငွေကြေးဖောင်းပွမှု ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။ အဲဒီအစီရင်ခံစာမှာပဲ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းအညွန်းကိန်းဟာ ၂၀၂၂ ခုနှစ် ဇွန်၊ ဇူလိုင်မှာ ၂၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၂ က ဈေးနှုန်းကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ သိသိသာသာ ကြီးမြင့်လာတာ၊ ကျပ်ငွေဈေး ထိုးကျသွားတာတွေဟာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကို မီးမောင်းထိုးပြနေပါတယ်။ တဖက်မှာလည်း အလုပ်အကိုင် ရှားပါးမှုက ဘူးလေးရာ ဖရုံဆင့်တဲ့ကိန်းပါပဲ။ ILO ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၈ သန်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ နည်းနည်းတိုးတက်လာပေမဲ့ အလုပ်အကိုင် ဆုံးရှုံးမှုဟာ ၁ ဒသမ ၁ သန်း ရှိနေဆဲလို့ ခန့်မှန်းပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းရဲ့ အောက်မှာ နေထိုင်နေရတယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျ

စစ်ကောင်စီဟာ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ငွေကြေးအကူအညီတွေ မရတော့ကြောင်း မကြာခဏ ဝန်ခံညည်းတွားလေ့ရှိပြီး အဲဒီလို အကူအညီမရပေမဲ့ သူတို့ဟာ ခေတ်အဆက်ဆက်က ချေးယူထားတဲ့ ပြည်ပကြွေးမြီတွေကို တနှစ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း နိုင်ငံတကာက ငွေကြေးအကူအညီတွေ မပေးတော့တဲ့အပြင် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်တာ အသစ်ဝင်မလာတော့တာတွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ အန်အယ်လ်ဒီအစိုးရ တာဝန်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော် ဝင်ရောက်ခဲ့ပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ရှိပြီးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာတွေ အပါအဝင် စုစုပေါင်း ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံသာရှိခဲ့ပြီး ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကနေ မတ်လအထိ ကြားကာလ ဘတ်ဂျက်အတွင်းမှာလည်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာ ဝင်ရောက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း ဝင်ရောက်မှုအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပထမ ၇ လအတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၂ ခု၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၁ ဘီလီယံကျော် ဝင်‎ရောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် နေ့အထိ ဝင်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ငွေအများဆုံး ရရှိခဲ့ပါတယ်။ အခုနှစ်မှာလည်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့တဲ့ ကဏ္ဍတွေကတော့ စွမ်းအင်ကဏ္ဍဖြစ်ပြီးတော့ ဝန်ဆောင်မှုကဏ္ဍက ဒုတိယအများဆုံးပါ။ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ တတိယအများဆုံး ဝင်ရောက်ခဲ့ပြီး အိမ်ယာ အဆောက်အဦးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ သတ္တုလုပ်ငန်းကဏ္ဍနဲ့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍတို့မှာ အနည်းငယ်စီ ဝင်ရောက်မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ စက်မှုကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍတို့မှာတော့ ပြည်ပရင်းနှီးမြှုပ်နှံမှု လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။

“စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက် မတည်ငြိမ်မှု/မရေရာမှုတွေ များလာတာ၊ စိန်ခေါ်မှုတွေ များလာတာ၊ ဆုံးရှုံးနိုင်ခြေများပြီး အကျိုးအမြတ် ပြန်ရနိုင်ချေ နည်းတာတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အသစ်ဝင်မလာတာ။ ဆုံးရှုံးနိုင်ခြေများပြီး အကျိုးအမြတ် ပြန်ရနိုင်ချေ နည်းနေရင် ဘယ်သူက လာမြှုပ်နှံမလဲ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် အမေရိကန်၊ အီးယူ၊ ယူကေတို့ကလည်း စစ်ခေါင်းဆောင်တွေနဲ့ ကုမ္ပဏီအဖွဲ့စည်း အများအပြားကို အရေးယူပိတ်ဆို့ထားပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေအကြား အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှုတွေ၊ ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF) က အောက်တိုဘာ ၂၁ ရက်မှာ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတဦးက “Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံက Branded  နာမည်ကြီးအမှတ်တံဆိပ်ကုမ္ပဏီတွေ တွေကတော့ Blacklist နိုင်ငံမှာ အလုပ်လုပ်တာဟာ ငွေကြေးခဝါချမှုပါ ပါဝင်သလို ဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

‌တိုက်ဆိုင်စွာပဲ အဲဒီလို အမည်ပျက်စာရင်းသွင်းပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆောင်ရွက်နေတဲ့ ဩစတြေးလျအခြေစိုက် ANZ ဘဏ်လုပ်ငန်းက ၂၀၂၃ နှစ်ဆန်းပိုင်းမှာ လုပ်ငန်းတွေရပ်ဆိုင်းကာ ထွက်ခွာတော့မှာလို့ ကြေညာခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ဘဏ်လုပ်ငန်းနဲ့ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးလာတာကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

ကုန်သွယ်မှု

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကိုဗစ်ကြောင့် ကုန်သွယ်မှုပမာဏ ထိုးကျခဲ့ပြီး ဒီနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အနည်းငယ်ပြန်တက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင် ဘဏ္ဍာနှစ်တွေတုန်းက ကုန်သွယ်မှုပမာဏနဲ့ ယှဉ်ရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်သွယ်မှုပမာဏဟာ ဘီလီယံချီပြီး လျော့ကျသွားတာကို တွေ့ရပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာလကုန်အထိ ၈ လအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းအရ သိရပါတယ်။

နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ကုန်သွယ်ရေးအရ အထီးကျန်လာတဲ့ စစ်ကောင်စီဟာ ရှရှားနိုင်ငံနဲ့ စီးပွားရေးကဏ္ဍ ပိုမိုပူးပေါင်းဖို့ ကြိုးပမ်းလာပါတယ်။ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်နဲ့ တွင်းထွက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စိုင်းပြင်းနေပါတယ်။

၂၀၂၃

အာဏာသိမ်းပြီးကတည်းက ပြည်သူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး အခြေအနေတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ မလုံခြုံမှုတွေ များလာတာနဲ့အတူ တရစ်ပြီးတရစ် ကျပ်တည်းလာပါတယ်။ အခြေခံစားသောက်ကုန်တွေဟာလည်း အာဏာမသိမ်းခင်က ဈေးနှုန်းထက် နှစ်ဆလောက် မြင့်တက်လာခဲ့ပေမဲ့ လုပ်ခလစာတွေ လိုက်ပြီး မြင့်တက်လာတာမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖြစ်ခဲ့တဲ့ ဈေးတွေနဲ့ယှဉ်ရင် ပြည်တွင်း စားဆန်စျေးတွေက တနှစ်အတွင်း ၃၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ စျေးမြင့်လာပါတယ်။ စက်သုံးဆီစျေးက ၄၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

စိုက်ပျိုးရေးနိုင်ငံဆိုပေမဲ့ သွင်းအားစုတွေ အခုနှစ် စျေးမြင့်လို့ စိုက်ပျိုးရေးထွက်ကုန်တွေ အထွက်နှုန်း လျော့ကျခဲ့ပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းတွေကလည်း လျှပ်စစ်မီးမမှန်တာ၊ ကုန်ကျစရိတ်ကြီးမြင့်တာ၊ သယ်ယူပို့ဆောင်မှု ခက်ခဲတာတွေနဲ့ ရုန်းကန်နေရသလို တော်တော်များများလည်း ပိတ်သိမ်းသွားခဲ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာလည်း တနှစ်ပြီးတနှစ် လျော့ပါးလာခဲ့ပါတယ်။ တဖက်မှာလည်း ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲတတ်တဲ့ မူဝါဒတွေ၊ မတည်ငြိမ်မှုတွေ၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ၊ သယ်ယူပို့ဆောင်မှုဆိုင်ရာ အခက်အခဲတွေက မြန်မာ့စီးပွားရေးကို စိန်ခေါ်နေပါတယ်။

စစ်ခေါင်းဆောင်က လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ပြောလိုက်၊ လျှပ်စစ်ကားတွေ အကြောင်းပြောလိုက်၊ ၆ လအတွင်း စီးပွားရေးဦးမော့အောင် လုပ်မယ်ပြောလိုက်၊ စီးပွားရေး အထိုက်အလျောက် တက်လာပြီ ပြောလိုက်နဲ့ လေထဲမှာ တိုက်ဆောက်နေပေမဲ့ ပြည်သူတွေရဲ့ ဘဝဟာ ဝါးလုံး‌ခေါင်းထဲ ဆင်ဝင်နေရသလို ကျပ်တည်းနေပါတယ်။

ကိုးကား = ဗဟိုစာရင်းအင်းအဖွဲ့၊ လစဉ်စီးပွားရေးညွှန်ကိန်းစာစောင်၊ ဩဂုတ်လ၊ ၂၀၂၂။

ကိုးကား= အာရှ့ဖွံ့ဖြိုးရေးဘဏ် (Asian Development Outlook 2022) (စက်တင်ဘာ ၂၀၂၂)

5 mins Ago
Up