close

၂၀၂၃ ခုနှစ်

close

January 1, 2023

၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီကို အရေးယူမှုပိုပြင်းထန်နိုင်၊ နွေဦးတော်လှန်ရေးအောင်မြင်မည့် လမ်းပေါ်ရောက်နေပြီဟုဆို

အမေရိကန်အစိုးရက မြန်မာ့အရေးကို  ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းပြီး ပေါ်ပေါ်ထင်ထင် အကူအညီပေးဖို့ ကြိုးစားလာတာကြောင့်  နွေဦးတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မယ့် လမ်းပေါ်ကိုရောက်လာပြီဖြစ်ကြောင်းနဲ့   ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကို အရေးယူအပြစ်ပေးမှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်း အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုခဲ့တာပါ။

မြန်မာ့တော်လှန်ရေးနဲ့ ပြည်သူတွေကို အကူအညီပေးမယ့် အစီအစဉ်တွေထည့်သွင်းထားတဲ့ Burma Act ကိုလည်း အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA  2023  မှာထည့်သွင်းခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ဥပဒေအဖြစ် သမ္မတဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု လွှတ်တော်နဲ့အစိုးရရဲ့ဆောင်ရွက်ချက်တွေဟာ မြန်မာ့အရေးကိုကူညီဖို့ တရားဝင်နည်းလမ်းနဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ချက်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အတည်ပြုချမှတ်ထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ကုလသမဂ္ဂလို နိုင်ငံတကာသူ့ရဲ့မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို ပိုမိုထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့အတွက် ကုလသမဂ္ဂကိုလည်းတွန်းအားပေးမယ်။ နိုင်ငံတကာမိတ်ဆွေတွေနဲ့လည်း လက်တွဲပြီးတော့ လုပ်သွားမယ်ဆိုတာပြောတယ်။ စစ်ကောင်စီလက်နက်မရအောင် အမေရိကန်ပြည်ထောင်စုက အတတ်နိုင်ဆုံး လုပ်သွားမယ်။ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုတွေမရှိအောင် အမေရိကန်ပြည်ထောင်စုက မိတ်ဆွေနိုင်ငံတွေနဲ့ပူးတွဲပြီးလုပ်သွားမယ်။ စစ်ကောင်စီ တာဝန်ရှိတဲ့သူတွေ အကုန်လုံး သူတို့ခန့်ထားတဲ့ ဒုဝန်ကြီးတွေ ဝန်ကြီးတွေအပါအဝင် သူတို့ရဲ့လူတွေအကုန်လုံးကို အရေးယူအပြစ်ပေးဖို့ ပိတ်ဆို့ဖို့။ စစ်တပ်အတွက် ငွေကြေးစီး ဆင်းမှုတွေလုပ်ဆောင်ပေးနေတဲ့ နိုင်ငံပိုင်အဖွဲ့အစည်းတွေ ပုဂ္ဂလိကပိုင်အဖွဲ့အစည်းတွေ အကုန်လုံးကို အရေးယူအပြစ်ပေးဖို့ ဒီဥပဒေဟာ ခွင့်ပြုထားတာပေါ့။ ဆိုတော့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကို အရေးယူအပြစ်ပေးမှုတွေပိုပြင်းထန်လာနိုင်တယ်။ နောက်ပြီးတော့ တော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် လက်တွေ့ကျကျ အကူအညီပေးတာတွေကိုမြင်နိုင်မယ်လို့ ကျနော်တို့ယုံကြည်မိပါတယ်။"လို့ ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကလည်း "ရှင်းအောင်ပြောရရင် ကျနော်တို့ ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းနဲ့ ကိုယ့်အားကိုယ့်အင်လေးနဲ့ ရုန်းကန်နေရတဲ့အခြေအနေမှာတောင် အသာစီးရနေပြီလို့ပြောလို့ရတယ်။ ကမ္ဘာကြီးကို ကျနော်တို့ တဖက်ကလည်း နားပူနားဆာလုပ်ရင်း အကူအညီတောင်းခံရင်း ကိုယ့်ပြည်တွင်းမှာရှိတဲ့အင် အားလေးနဲ့ ရုန်းကန်ခဲ့တဲ့အချိန်မှာတောင်မှ အဓမ္မဘက်တော်သားတွေဟာ သူတို့စရိုက်နဲ့သူတို့ ကံဆိုးပြီး အလဲလဲအကွဲကွဲဖြစ်နေတဲ့ အနေအထား။ ကမ္ဘာကြီးက အခုလိုတိတိပပ အာရုံစိုက်လာပြီဆိုတဲ့အချိန်ကျရင်တော့ ကျနော်တို့ဟာ သေချာပေါက် စဉ်းစားစရာ မလိုလောက်အောင်နိုင်မယ်။”လို့ ပြောပါတယ်။ 

အမေရိကန်အစိုးရဆီက ရလာနိုင်စရာရှိတဲ့ ငွေကြေးနဲ့ နည်းပညာထောက်ပံ့မှုတွေကို တော်လှန်ရေးဦးဆောင်သူတွေက စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ အချက်ပဲအဓိက ကျန်တော့တယ်လို့  ဗိုလ်နဂါးက ပြောပါတယ်။

"ဒီငွေတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတဲ့ အပိုင်းကတော့ NUG အစိုးရနဲ့ ဒေသဆိုင်ရာစီမံခန့်ခွဲတဲ့သူတွေ တိုင်းရင်းသားဦးဆောင်သူတွေရဲ့တာဝန်ဖြစ်တယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကပဲ စဉ်းစားရလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်တယ်။ ဒါက ကျနော်တို့နိုင်ငံမှာ အားနည်းနေတဲ့ လူ့ကျင့်ဝတ်နဲ့ အားနည်းနေတဲ့ အသိတရားကြောင့် ဒီဟာတွေ ရောက်လာတဲ့အခါမှာလည်း မလိုလားအပ်တဲ့ ငြင်းခုန်မှုတွေ လွဲချော်မှုတွေရှိလာနိုင်တယ်။ ဒါတွေကို ကြိုတင်စဉ်းစားပြီးတော့ အတတ်နိုင်ဆုံး အလေးထားဆောင်ရွက်ကြဖို့လိုတယ်။ 

အမေရိကန်အစိုးရက မြန်မာပြည်သူတွေကို ကုလသမဂ္ဂကနေတဆင့် အကူအညီပေးသွားဖို့ လမ်းကြောင်းတွေကိုလည်း အခုအချိန်ကတည်းစတင် ဖော်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီဆီကို လက်နက်တွေမရောက်တော့အောင်၊ စစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုနဲ့ လုပ်ငန်း တွေကို ရပ်တန့်ပိတ်ဆို့သွားနိုင်အောင် စတဲ့ကြိုးပမ်းမှုတွေကိုလည်း ပြင်ဆင်နေတာဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပေါ်ပေါ်တင်တင်ပါဝင်ဖို့ပြင်ဆင်လာသလို စစ်ကောင်စီဘက်ကရပ်တည်ခဲ့တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေဘက်ကလည်း ချိန်ခွင်လျှာညှိဖို့ ကြိုးစားတာ ရှိလာနိုင်တဲ့အတွက် မပြတ်စောင့်ကြည့်နေဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူ တွေက သုံးသပ်ပါတယ်။ 

မြန်မာ့အရေးဟာ ပြည်တွင်းအရေးသာဖြစ်တဲ့အတွက် ပြင်ပက အဆောတလျင် ဝင်ရောက်စွက်ဖက်တာတွေ လုပ်ဖို့မလိုအပ်ဘူးလို့  ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုင်ရာ တရုတ်နိုင်ငံသံတမန်က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြောဆိုထားပါတယ်။ 

မြန်မာ့အရေးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိခိုက်လာနိုင်စရာမရှိတဲ့အတွက် ကုလလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးစရာမလိုဘူးလို့ ရုရှားနိုင်ငံသံတမန်ကကလည်း  ပြောပါတယ်။ 

1 month Ago

December 14, 2022

မြန်မာ့အရေး ပိုပွဲကြမ်းလာတော့မယ့် ၂၀၂၃ ခုနှစ်

နိုဝင်ဘာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေး စတင်တယ်ဆိုကတည်းက အာဆီယံနဲ့ အကြမ်းဖက် စစ်အုပ်စုကြား အထိအလှုပ်တွေက မျက်စိရှင်ရှင်ထား ကြည့်ရလောက်အောင် ခပ်သွက်သွက် မြန်ခဲ့တယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ရပ် ထွက်ပေါ်လာခဲ့တယ်။ အဲဒီ ၁၅ ချက်ဟာ လျော့လျော့ရဲရဲ ပျော့ပျော့ပြဲပြဲနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ရဲ့ အမှိုက်ခြင်းထဲရောက်နေတဲ့ အာဆီယံမူ ၅ ရပ်ကို တင်းတင်းရင်းရင်းဖြစ်အောင် တင်းကျပ်လိုက်တဲ့သဘောလို့ ပြောနိုင်သလို စစ်အုပ်စု မကြည်မှာ၊ စစ်အုပ်စုနဲ့ မျက်နှာပျက်မလား ဆိုတာမျိုးကို မကြည့်ဘဲ အာဆီယံမူ ၅ ရပ်ကို မူ ၅ ရပ်နဲ့အညီ တိတိကျကျ ဖော်ဆောင်ပါ့မယ်လို့ ကိုယ့်ကိုယ်ကိုယ်‌ရော နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ကတိခံလိုက်တာလို့လည်း ပြောနိုင်ပါတယ်။

ဒါပေမဲ့ အာဆီယံဆုံးဖြတ်ချက် ၁၅ ရပ် ထွက်လာတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ အကြမ်းဖက် စစ်အုပ်စုက အဲဒီ ၁၅ ရပ်ကို ပယ်ချလိုက်ပါတယ်။ သူတို့မပါဘဲ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မို့ ပယ်ချလိုက်တာလို့ အကြောင်းပြပေမဲ့ တကယ့်တကယ်ကတော့ အဲဒီ ၁၅ ရပ်ဟာ စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ မကိုက်ညီလို့ ပယ်ချလိုက်တာပါ။ ဒါ့အပြင် အာဆီယံအနေနဲ့ NUG အစိုးရနဲ့ မတွေ့ဖို့ကိုလည်း ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောခဲ့ပါသေးတယ်။

ဆုံးဖြတ်ချက် ၁၅ ရပ်က အာဆီယံခေါင်းဆောင်များ စကားဝိုင်းကနေ အခုမှ ထွက်ခါစ ပူပူနွေးနွေးရှိနေတုန်း ပယ်ချလိုက်တာဆိုတော့ သံတမန်ရေး ပွဲပြတ်ပြီလားလို့ တွေးနေတုန်းမှာပဲ စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာဆိုပြီး နိုဝင်ဘာ ၁၇ ရက်မှာ ချိုချဉ်ကျွေးလာပြန်ပါတယ်။

လွတ်ငြိမ်းခွင့်ရ အကျဉ်းသား ၆,၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးသာ ပါတဲ့အပြင် အဲဒီ နိုင်ကျဉ်းတွေက မကြာခင် လွတ်ရက်စေ့တော့မှာဖြစ်ကြောင်း သိရပြန်တော့ စစ်အုပ်စုရဲ့ လွတ်ငြိမ်းဟာ အပေါ်ယံ ထောပတ်သုတ်ထားတဲ့ ချေးမှန်း ချက်ချင်းဆိုသလို သိသွားကြပါတယ်။

ဒါပေမဲ့ အပေါ်ယံ ထောပတ်သုတ်ထားတဲ့ချေးကို ချေးမှန်းသိပြီး ဒါဟာ ချေးမဟုတ်ဘဲ ထောပတ်တွေပါလို့ လုပ်လာသူတယောက်တော့ ရှိပါတယ်။ သူကတော့ မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းပဲ ဖြစ်ပါတယ်။

ပရက်ဆော့ခွန်းက လွတ်ငြိမ်းခွင့်ပေးတယ် ဆိုတာနဲ့ ချက်ချင်းဆိုသလို ခြေပစ်လက်ပစ်ကို ထောက်ခံပစ်လိုက်ပါတယ်။ ဒီလွတ်ငြိမ်းဟာ အာဆီယံ မူ ၅ ရပ်နဲ့ လိုက်လျောညီထွေ ရှိပါတယ်လို့လည်း ချက်ချင်းကို ကောက်ချက်ချလိုက်ပါတယ်။ ပြီးတော့ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း တတိယအကြိမ်မြောက် နေပြည်တော် သွားမယ်လို့လည်း ဆိုရဲ့။

ဒါပေမဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့ လူငယ် ၄ ဦးကို စစ်အုပ်စု စစ်ခုံရုံးကနေ သေဒဏ်ပေးလိုက်တဲ့သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြန်တော့ နေပြည်တော်လာချင်နေတဲ့ ပရက်ဆော့ခွန်းအတွက် အခက်တွေ့စေခဲ့တယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

ဒီဇင်ဘာ ပထမပတ်ထဲမှာတော့ ပရက်ဆော့ခွန်းရဲ့ နေပြည်တော်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။ အကြောင်းပြချက်က ပရက်ဆော့ခွန်းဟာ အာဆီယံ-အီးယူ အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့  တက်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံကိုသွားဖို့ အချိန်တိုတောင်းလွန်းတာကြောင့်လို့ ဆိုပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက စစ်အုပ်စုအနေနဲ့ အာဆီယံ မူ ၅ ချက်ကို အကောင်အထည်ဖော်ဖို့  သဘောထား မပြသခြင်းနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်လိုက်ခြင်းတို့ကြောင့် ပရက်ဆော့ခွန်းရဲ့ ခရီးစဉ် ဖျက်သိမ်းခြင်းဖြစ်တယ်လို့  သုံးသပ်ကြောင်း ခမာတိုင်းမ်က ဖော်ပြပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေတခုက ပရက်ဆော့ခွန်းရဲ့ နေပြည်တော်ခရီးစဉ်ကို တခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဝိုင်းမေးခွန်းထုတ် ကန့်ကွက်ခဲ့တာကြောင့် ပျက်သွားခြင်းပါပဲ။ တကယ်တော့ နေပြည်တော်ကို ဘာသွားလုပ်မှာလဲဆိုတဲ့ မေးခွန်းအတွက် ပရက်ဆော့ခွန်းမှာ ရေရာတဲ့အဖြေ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလားဆိုတော့ နိုး။ စစ်အုပ်စု တွေ့ခိုင်းတဲ့လူတွေ မဟုတ်ဘဲ တခြားဒီမိုကရေစီအင်အားစုထဲက ဘယ်သူတွေနဲ့ တွေ့ခွင့်ရမလဲ ဆိုတော့ နိုး။ အာဆီယံမူ ၅ ရပ်နဲ့ပတ်သက်ပြီး မင်းအောင်လှိုင်နဲ့ ဘာဆွေးနွေးခွင့်ရမလဲ ဆိုတော့ မရေရာ။ ဒါဆို နေပြည်တော်ကို ဘာသွားလုပ်မှာလဲ၊ ပရက်ဆော့ခွန်းမှာ ဖြေစရာမရှိ။ အရင့်အရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တုန်းကလည်း ဟိုလိုလိုဒီလိုလို မျှော်လင့်ချက်တွေ ပေးပြီး လက်ချည်းဗလာ ပြန်လာခဲ့ရတာနဲ့ အခု အထူးသံတမန်သက်တမ်းကုန်ခါနီးအချိန် ရောက်နေပြီမို့ မရေရာတာတွေကို လက်လျှော့လိုက်ဖို့ တခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေက ကန့်ကွက်ခဲ့ပုံရပါတယ်။

အဲဒါကြောင့် ပရက်ဆော့ခွန်းက နေပြည်တော်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း နေပြည်တော်ကို အကြောင်းကြားလိုက်တဲ့အချိန်မှာ ပရက်ဆော့ခွန်းကနေတဆင့် ၂၀၂၃ ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ချင်နေတဲ့ စစ်အုပ်စုရဲ့ မျှော်လင့်ချက်ဟာ ခုတ်လှဲခံလိုက်ရပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ သဘောထားကို ဆဝါးလိုက်နိုင်တဲ့ အကြမ်းဖက် စစ်အုပ်စုအတွက် ဆတ်ဆတ်ခါ၊ အာဆီယံကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ပေးလိုက်ခြင်းလို့လည်း ကောက်ယူနိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးအကဲခတ်တချို့ရဲ့ မှန်းဆချက်လို သေဒဏ်ကြောင့် ပရက်ဆော့ခွန်း ခရီးစဉ်ကို ဖျက်လိုက်တာမဟုတ်ဘဲ ပရက်ဆော့ခွန်းမလာလို့ သေဒဏ်ပေးလိုက်တယ်ဆိုတာမျိုး မှန်းဆချက် ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အငြိုးတကြီး လက်စားချေလိုတဲ့စိတ်ကို မထိန်းသိမ်းနိုင်တာကြောင့် သေဒဏ်ပေးလိုက်တာမျိုး မဟုတ်ဘဲ ပရက်ဆော့ခွန်း မလာတော့လို့ သေဒဏ်ပေးလိုက်တယ် ဆိုရင်တော့ စစ်အုပ်စုက အာဆီယံကို မာမာထန်ထန် တုံ့ပြန်ဖို့ လုံးဝ ပိုင်းဖြတ်ထားလိုက်ပြီလို့ ဆိုနိုင်ပါမယ်။

၂၀၂၃ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်၊ အင်ဒိုနီးရှားနိုင်ငံ ဆိုတာက အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံလည်းဖြစ်၊ ကမ္ဘောဒီးယားလို နောက်ကျောမလုံစရာ အာဏာရှင် ပြဿနာမျိုးလည်း မရှိတဲ့အတွက် မြန်မာ့အရေးကို ကမ္ဘောဒီးယားလို မကိုင်တွယ်ဘူးလို့ သေချာပေါက် ပြောနိုင်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်ရဖို့ အာဆီယံရဲ့ ကြိုးပမ်းချက်အပေါ် သက်ရောက်မှုတွေ ရှိနေတယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက အခု ဒီဇင်ဘာဒုတိယအပတ်အတွင်း သတိပေးလိုက်သလို အိန္ဒိယအစိုးရအနေနဲ့ အာဆီယံရဲ့ နည်းလမ်းအတိုင်း လိုက်ပါဆောင်ရွက်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီက တိုက်တွန်းလိုက်ခြင်းကလည်း မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌသစ်ရဲ့ ရပ်တည်မှုကို ဖော်ပြနေပါတယ်။

ပြီးတော့ နွေဦးတော်လှန်ရေးကို အထောက်အပံ့ပေးမယ့် အမေရိကန် NDAA ဥပဒေကို  ဒီနှစ်မကုန်ခင် သမ္မတ ဘိုင်ဒင်က လက်မှတ်ထိုးနိုင်ခြေ ရှိနေပါတယ်။ အဲဒီဥပဒေကိုသာ အတည်ပြုခဲ့ပြီဆိုရင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကို လက်နက်မဟုတ်တဲ့ နည်းပညာတွေ ကူညီထောက်ပံ့ရေး၊ CDM တပ်မတော်သားတွေကို အကူအညီပေးရေး စတဲ့ အစီအစဉ် ၇ ခု ပါဝင်လာမယ့်အပြင် ပိတ်ဆို့အရေးယူမှုတွေလည်း ပိုပြင်းထန်လာနိုင်ပါတယ်။

NDAA က မြန်မာ့အရေးဟာ အာဆီယံမူ ၅ ရပ်လောက်နဲ့ မလုံလောက်တော့ဘူး ဆိုတာကို ပြဆိုနေတယ်လို့ နားလည်နိုင်ပါတယ်။ ဒါ့အပြင် NDAA ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို လက်နက်မဟုတ်တဲ့ နည်းပညာတွေ ကူညီထောက်ပံ့ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးကို တစိတ်တပိုင်း အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

အဲဒါကို နောက်တမျိုး ထပ်ချဲ့တွေးကြည့်ရင် မြန်မာ့အရေးဟာ သံတမန်ရေးလမ်းဆုံး ရောက်သွားချိန်မှာ နောက်တလှမ်း ထပ်လှမ်းနိုင်ဖို့အတွက် ကြိုတင် ခြေတဖက်လှမ်းထားခြင်း လို့လည်း မှတ်ယူနိုင်ပါတယ်။

အခု စစ်အုပ်စု လှမ်းနေတာကတော့ သံတမန်ရေးလမ်းဆုံးကိုပဲ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ စစ်အုပ်စုဆီ ရောက်လာမယ့် ဖိအားတွေ ပိုပြင်းလာပါမယ်။ နောက်ထပ် အင်းစိန်ထောင်တွင်း ခိုးကြောင်ခိုးဝှက် ကြိုးပေးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ တိုက်ပွဲတွေလည်း ပိုပြင်းထန်လာဖို့ ရှိပါတယ်။ စစ်အုပ်စု လုပ်ချင်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ပျက်အောင် ဖျက်ရပါမယ်။

စစ်အုပ်စု ဘယ်လောက် တောင့်ခံနိုင်မှာလဲလို့ မေးရင် စာရှုသူတို့ ဘယ်လိုဖြေချင်ပါသလဲ။

ထွန်းလင်း

2 months Ago
Up