close

၂၀၂၃ ရွေးကောက်ပွဲ

close

March 9, 2023

၂၀၂၃ ရွေးကောက်ပွဲဟာ နိုင်ငံနှင့် ပြည်သူအားလုံး၏ ထွက်ပေါက်ဟု ကျားဖြူပါတီခေါင်းဆောင် ပြော

၂၀၂၃ ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံနဲ့ပြည်သူအားလုံးရဲ့ ထွက်ပေါက်ဖြစ်တယ်လို့ မတ်လ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်၊ အလုံမြို့နယ်၊ ကမ်းနားလမ်း  MMM ကွန်ဒိုရှိ ပါတီဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ကျားဖြူပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

အရင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုတဲ့နာမည်ကို  ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလို့ အမည်ပြောင်းလဲကာ ဖေဖော်ဝါရီ ၂၇ ရက်က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တာလို့ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

"ရွေးကောက်ပွဲဝင်တယ်ဆိုတာ နစကအတွက် ထွက်ပေါက်ပေးတာမဟုတ်ဘူး။ နိုင်ငံနဲ့ ပြည်သူအားလုံးအတွက် ထွက်ပေါက်ဖြစ်ပါတယ်။ ကျားဖြူပါတီအနေနဲ့ ရှမ်းပြည်နယ်အတွက် မဟုတ်ဘဲ အကုန်လုံး ဝင်ပြိုင်လို့ရအောင် တိုင်းရင်းသားတွေ အားလုံးပါနိုင်အောင်  ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလို့ အမည်ပြောင်းလိုက်တာပါ ပြည်ထောင်စုတဝန်းပြိုင်မှာပါ" လို့ ပြောပါတယ်။

ဒါ့အပြင် ကျားဖြူပါတီအနေနဲ့ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ မကွေးနဲ့နေပြည်တော် စတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီး ၇ ခုမှာ နေရာပေါင်း ၂၁၀ ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ရန်ကုန်တိုင်းတာဝန်ခံ ဦးလှဌေးက ပြောပါတယ်။

"ကျားဖြူပါတီက သွားမယ့်လွှတ်တော်ကိုယ်စားလှယ်တွေဟာ  လွှတ်တော်ထဲမှာ သွားထိုင်ရမယ့် အဆင့်မျိုးရှိတဲ့  ကိုယ်စားလှယ်မျိုးတွေကို မရွေးချယ်ပါဘူး။ တကယ်အရည်အချင်းရှိပြီးတော့ ပြောနိုင်ဆိုနိုင်မယ့်၊ လုပ်နိုင်ကိုင်နိုင်မယ့် ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမှာပါ။" 

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ မနေ့ကလည်း ပြည်နယ်နဲ့တိုင်းဒေသကြီး တာဝန်ခံတွေနဲ့တွေ့ဆုံကာ ရှေလုပ်ငန်းစဥ်မူဝါဒ ရှစ်ချက်ကို ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ ပါတီ ၁၇ ပါတီရှိပြီး အဲ့ဒီအထဲမှာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့် ပါတီ ၅ ပါတီရှိကာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်း စည်းရုံးမယ့် ပါတီ ၁၂ ပါတီရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၁၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာ ၂၇ အနိုင်ရရှိခဲ့တဲ့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ)ကတော့   အာဏာသိမ်းစစ်တပ်ကပြဋ္ဌာန်းလိုက်တဲ့ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်မလား မတင်ဘူးလားဆိုတဲ့အပေါ် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင်ကတော့ ဥပဒေသစ်အရ ပါတီတခုအနေနဲ့ အထူးသဖြင့်တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည့်စုံဖို့မလွယ်ကြောင်းနဲ့ ကြံ့ခိုင်ရေးတပါတီတည်းသာ နိုင်ငံတဝန်းယှဉ်ပြိုင်မယ့်ပါတီကျန်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းတော့  ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရချိန်မှာ  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ရွေးကောက်ပွဲဝင်မပြိုင်ခဲ့ချိန်မှာ ကျားဖြူပါတီက ဝင်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်နေရာတချို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

15 mins Ago

November 15, 2022

စစ်ကောင်စီကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲကို မလေးရှား မထောက်ခံ

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို မလေးရှားက ထောက်ခံအားပေးခြင်းမရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောတဲ့အကြောင်း MalayMail သတင်းမှာ ဖော်ပြပါတယ်။

တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုမပါဘဲ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို စစ်ကောင်စီက သူတို့အသာစီးရအောင် ဘက်လိုက်ကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တာကြောင့် အဲဒီရွေးကောက်ပွဲကို မလေးရှားက မထောက်ခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီနစ်ကျင့်သုံးတဲ့နိုင်ငံအဖြစ်သို့ ပြန်လည်ပြောင်းလဲစေရေးနဲ့ အနာဂတ်မှာ ပိုမိုတည်ငြိမ်လာစေရေးအတွက် ကူညီပေးဖို့ မလေးရှားက ဆုံးဖြတ်ထားတယ်လို့ မလေးရှား ဝန်ကြီးက ဆိုင်ဖူဒင်က ဆိုပါတယ်။

“ဒီစစ်အာဏာရှင်တွေက ရွေးကောက်ပွဲအကြောင်း ပြောနေတာကိုက သဘာဝမကျဘူး။ ဘာလို့လဲဆိုရင် အရင်ကမြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတယ်လို့နိုင်ငံတကာစောင့်ကြည့်သူတွေ အများကြီးက လက်ခံထားကြပြီးသားဖြစ်တယ်။ ဒီမိုကရေစီ အစိုးရက အရင်ရွေးကောက်ပွဲမှာ အကြီးအကျယ်နိုင်ထားပြီးသား။ ဒါပေမဲ့ လွှတ်တော်မစခင်မှာ စစ်တပ်က အာဏာလုခဲ့တာပဲ။ ဒါကြောင့် မလေးရှားနဲ့ အာဆီယံက သူတို့အခုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံဖို့ဆိုတာ သဘာဝမကျဘူး”လို့  အွန်လိုင်းက ကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ G20 အစည်းအဝေးတက်ဖို့သွားနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်နဲ့လည်း ဗီဒီယိုကနေတစ်ဆင့် တိုက်ရိုက်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်းက NGO တွေကို ဘဏ္ဍာရေးထောက်ပံ့ကူညီရာမှာ ပွင်းလင်းမြင်သာမှုရှိစေရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) က တောင်းဆိုထားတဲ့ “အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူများဖိုရမ်” အကောင်အထည်ဖော်နိုင်ရေးမှာ ပူးပေါင်းပါဝင်ကူညီဖို့  တောင်းဆိုခဲ့တယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။ 

လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီပေးလိုတဲ့ NGO တွေ များစွာ ရှိနေပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေကြတယ်လို့ သူကပြောပါတယ်။ အဲဒီပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် NUG က အဆိုပြုထားတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ဖိုရမ် ဖြစ်မြောက်လာရေးကို မလေးရှားက ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဖမ်းဆီးထားတာဟာ တရားဥပဒေနဲ့ ကိုက်ညီခြင်းမရှိတာကြောင့် ပြန်လွှတ်ပေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တားရက်စ်ကလည်း မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေ ပြေလည်စေရေးအတွက်ကူညီပေးမယ့် ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ထပ်မံပြောကြားခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစနစ် အဆုံးသတ်သွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အပြားမှာ  သန်းနဲ့ချီတဲ့ ပြည်သူတွေက  စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် နိမ်နင်းခဲ့တာဖြစ်ပါတယ်။

4 months Ago
Up