တခါတရံမှာ ဒုက္ခဆိုတာ တခုတည်းတင်မကဘဲ အပြုံလိုက် ကျရောက်လေ့ရှိပါတယ်။ အခြေအနေ အကြောင်းတရားတွေ စုဆုံမိပြီဆိုရင် ဒုက္ခဟာ အဖော်အပေါင်းတွေနဲ့ ရောက်လာတတ်တာမျိုးပါ။ အခုလည်း အာဏာရူး ပြည်သတ်သမား မင်းအောင်လှိုင်ရဲ့ အကုသိုလ်ကံ ကဋေကဋာဟာ အကျိုးပေးချိန်ကျလာဖို့ ၂၀၂၃ ခုနှစ်ဟာ သမိုင်းကမ္ပည်းထိုးဖို့ ရောက်ရှိလို့လာနေပါပြီ။
အာဏာလုခဲ့ပေမဲ့ ပြည်သူကမပေးတာမို့ အာဏာမတည်နိုင်ဘဲ တပြည်လုံးမှာ စိုးမိုးနယ်မြေ နည်းသထက်နည်းလာတဲ့ မအလနဲ့ လူမိုက်တွေဟာ ရတဲ့နယ်မြေတချို့မှာ ရွေးကောက်ပွဲ အတုအယောင် ကျင်းပလို့ လှေကြီးထဲ လှေငယ်ဆောက်နေရတဲ့ အခြေကို ဆိုက်ရောက်လာပါပြီ။ လက်ကျန်စစ်ဓားပြဂိုဏ်းသားတွေ အသိဉာဏ်ရှိသေးရင်တော့ လှေကြီးမြုပ်တဲ့အထဲ ပါမသွားချင်ရင် စစ်ဓားပြဂိုဏ်းကို အမြန်ဆုံး စွန့်ခွာကြဖို့ပဲ ရှိပါတယ်။
ကလေးသူငယ်တွေကို သစ်ပင်နဲ့ရိုက်သတ်ခဲ့တဲ့ ကမ္ဘောဒီးယားက ပိုပေါ့တို့ ခမာအရိုင်းအစိုင်းတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အဲ့ဒီတုန်းက ခမာစစ်သားဆို ကလေးငယ်တွေကအစ ခဲလုံးတွေနဲ့ ဝိုင်းပစ်ပေါက်ရလောက်အောင် ပြည်သူရဲ့အမုန်းခံခဲ့ရပြီး နောက်ဆုံးမှာ ကျဆုံးဇာတ်သိမ်းခဲ့ရပါတယ်။ အခု မြန်မာနိုင်ငံက စစ်မိစ္ဆာ ဘီလူးသဘက်တွေဟာ ပိုပေါ့တို့ထက် ပိုယုတ်မာ ကြမ်းကြုတ်ရက်စက်ပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ စိတ်ရောဂါသည်ကအစ လူမမာအဆုံး တိုင်းပြည်လွတ်လပ်ရေးရခဲ့တဲ့နေ့မှာတောင် ကိုယ့်ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတဲ့ လက်နက်ကိုင်စစ်ဓားပြတပ်ကို ဦးထုပ်ကနေ ဖိနပ်ထိ ချန်မထားအပ်တော့ပါဘူး။
၂၀၂၃ ခုနှစ်ဟာ အာဏာလုစစ်ဓားပြခေါင်းဆောင် မအလအတွက် ဒုက္ခလည်ပင်းရစ် အကုသိုလ်စုံ အကျိုးပေးမယ့်နှစ်လို့ ပြောနိုင်တဲ့နှစ် ဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ကံဆိုးမိုးမှောင်ကျမယ့်သူတွေဆီမှာ တွေ့ရတတ်တဲ့ အဆီအငေါ်မတည့် ပြောဆိုလုပ်ကိုင်မှုတွေ၊ ဆင်ခြင်တုံတရား ကင်းမဲ့သူတွေသာ ပြုတတ်တဲ့ ကြံစည်ပြောဆို လုပ်ကိုင်မှုတွေ၊ အလုပ်အကိုင် အမှားတွေကို သူရူးတယောက်ပမာ စစ်မိစ္ဆာခေါင်းဆောင်မှာ ခပ်စိတ်စိတ် တွေ့လာရလို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ တိုင်းပြည်ရဲ့ လက်တွေ့ ပကတိအခြေအနေမှန်ကို မထင်ဟပ်ဘဲ ထင်ရာစိုင်း တဖက်ပိတ် ပြောဆိုမှုသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုက်အဝန်းက တုံ့ပြန် ပြောကြားရလောက်အောင် ရုပ်ပျက်ဆင်းပျက် ပညာမဲ့လွန်းလှပါတယ်။
တိုင်းပြည်တပြည်မှာ နိုင်ငံရေးမတည်ငြိမ်ဘဲ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်နေခဲ့ရင်၊ တရားဥပဒေစိုးမိုးမှုမရှိရင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လို့ မရနိုင်ဘူးဆိုတာ အသိဉာဏ်ရှိတဲ့ လူသားတိုင်း စဉ်းစားနိုင်ပါတယ်။ အထက်ကလို အပေါစား ဟာသဆန်ဆန် ယုတ္တိမရှိဘဲ ပေါက်လွှတ်ပဲစား ပြောဆိုတာဟာ သူနဲ့ သူ့လက်ပါးစေ နောက်လိုက်တွေရဲ့ အဆင့်အတန်းနဲ့ လားရာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။
နောက်ထပ် အဆီအငေါ်မတည့်တဲ့ ကြံစည်လုပ်ကိုင်မှုကတော့ လက်နက်ကိုင်တိုက်ပွဲတွေ တဂျိမ်းဂျိမ်းဖြစ်နေတဲ့ ကရင်ပြည်နယ်မှာ အာဏာလု အကြမ်းဖက်စစ်ကောင်စီက သူတို့လက်ထက် လမ်းတံတားတွေ တိုးတက်သလိုလို အယောင်ပြနိုင်ဖို့ မြဝတီ-မဲဆောက် တံတား ၁ ကို ဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်ကြား မိုင်းပေါက်ကွဲပြီး လမ်းအလယ်မှာ အပေါက်ကြီးဖြစ်ကျန်ရစ်ခဲ့တာမို့ သဲထဲတိုက်ရေသွန်သလို အကျိုးမရှိတဲ့ လူမိုက်အလုပ်ကို လုပ်ကြတာပါပဲ။ ငြိမ်းချမ်းရေးမရှိတဲ့ အမည်းရောင်နယ်မြေမှာ နိုင်ငံရေးတည်ငြိမ်မှုရအောင် အားမထုတ်ဘဲ အယောင်ပြ လမ်းတံတားဆောက်တာဟာ တိုင်းပြည်ဘဏ္ဍာကို အလဟဿ ဖြုန်းတီးပစ်တာ ဖြစ်ပါတယ်။
ရွဲ့ပြောတာဖြစ်ဖြစ်၊ အတည်ပြောတာဖြစ်ဖြစ် တပြည်လုံး လျှပ်စစ်မီး မလုံလောက်လို့ အလှည့်ကျစနစ်နဲ့ အမှောင်ထဲ ငုတ်တုပ်ထိုင်နေရချိန်မှာ လျှပ်စစ်ကားထုတ်မယ် ပြောလိုပြော၊ လျှပ်စစ်ရထားဆောက်မယ် ဆိုလိုဆို အဲ့သလို မစင်ပေါက်နဲ့တူတဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင်ရဲ့ ပါးစပ်က အသိဉာဏ်မဦးစီးဘဲ ထင်ရာစိုင်းတဲ့လုပ်ရပ်တွေ၊ အရေမရ အဖတ်မရ အောက်တန်းကျတဲ့ အပြောအဆိုတွေဟာ တဖြည်းဖြည်း ပိုစိတ်လာတာဟာ သူနဲ့ သူ့ဓားပြဂိုဏ်းအတွက် ကံဆိုးမိုးမှောင်ကျချိန် နီးလာတာ၊ အကုသိုလ်ကံတွေ စုပြုံအကျိုးပေးတော့မှာကို နမိတ်လက္ခဏာများအဖြစ် ပြသလာတာ ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်သူ့အစိုးရရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ကို စစ်ဓားပြဂိုဏ်းက ပြန်ပေးဆွဲသလို ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်ချထားရာက နိုင်ငံတကာဖိအားတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ လွှတ်ပေးခဲ့ပေမဲ့ ပါမောက္ခ ရှောင်တာနယ်လ် အင်တာဗျူးပြောတာကို မနှစ်သက်တာမို့ ပြန်လည်ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြန်တာဟာ ကမ္ဘာ့အလယ်မှာ သိက္ခာမဲ့စွာ သူတို့မျက်နှာ သူတို့ကိုယ်တိုင် အိုးမည်းသုတ်တဲ့ ကဘောက်တိ ကဘောက်ချာ လုပ်ရပ်အမှားတခုပါပဲ။
ယုတ်မာကောက်ကျစ်ပြီး အကုသိုလ်တရားတွေနဲ့ ပြည့်စုံလို့ ဝန်တိုမှုမစ္ဆရိယ အားကြီးလွန်းလှတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ လက်ပါးစေ စစ်မိစ္ဆာတွေဟာ လူ့အသိုင်းအဝိုင်းက ခွင့်မလွှတ်ထိုက်တော့တဲ့ အမှားများစွာ ထပ်တလဲလဲ ကျူးလွန်ပြီး တိုးလိုက် မိုက်လာခဲ့ကြတာဟာ ၂ နှစ်ပြည့်ပါတော့မယ်။ ဂျီနီဗာကွန်ဖရင့် သဘောတူညီချက်တွေ ဗြောင်ချိုးဖောက်၊ အခြေခံလူ့အခွင့်အရေးကို ဖောက်ဖျက်၊ နိုင်ငံသားအခွင့်အရေးတွေ နင်းချေ၊ လူသားအမျိုးအနွယ်အပေါ် ကျူးလွန် ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုမျိုးစုံနဲ့ အကုသိုလ် ထုနဲ့ထေး ဂျွတ်ထနေအောင် ကျူးလွန်ခဲ့ကြတာတွေအတွက် စတင်ပြီး ပြန်လည်ပေးဆပ်ရမယ့်နှစ်ဟာ ၂၀၂၃ ခုနှစ်ဆိုတာ စစ်အာဏာရှင်စနစ်ဟောင်းကို အကြွင်းမဲ့ဖျက်သိမ်းမယ့် မယိမ်းယိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ သံမဏိစိတ်ဓာတ်နဲ့ အပြင်းပြဆုံးဆန္ဒ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးဖြစ်ထွန်းလာမှုတွေက တညီတညွတ်တည်း ညွှန်ပြနေပြီ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ စစ်မိစ္ဆာအုပ်စုအတွက် အပြုံလိုက် ကျရောက်လာမယ့် ဒုက္ခတွေရဲ့ ရှေ့ပြေးသတင်းကတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ အဆင့်မြင့် ဇိမ်ခံဘန်ကောက်ကွန်ဒိုတလုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ် ပါဝင်တဲ့အကြောင်း ဇန်နဝါရီလ ၁၁ ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ Justice For Myanmar ရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
နောက်ဆက်တွဲဒုက္ခတွေကတော့ သမ္မတရူး မင်းအောင်လှိုင်ဟာ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်လို ဒုက္ခမျိုး ကြုံရမလား၊ လစ်ဗျားအာဏာရှင် ကဒါဖီလိုဒုက္ခမျိုးနဲ့ ကြုံရမလား၊ သူတို့ထက် ပိုဆိုးဝါးတဲ့ ဒုက္ခမျိုးနဲ့ ငရဲခံရမလား၊ စစ်ဓားပြဂိုဏ်းနဲ့တကွ ထောက်ခံသူ၊ ကူညီသူ၊ ပူးပေါင်းကျူးလွန်ခဲ့ကြသူတွေဟာ နာဇီအာဏာရှင် ဟစ်တလာ စစ်ရှုံးလို့ ကျဆုံးအပြီး နာဇီစစ်ရာဇဝတ်ကောင်တွေ အမဲလိုက်ခံရသလို ခံရမလား၊ ၁၉၇၅ ခုနှစ် ဗီယက်နမ်ပြည်တွင်းစစ်အပြီးမှာ စစ်ရှုံးတဲ့ တောင်ဗီယက်နမ်တပ်မတော်နဲ့ ထောက်ခံသူတွေ ကြုံရတဲ့ ငရဲဒုက္ခမျိုး ခံရမလား ဆိုတာကတော့ မကြာတော့မယ့် ကာလတခုရဲ့ ငွေရောင်ပိတ်ကားပေါ်မှာသာ ရှုကြရမှာဖြစ်ပါကြောင်း။
မင်းကောင်းချစ်
(၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန် လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။
NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
(၂) ကျနော်တို့ စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲဝေ သတ်မှတ်ရေးကော်မတီ (Senate and House Appropriations Committees) ခေါင်းဆောင်များက ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးဌာနအသီးသီးအတွက် အသုံးစရိတ် ခွဲဝေသတ်မှတ်မှုတွေ အားလုံးကို စုပေါင်းပြဋ္ဌာန်းထားတာမို့ ဒီဥပဒေမူကြမ်းဟာ စာမျက်နှာ ၄,၀၀၀ ကျော်ရှိပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၂)၊ အောက်လွှတ်တော်မှာ သောကြာနေ့ (ဒီဇင်ဘာ ၂၃) ရက်တွေမှာ အတည်ပြုနိုင်ဖို့ ပြင်ဆင်နေကြပြီး သောကြာနေ့ ညနေပိုင်းမှာ သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
(၃) ဒီ စာမျက်နှာ ၄,၀၀၀ ကျော်တဲ့ ဥပဒေမူကြမ်းထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေပမာဏနဲ့ လမ်းညွှန်ချက်များ စာမျက်နှာ ၄ မျက်နှာ ပါဝင်ပါတယ်။ အကျဉ်းချုံးပြောရရင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်းတစ်သိန်းနှစ်သောင်းခုနှစ်ထောင် ($136,127,000) ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ မနှစ်က ထောက်ပံ့ကူညီဖို့ သတ်မှတ်ပေးခဲ့တဲ့ ပမာဏနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၂၃ သန်း ၅ သိန်း ($23,500,000) ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီ ထောက်ပံ့ငွေတွေနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ဦးဆောင်အင်အားစုများဖြစ်ကြတဲ့ NUG၊ NUCC၊ CRPH၊ CDM၊ EROs၊ PDFs နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ဘယ်လိုဘယ်ပုံ ကူညီရမယ်ဆိုတာတွေကို The Burma Act ထဲမှာ အသေးစိတ်ဖော်ပြထားပြီသား ဖြစ်ပါတယ်။
(၄) အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကုန်ဆုံးပါတယ်။ ၂၀၂၃ ဘဏ္ဍာရေးနှစ်က တကယ်တော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီနဲ့ ရီပါတ်ဘလီကန်ပါတီ ခေါင်းဆောင်များအကြား ကွဲပြားမှုတွေများလွန်းလို့ အချိန်မီ မပြဋ္ဌာန်းနိုင်ခဲ့ပါ။ ဒါကြောင့် ကြားကာလမှာ အစိုးရယန္တရားများ အဆက်မပြတ် အလုပ်လုပ်နိုင်ရေးအတွက် Continuing Resolution (CR) လို့ ခေါ်တဲ့ ကာလတိုဘတ်ဂျက်ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုထားတဲ့ CR က လာမယ့် သောကြာနေ့၊ ဒီဇင်ဘာ ၂၃၊ ည ၁၂ နာရီမှာ ကုန်ဆုံးမှာပါ။ အဲဒီအချိန်အထိ ဒီ CAA 2023 ကို သမ္မတ လက်မှတ်ရေးထိုးအတည်မပြုနိုင်ရင် အစိုးရမှာ ဆက်လက်သုံးစွဲစရာ ဘတ်ဂျက်မရှိတော့ဘဲ အစိုးရယန္တရားကြီးတခုလုံး အချိန်အတိုင်းအတာတခုအထိ ရပ်ဆိုင်းသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အစိုးရယန္ထရားကြီး ရပ်ဆိုင်းသွားရင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးစနစ်ကြီးတခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိမှာဖြစ်ပြီး အဲဒီအကျိုးဆက်က တကမ္ဘာလုံးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များက သူတို့ ညှိနှိုင်းဆွေးနွေးသဘောတူထားတဲ့ CAA 2023 ကို ဒီအပတ်ထဲမှာ လွှတ်တော် ၂ ရပ်စလုံးမှာ အတည်ပြုပြီး သမ္မတဆီ သောကြာနေ့ ညသန်းခေါင်မတိုင်မီ ပို့နိုင်ဖို့ ကြိုးစားနေကြတာပါ။
(၅) ပါတီကြီး ၂ ခုစလုံးထဲမှာ ဒီ CAA 2023 မူကြမ်းကို အပြည့်အဝ လက်မခံနိုင်ကြသူတွေလည်း ရှိကြပါတယ်။ အထူးသဖြင့် အောက်လွှတ်တော်မှာ လက်ရှိ လူနည်းစုပါတီ (Minority Party) ဖြစ်တဲ့ ရီပါတ်ဘလီကန်ပါတီအမတ်များက သူတို့ လူများစုပါတီ (Majority Party) ဖြစ်လာမယ့် အချိန် နောက်နှစ် ဇန်နဝါရီလကျမှပဲ ဒီဥပဒေကို စဉ်းစားနိုင်မယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါတီကြီး ၂ ခုစလုံးမှာ ဒီတပတ်မကုန်ခင် ဒီ CAA 2023 ကို သမ္မတ လက်မှတ်ရေးထိုး အတည်ပြုစေချင်တဲ့ အမတ်တွေက အများစုပါ။ သူတို့အားလုံး ခရစ္စမတ်ရုံးပိတ်ရက်များမတိုင်ခင် အရေးကြီးတဲ့ ဥပဒေပြုတာဝန်တွေကို အဆုံးသတ်ပြီး ကိုယ့်အိမ်ကို ပြန်ချင်နေကြပါပြီ။
ဒါကြောင့် ကျနော်ကတော့ လာမယ့် သောကြာနေ့မှာ သမ္မတ ဂျိုးဘိုင်ဒင်က NDAA 2023 နဲ့ CAA 2023 တို့ကို လက်မှတ်ရေးထိုး အတည်ပြုလိမ့်မယ်။ ဒီဥပဒေများထဲမှာ အပါအဝင်ဖြစ်တဲ့ The Burma Act of 2022 နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေများဟာလည်း အသက်ဝင်လာမယ်လို့ ယုံကြည်ပါတယ်။
အောင်ဒင်