close

၂၁ မိုင် စစ်ဆေးရေးဂိတ်

close

March 21, 2022

တိုက်ခိုက်ခံရသည့် မြစ်ကြီးနား ၂၁ မိုင် စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၊ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားမြို့နယ် ၂၁ မိုင် ဌာနဆိုင်ရာ စုပေါင်းဂိတ်ကို မတ် ၂၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မုရမ်းကျေးရွာ ၂၁ မိုင် စုပေါင်းဂိတ်မှာ ဌာနဆိုင်ရာ အဖွဲ့စုံရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အထိုင်ချထားပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ  ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ 

တိုက်ပွဲဟာ မနက် ၄ နာရီကနေ ၆ နာရီကြားမှာ ဖြစ်ပွားခဲ့ပြီး စုပေါင်းဂိတ်ကို ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဂိတ်ကို စစ်ကောင်စီဘက်ကတော့ ရဟတ်ယာဉ် ၂ စီးနဲ့ အနည်းဆုံး ၅ ကြိမ်လောက် လာရောက်တိုက်ခိုက်ခဲ့သလို ဂိတ်အနီးရှိ ခလရ ၂၆၀ ကနေ လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိပါတယ်။

တိုက်ပွဲအပြီးမှာ လူမူကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီတာ ရှိတဲ့အတွက်  စစ်ကောင်စီဘက် ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ဒေသခံတွေ ပြောပေမယ့် အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။ 

မြစ်ကြီးနား ၂၁ မိုင် စုပေါင်းဂိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ အမြဲတမ်းတပ်စွဲထားပြီး အစစ်အဆေးကြမ်းသလို ငွေတောင်းတာလည်း ကြမ်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီဂိတ်ဟာ မနှစ်ကတုန်းကလည်း ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက် မီးရှို့တာ ခံခဲ့ရဖူးပါတယ်။

7 mins Ago

March 19, 2022

မြစ်ကြီးနား ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင်   မရမ်းကျေးရွာ ၂၁ မိုင် စစ်ဆေးရေး စုပေါင်းဂိတ်မှာ မတ် ၁၉ ရက် ဒီနေ့မနက်  စစ်ကောင်စီတပ်နဲ့  ကေအိုင်အေ PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားရာမှာ  စစ်ကောင်စီတပ်က လေကြာင်းကနေ  ရဟတ်ယာဉ်နဲ့ လာရောက် စစ်ကူပေး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မရမ်းကျေးရွာသားတဦးက  “မနက် ၄ နာရီလောက်က တိုက်ပွဲစဖြစ်တာ၊ ၂၁ မိုင်ဂိတ်ကိုတော့ ဖျက်ဆီးလိုက်ပြီ။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ မနက် ၆ နာရီခွဲလောက်ကတော့ ရဟတ်ယာဉ်နှစ်စီးနဲ့  လာပစ်သွားတယ်"လို့  ပြောပါတယ်။

မြစ်ကြီးနားမြို့ခံတဦးကလည်း "မိုးမလင်းခင်ကတည်းကနေ အပြန်အလှန်ပစ်ခတ်နေကြတာ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီဘက်ကနေ စစ်‌ကူလေယာဉ်‌ရောက်လာပြီး ဗုံး ၂ ခါကြဲသွားပါတယ်။ အဲဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေ ထိုင်နေကြတာပါ"လို့ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဂိတ်ရှေ့ဖြတ်သွားတဲ့ ကြက်သယ်ကားမောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"သေနတ်သံတွေရော လက်နက်ကြီးသံတွေရော ဆူညံနေတာပဲ။ တိုက်ပွဲပြီးတော့ ကေအိုင်အေက အဲ့ဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ တဲဂိတ် အသေးတွေ အကုန်မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခက်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူရှိနိုင်တယ်လို့ ဒေသခံတွေကပြောပေမဲ့  နှစ်ဘက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်ကနေ ထခိုက်ဒဏ်ရာရသွားတဲ့သူတွေကို လူနာတင်ယာဉ် ၆ စီး ၇ စီးလောက်နဲ့ခေါ်သွားတယ်လို့ မျက်မြင်တွေ့လိုက်သူကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ ၂၁ မိုင်ဂိတ်အနီးမှာရှိတဲ့ စစ်ကောင်စီ ခလရ ၂၆၀ တပ်ရင်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်က လမ်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်။ ဒီကနေ့ မွန်းတည့် ၁၂နာရီအထိ မြစ်ကြီးနာ ၂၁ မိုင် စုပေါင်းဂိတ်ကို ပိတ်ထားဆဲ ဖြစ်တယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့နယ်မြေဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်ရင်း ၁၁ နယ်မြေဖြစ်လည်းဖြစ်ပါတယ်။

မြစ်ကြီးနားမြို့အဝင်က ၂၁ မိုင် စုပေါင်းဂိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲတပ်စွဲထားပြီး အစစ်အဆေးကြမ်းသလို ပိုက်ဆံအတောင်းကြမ်းတဲ့ ဂိတ်လည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဂိတ်ကို ပြီးခဲ့တဲ့နှစ်ကလည်း ကေအိုင်အေနဲ့ PDF ပူပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက် မီးရှို့ခဲ့ဖူးပါတယ်။

2 days Ago
Up