close

၂၁ ရက်

close

August 31, 2022

ပြည်ပရောက်မြန်မာလုပ်သားများ ပြန်လွှဲသည့် ဒေါ်လာငွေ ၂၁ ရက်အတွင်း သုံးစွဲ၊ လွှဲပြောင်း၊ ရောင်းချရန် ဗဟိုဘဏ်အမိန့်ထုတ်

ပြည်ပရောက်မြန်မာလုပ်သားတွေ ပြည်တွင်းဘဏ်တွေဆီ ပြန်လွှဲပို့ထားတဲ့ ဒေါ်လာတွေကို ၂၁ ရက်အတွင်း လွတ်လပ်စွာသုံးစွဲ၊ လွှဲပြောင်း၊ ရောင်းချနိုင်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ် ၃၀ ရက်နေ့ ရက်စွဲနဲ့  ကြေညာပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း(Authorized Dealer) ADလိုင်စင်ရ ဘဏ်တွေက တဆင့် ပြည်တွင်းကို လွှဲပြောင်း ပေးပို့တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့လုပ်ခ လစာဝင်ငွေတွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲတာ၊ တခြားသူကို လွှဲပြောင်းတာ၊ ဘဏ်ကို ရောင်းချတာတွေကို ၂၁ ရက်အတွင်း လုပ်ဆောင်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ လုပ်ခ၊ လစာ ဝင်ငွေတွေကို ဝယ်ယူထားတဲ့လူပုဂ္ဂိုလ်၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ဝယ်ယူထားတဲ့ ဒေါ်လာတွေ တဆင့်ပြန်လည်ရောင်းချခွင့်မပြုကြောင်းနဲ့ ကိုယ်တိုင်အတွက် သုံးစွဲခွင့်၊ AD လိုင်စင်ရဘဏ်တွေထံ ပြန်လည်ရောင်းချခွင့်တို့ကိုတော့ ခွင်ပြုထားပါတယ်။

ဒီကြောင်းကြားစာက  စက်တင်ဘာ ၁ ရက်မှာ စအသက်ဝင်မှာဖြစ်ပြီး အဲဒီလို ဆောင်ရွက်ရာမှာ AD လိုင်စင်ရဘဏ်ကို နိုင်ငံခြားငွေ ဝင်ရောက်တဲ့နေ့ကစပြီး အပြီးသတ် ရောင်းချတဲ့အထိ အချိန်ကာလ ၂၁  ရက်ထက် ကျော်လွန်ခြင်းမရှိစေရလို့လည်း သတ်မှတ်ထားပါတယ်။

လက်ရှိ မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး အမေရိကန် တဒေါ်လာကို ကျပ် ၃၀၀၀ ကျော်အထိ ပြင်ပမှာ ဈေးပေါက်နေပေမဲ့  AD လိုင်စင်ရ ဘဏ်တွေကတော့ စစ်ကောင်စီ ဗဟိုဘဏ် သတ်မှတ် ဈေး တဒေါ်လာကို ကျပ်  ၂၁၀၀ နဲ့ပဲ ဈေးဖြတ် ပေးနေတာဖြစ်ပါတယ်။

1 min Ago
Up