close

၂ နှစ်ပြည့်ဆုတောင်းပွဲ

close

January 3, 2022

အီရန်ဗိုလ်ချုပ် ဆူလေမန်နီ လုပ်ကြံခံရမှု ၂ နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမန်နီနဲ့ အီရတ် ပြည်သူ့စစ်ခေါင်းဆောင် အဘူမာဒီအယ်လ် မူဟန်ဒစ်တို့ကို အမေရိကန်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်နေ့မှာ ဖယောင်းတိုင်မီး ထွန်းညှိဆုတောင်းပွဲကို လုပ်ကြံခံရတဲ့ အီရတ်မြို့တော် ဘဂ္ဂဒက်က လေဆိပ်မှာ ဇန်နဝါရီ ၂ ရက်က ကျင်းပပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် ကာ့ဒ်တပ်ဖွဲ့ ခေါင်းဆောင် ဆူလေမာနီနဲ့ အီရတ် ပြည်သူ့စစ်ခေါင်းဆောင် မူဟန်ဒစ်တို့ ၂၀၂၀ ဇန်နဝါရီ ၃ ရက်က နောက်ဆုံးစီးနင်းခဲ့တဲ့ ကားအပျက်ကိုလည်း ခင်းကျင်းပြသထားပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားပြီး မူဟန်ဒစ် ဦးဆောင်ခဲ့တဲ့ အီရတ်ပြည်သူ့စစ် PMF ရဲ့ တပ်ဖွဲ့ဝင်တွေလည်း ဒီဆုတောင်းပွဲကို တက်ရောက်ပါတယ်။

ဒေသတွင်းက အမေရိကန်တပ်တွေကို အီရန်နဲ့ မိတ်ဖက်ပြည်သူ့စစ်တွေက တိုက်ခိုက်ရာမှာ မူဟန်ဒစ်က နောက်ကွယ်ကနေ စီစဉ်ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားပါတယ်။

အမေရိကန်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက်အပြီး ရက်ပိုင်းအကြာမှာ အီရန်က အမေရိကန်စစ်တပ် စခန်းချရာ အီရတ်နိုင်ငံအတွင်းက စစ်တပ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

လုပ်ကြံမှုအပြီး လချီအကြာမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အကွဲအပြဲတွေ ပိုများလာခဲ့ပြီး အီရန်ရဲ့ ရန်ပုံငွေတွေလည်း လျော့ကျခဲ့သလို ဒုက္ခကြုံချိန်မှာ စည်းလုံးကြဖို့ ကြိုးစားအားထုတ်မှုတွေ အဟန့်အတား ဖြစ်ခဲ့တယ်လို့ PMF အဖွဲ့ခွဲတွေအတွင်းက သတင်းရင်းမြစ်တွေ၊ အီရန်အစိုးရနဲ့ နီးကပ်မှု အားနည်းတဲ့ အုပ်စုတွေက စစ်ဦးစီးမှူးတွေက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အီရတ်နိုင်ငံရဲ့ သုံးပုံတပုံကို အိုင်အက်စ် စစ်သွေးကြွတွေက သိမ်းပိုက်ထားလို့ ပြန်တော်လှန်ဖို့ အီရတ်ပြည်သူ အရွယ်ရောက်သူ အားလုံး လက်နက်ကိုင်ကြဖို့ အီရတ်ရဲ့ ထိပ်တန်း ရှီးယိုက် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီအယ်လ်စစ္စတာနီက တိုက်တွန်းခဲ့အပြီး ၂၀၁၄ ခုနှစ်မှာ PMF အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

1 min Ago
Up