အာရှဖလားခြေစစ်ပွဲစဉ် ၂ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ လက်ကျန် တစ်ပွဲ ကစားဖို့ရှိပေမယ့် ခြေစစ်ပွဲမအောင်ဖို့ သေချာသွားခဲ့ပါတယ်။
မြန်မာအသင်းဟာ အာရှဖလား ခြေစစ်ပွဲစဉ်တွေကို ဗဟိုအာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာဂျစ္စတန်မှာ သွားရောက်ကစားနေတာဖြစ်ပြီး ဇွန် ၁၁ ရက်က အိမ်ရှင်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဇွန် ၈ ရက်က ကစားခဲ့တဲ့ အုပ်စု အဖွင့်ပွဲစဉ်မှာလည်း မြန်မာအသင်းဟာ တာဂျစ်ကစ္စတန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ထားခဲ့တာပါ။
ဒါကြောင့် အုပ်စု ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးရူံနိမ့်ခဲ့တာကြောင့် ခြေစစ်ပွဲ မအောင်မြင်ဖို့သေချာသွားခဲ့တာပါ။
မြန်မာအသင်းဟာ ဇွန် ၁၄ ရက် မှာ စင်ကာပူအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အနေနဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာပါ။
အာရှဖလားခြေစစ်ပွဲတတိယအဆင့်မှာ စုစုပေါင်း ၂၄ သင်းက ၄ သင်းစီပါတဲ့ အုပ်စု ၆ ခု ခွဲခြားကာ ယှဉ်ပြိုင်ကစားနေကြတာပါ။
အဲဒီအုပ်စု ၆ ခုထဲက အုပ်စုပထမ ၆ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယရတဲ့ ၅ သင်း၊ စုစုပေါင်း ၁၁ သင်းက ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တဲ့ တခြား ၁၃ သင်းနဲ့အတူ တရုတ်နိုင်ငံမှာကျင်းပမယ့် ၂၀၂၃ အာရှဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
မြန်မာအသင်းအတွက်တော့ အခုနှစ်မှာလည်း ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ၁၉၆၈ ခုနှစ် နောက်ပိုင်း အာရှဖလားနဲ့ဝေးကွာနေတာနှစ်ပေါင်း ၅၅ နှစ်လောက် ကြာမြင့်နေပြီဖြစ်ပါတယ်။
Sport Myanmar team