မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မိကျောင်းအိုင်ကျေးရွာထဲကို မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုရင်တပါး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဆက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီကနေ သိရပါတယ်။
အဲဒီနေ့ ည ၁၀ နာရီအချိန်လောက်မှာ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၉ တပ်ရင်းကနေ တိုက်ပွဲ မရှိဘဲ မိကျောင်းအိုင်ကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မိကျောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းအပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးဇင်း ၂ ပါး၊ ကိုရင် ၁ ပါးနဲ့ ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။
လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အထဲမှာ ဦးဇင်း ၂ ပါးဟာ ဒဏ်ရာပြင်းထန်တာကြောင့် သထုံဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
“တိုက်ပွဲမှာ ရန်သူ အချင်းချင်း ဖြစ်လို့ ပစ်ရင် မပြောတော့ပါဘူး၊ အခုဟာက ရွာတွေကို သက်သက်လိုက်ပစ်နေတာ။ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှုပဲ။ ပြီးတော့ ရမ်းကားတဲ့ အကြမ်းဖက်လုပ်ရပ်ပဲ” လို့ KNU သထုံခရိုင် မိတ်ဆက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုစည်းမြိုင်ကျေးရွာထဲကို စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုရင် ၁ ပါး ပျံလွန်တော်မူခဲ့သလို အသက် ၆၀ အရွယ် ဦးဇင်းမှာလည်း လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲမှာ အခုဖေဖော်ဝါလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့လယ်မှာရှိတဲ့ စစ်ကောင်စီ ဗဟိုမဏ္ဍပ်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီကျော်လောက်က ဗုံးပေါက်ကွဲပြီး အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မဏ္ဍပ်ပိတ်တာ ၆ နာရီဖြစ်ပြီး ဗုံးပေါက်ချိန်မှာ ၅ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုစာ ထိခိုက်ဒဏ်ရာရတာမျိုးရှိပေမယ့် သေဆုံးတာမျိုးတော့မရှိဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။
"ညနေပိုင်း မဏ္ဍပ်သိမ်းခါနီးပေါက်တာ ထိတဲ့သူတွေကတော့ သိပ်မများပါဘူး သွေးထွက်နေတဲ့သူတောင် လမ်းလျှောက်နိုင်တယ်။ ဆေးရုံကားတင်ပြီး ခေါ်သွားတယ်။”
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာလည်း ဒီကနေ့ နေ့လယ်ပိုင်းက တိုးရွှေဝါခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးသလို စစ်ကောင်စီပြန်ကြားရေးကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။