ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်ရုံတစ်ရုံမှာ ဇူလိုင် ၈ ရက်က မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၂ ယောက် မီးတောက်တွေကြားမှာ ပိတ်မိသေဆုံးသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။
ဒါကာမြို့ပြင် ၁၅ မိုင်လောက်ဝေးတဲ့ ရပ်ဂန်ဂျ်စက်မှုဇုန်မြို့ရှိ အစားအသောက်နဲ့ အဖျော်ရည်စက်ရုံမှာ မနေ့ညနေ ၅ နာရီလောက်ကတည်း မီးလောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် အထိ မီးဆက်လောင်နေတုန်းပဲလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် စက်ရုံအပေါ်ထပ်ကိုတက်ပြေးပြီး ခုန်ချခဲ့ကြတဲ့ လူအယောက် ၃၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ နယ်မြေခံ ရဲအရာရှိက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်မှာ စက်ရုံအလုပ်သမားတွေရဲ့ ရာနဲ့ချီတဲ့ မိသားစုဝင်တွေနဲ့ တခြားအလုပ်သမားတွေက စက်ရုံအပြင်ဘက်ကနေ အသက်ရှင်လွတ်မြောက်လာမယ့်သူတွေကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ကြပါတယ်။
၂၀၁၉ ဖေဖော်ဝါရီလကလည်း တရားမဝင်ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ဒါကာမြို့က နေအိမ်တိုက်ခန်းတွဲတစ်လုံးမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ အယောက် ၇၀ လောက်သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၃,၆၀၂ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၇၁,၉၇၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၈၃၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၆၀၂ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၂၈ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ ရက်တွေကထက် ပိုမိုများပြားလာနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူနာ ၅၂ ယောက် ထပ်မံသေဆုံးခဲ့တာမို့ ဒါဟာ ပြီးခဲ့တဲ့တပတ်အတွင်း တရက်တည်း ကိုဗစ်-၁၉ သေဆုံးမှုအရေအတွက် စံချိန်တင်ပမာဏ ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးမှုအသစ် ၄၂ ယောက် ရှိခဲ့ပြီး ဆက်တိုက်မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်း ခွင့်ရခဲ့သူအရေအတွက်ကတော့ ၉၁၄ ယောက် ရှိနေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ ၃,၅၁၃ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ် ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦးရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။