close

၅၃၂ တပ်ရင်း

close

January 20, 2023

လှိုင်သာယာ ၅၃၂ တပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူရှိ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းကို ဇန်နဝါရီ ၁၉ ရက် မနေ့ည ၈ နာရီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၁၀၇ မမ လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းမှာ မနေ့ည ၈ နာရီက ကျယ်လောင်တဲ့ ပေါက်ကွဲသံ သုံးကြိမ်ကြားရတယ်လို့ ရှမ်းချောင်းကျေးရွာနေသူတဦးက ပြောပါတယ်။

“ရှမ်းချောင်းနဲ့ ၅၃၂ တပ်က နီးနီးလေးဆိုတော့ ဗုံးပေါက်တဲ့အသံလို သုံးကြိမ်လောက် ကြားရတယ်။ အစက ဗုံးပေါက်တယ်ထင်တာ၊ နောက်မှသိရတာ ၁၀၇ မမနဲ့ ပစ်တာလို့ သိရတာ၊ သေမသေတော့မသိဘူး၊ လူနာတင်ယာဥ်သွားတဲ့အသံတွေ ကြားရတယ်။”

အမှတ် ၅၃၂ ခြေမြန်တပ်ရင်း ၁၀၇ မမနဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ တပ်ထိပ်အနီးနေသူတဦးက ပြောပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

“ဗုံးပေါက်ပြီးတော့ ၅၃၂ တပ်နားမှာ ကားတွေကိုပိတ်ပြီး စစ်တယ်။ တပ်ထဲက ကားတချို့ ထွက်သွားတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ဆေးရုံသွားပို့တယ်လို့ သိရတယ်။”

မနေ့ကလည်း မရမ်းကုန်းမြို့နယ် လဝကဦးစီးမှူးရုံးနားမှာမပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံးတွေ့ခဲ့ပြီး စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်သိမ်းခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ အခုလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေ လည်းရှိပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းမှာ ဗုံးပေါက်ကွဲမှု ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ကာ  ၃၆၁ ဦးသေဆုံးခဲ့ပါတယ်။ 

3 mins Ago
Up