ရုရှားဘောလုံးအသင်းကို ၅ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်သင့်ကြောင်း ယူကရိန်းဘောလုံး လက်ရွေးစင် နည်းပြပက်ထရာကော့ဗ်က ပြောပါတယ်။
ဖီဖာဟာ လက်တလောမှာတော့ ရုရှားလက်ရွေးစင်အသင်း အပါအဝင် ကလပ်အသင်းတွေအားလုံးကို အနီးစပ်ဆုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခွင့်ပိတ်ပင်ထားသလို တခြားအားကစားနည်းအားလုံးကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါဘူး။
ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး ယူကရိန်းပြည်သူတွေကို သတ်ဖြတ်ကာ မြို့ကြီးတွေကို ဖျက်ဆီးနေတာကြောင့် အပြစ်ပေးအရေးယူဖို့ လိုအပ်တယ်လို့ ယူကရိန်းအသင်းနည်းပြက ပြောပါတယ်။
“သူတို့က ကျနော်တို့ အမျိုးသမီးတွေ၊ ကလေးတွေကို သတ်ဖြတ်နေပြီး၊ မြို့တွေကိုလည်း ဖျက်ဆီးနေတယ်။ ဒါကြောင့် အားကစားမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသင့်ပါဘူး။ သူတို့ကို အနည်းဆုံး ၅ နှစ်လောက် ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်တယ်။ တနှစ်လောက်ပဲ ပြစ်ဒဏ်ချတာက မလုံလောက်ပါဘူး။ သူတို့ရဲ့ ရန်လိုမှုကို မတားဆီးနိုင်ဘူးဆိုရင် တခြားဥရောပရဲ့ အစိတ်အပိုင်းတွေအထိ ရောက်လာလိမ့်မယ်” လို့ ယူကရိန်းနည်းပြက ပြောပါတယ်။
ယူကရိန်းလက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အနေနဲ့ စကော့တလန်နဲ့ ကစားဖို့ရှိပြီး ဆလိုဗေးနီးယားနိုင်ငံမှာ လေ့ကျင့်နေပါတယ်။