close

၇၀၀၀ ကျော် သေဆုံး

close

March 3, 2022

ကျူးကျော်သူ ရုရှားစစ်သည် အယောက် ၇,၀၀၀ ကျော် သေဆုံးဟု ယူကရိန်း ပြော

ယူကရိန်းနိုင်ငံအပေါ်  ရုရှားကျူးကျော်စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ  မတ်လ ၂ ရက်အထိ  ရုရှားစစ်သည်အယောက် ၇,၀၀၀ ကျော် သေဆုံးပြီး ရာချီတဲ့ ရုရှားစစ်သည်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားပြီလို့  ယူကရိန်းသမ္မတရဲ့  စစ်ရေးအကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

ရုရှားအစိုးရကတော့ ရုရှားစစ်သည် ၄၉၈ ယောက် ယူကရိန်းနိုင်ငံထဲမှာ သေဆုံးပြီး ၁,၅၉၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပထမဆုံး ထိခိုက်သေဆုံးသူ စာရင်းကို ကြေညာခဲ့ပါတယ်။ ယူကရိန်းစစ်သည်နဲ့ အမျိုးသားရေးဝါဒီ အယောက် ၂,၈၇၀ ကျော်လည်း သေဆုံးပြီး အယောက် ၃,၇၀၀ လောက် ဒဏ်ရာရတယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းအရှေ့ပိုင်းမှာ အထူးစစ်ဆင်ရေးလုပ်ဖို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အမိန့်ပေးလိုက်ပြီးနောက် ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို တက်လာပြီး ယူကရိန်းမြို့တွေ အတော်များများကို ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်ခဲ့ပါတယ်။

ဘဲလာရုစ်နိုင်ငံမှာ မတ်လ ၃ ရက် ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်တချီမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ရုရှားအစိုးရ ညှိုနှိုင်းရေးမှူး ဗလာဒီမီယာ မေဒင်စကီက ပြောတယ်လို့ ရုရှားသတင်းဌာနတွေက ရေးပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားဘက်က ဗုံးကြဲနေတာတွေ ရပ်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီက မတ်လ ၁ ရက်မှာ ပြောထားပါတယ်။

ရုရှားကျူးကျော်စစ် စကတည်းက ခုထိ ယူကရိန်းပြည်သူ ၈ သိန်းလောက် တိုက်ပွဲတွေကနေ ထွက်ပြေးခဲ့ကြပြီး အများစုက ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံတွေထဲကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပါတယ်။ ယူကရိန်း ဒုက္ခသည်တွေကို ဥရောပကော်မရှင်က ယာယီနေထိုင်ခွင့်ပေးဖို့ အဆိုပြုထားပါတယ်။

8 mins Ago
Up