အခုနှစ် ဧပြီ ၇ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စတင်တည်ထောင်ခြင်း ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကျင်းပခဲ့ပါတယ်။
ဧပြီ ၇ ရက်နေ့ ရောက်တိုင်းလည်း ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိတာလည်း ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအနေနဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ အတည်ပြုခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ WHO အဖွဲ့ကြီး ရုပ်လုံးပေါ်လာခဲ့ပါတယ်။
အဲ့ဒီနှစ်မှာတင် ကမ္ဘာ့ကျန်းမာရေးညီလာခံရဲ့ ပထမအကြိမ်အစည်းအဝေးကို ဇူလိုင် ၂၄ရက်နေ့မှာ ကျင်းပခဲ့တာပါ။
အဲ့ဒီအချိန်ကစလို့ ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်တဲ့ WHO ဟာ ကျောက်ရောဂါ တိုက်ဖျက်နိုင်မှုနဲ့ အီဘိုလာ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်မှု အပါအဝင် အများပြည်သူကျန်းမာရေးဆိုင်ရာ အောင်မြင်မှုအများအပြားမှာ ဦးဆောင်မှုကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
မကြာသေးမီကလည်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရယူခွင့်အစီအစဉ် (COVA X) မှာ WHO အနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေကနေ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေအထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ စမ်းသပ်မှုတွေကို သာတူညီမျှ ခွဲဝေပို့ဆောင်ပေးခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက်တဲ့ WHO အဖွဲ့ကြီးကို ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ တက်ဒရို့စ် အတ်အီနမ် ဂေဘရီအေးစစ်က လက်ရှိမှာ ဦးဆောင်နေတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံနဲ့အတူ ကမ္ဘာတဝန်း ရုံးခွဲပေါင်း ၁၅၀ အထိ ဖွင့်လှစ်ထားပါတယ်။