close

၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းမှတ်

close

July 19, 2022

အကြမ်းဖက်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း အာဇာနည်နေ့အထိမ်းအမှတ် သံရုံးများထုတ်ပြန်

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်ကြီးတွေကို အောက်မေ့သတိရ ဂုဏ်ပြုတဲ့အကြောင်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့ ကြိုးစားရင်း အသိတရားမဲ့စွာ လုပ်ကြံခံခဲ့ရတဲ့အတွက် ဝမ်းနည်းမိတဲ့အကြောင်း ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့  (၇၅) နှစ်မြောက်  အာဇာနည်နေ့မှာ   မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

အရပ်သား ပြည်သူလူထုကို အမျိုးမျိုးအဖုံဖုံသော အကြမ်းဖက်မှုတွေအပါအဝင် ဒီမိုကရေစီစနစ်အား ယုတ်လျော့စေတဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ ခြောက်လှန့်မှုတွေ အားလုံးကိုလည်း  ကနေဒါနိုင်ငံ အနေနဲ့ ဆန့်ကျင်တဲ့အကြောင်း ကနေဒါသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ  ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးရဲ့ အကြီးအကဲ  Pete Vowles ကလည်း  အာဇာနည်နေ့မှာ ပိုမိုကောင်းမွန်တဲ့နိုင်ငံအနာဂတ်အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ပြောပါတယ်။  

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့သတိရမိကြောင်းနဲ့ ဘယ်လိုလှုံ့ဆော်မှုမျိုး၊ ဘယ်လိုယုံကြည်မှုမျိုးကြောင့်ဖြစ်စေ အရပ်သားတွေကို သတ်ဖြတ်မှုဆိုတာ တရားမျှတမှု မဖြစ်နိုင်သလို၊ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါလို့လည်း ဗြိတိသျှသံတမန်က ပြောပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကတော့ လွန်ခဲ့သော ၇၅ နှစ်က အခုလိုနေ့မျိုးမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြရတဲ့ အာဇာနည်ပုဂ္ဂိုလ် ကိုးဦးကို မိမိတို့ဂုဏ်ပြုကြောင်း သူတို့ရဲ့ အမွေအနှစ်တွေဟာ မျိုးဆက်သစ်တွေရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုတွေ အတွက် ခွန်အားအဖြစ် ဆက်လက်တည်တံ့နိုင်စေဖို့ ထုတ်ပြန်ထားပါတယ်။

30 mins Ago

၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထိုင်း-မြန်မာနယ်စပ်တွင် သံဃာတော်များကို ဆွမ်းကပ် (ဓာတ်ပုံ)

၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းပြည်သူတွေအတွက်  ဇူလိုင် ၁၉ ဒီနေ့မနက် မြန်မာ-ထိုင်းနယ်စပ် တနေရာမှာ သံဃာတော်တွေကို  ဆွမ်းကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရွှေ့ပြောင်းမြန်မာလုပ်သားတွေနဲ့  နိုင်ငံရေးတက်ကြွသူတွေ အပါအဝင် အယောက်   ၅၀ လောက်က ဝါဆိုသင်္ဃန်းကပ်လှူခဲ့သလို  အာဇာနည်တွေအတွက် ပန်းခွေချအလေးပြုဖို့ရှိတယ်လို့လည်း သိရပါတယ်။

3 hours Ago
Up