close

၇ ဆင့် ထပ်မံကျ

close

July 19, 2021

အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်းတွင် မြန်မာက ၇ ဆင့် ထပ်မံကျဆင်း

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့(Transparency International)က ၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၇ ဆင့် ထပ်မံကျဆင်းသွားတယ်လို့ ဖော်ပြပါတယ်။

ဒီအညွန်းကိန်းထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံပေါင်း ၁၇၀ ကျော်ထဲ မြန်မာက ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁၃၇ နေရာမှာ ရှိနေတာဖြစ်ကာ ပြီးခဲ့တဲ့နှစ်ကတော့ အဆင့် ၁၃၀ နေရာထိ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

       အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်းရဲ့ ထိပ်ဆုံးအဆင့် ၁ နေရာမှာတော့ နယူးဇီလန်နဲ့ ဒိန်းမတ်နိုင်ငံတွေ ရမှတ် ၈၈ မှတ်စီနဲ့ ရှိနေပြီး အဲဒီနောက်မှာတော့ ဖင်လန်၊ ဆွစ်ဇာလန်၊ ဆွီဒင်နိုင်ငံ တွေနဲ့အတူ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံက ရ မှတ် ၈၅ မှတ်စီနဲ့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

       အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံရဲ့နောက် အဆင့် ၃၅ နဲ့ ဘရူနိုင်းနိုင်ငံ က ရှိနေပြီး အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက အဆင့် ၅၇ နဲ့ ရှိနေတာပါ။

       အရှေ့တီမောနိုင်ငံကတော့ အဆင့် ၈၆ နေရာမှာ ရှိနေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက အဆင့် ၁၀၂၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေက အဆင့် ၁၀၄၊ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၁၁၅၊ လာအိုနိုင်ငံက အဆင့် ၁၃၄ နေရာတွေမှာ အသီးသီးရှိနေပြီး မြန်မာနိုင်ငံရဲ့ နောက်မှာ‌တော့ ကမ္ဘောဒီးယားနိုင်ငံက အဆင့် ၁၆၀ နဲ့ ရှိနေတာပါ။

အမေရိကန်နိုင်ငံကတော့ ရမှတ် ၆၇ မှတ်နဲ့ အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်း အဆင့် ၂၅ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအညွှန်းကိန်းအဆင့် အောက်ဆုံးနေရာမှာတော့ ရမှတ် ၁၂ မှတ်စီနဲ့ တောင်ဆူဒန်နဲ့ ဆိုမာလီယာနိုင်ငံတွေက အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

13 mins Ago
Up