close

၇ တန်း ကျောင်းသား

close

August 14, 2022

ကျောင်းစောင့်စစ်သားကို ဓားဖြင့်ထိုးခဲ့သည့် ပြည်မြို့က ၇ တန်း ကျောင်းသား စစ်ကြောရေးမှာ သေဆုံး

ပြည်မြို့မှာ ကျောင်းစောင့် စစ်ကောင်စီတပ်သားကို ဓားနဲ့ ထိုးခဲ့တဲ့ ၇ တန်းကျောင်းသားဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

ဩဂုတ် ၃ ရက်က ပြည်မြို့ မှော်ဇာ(သရေခေတ္တရာရှေးဟောင်းနယ်မြေ)ထဲက အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ  ကင်းစောင့်နေတဲ့ စစ်သားကို ၇ တန်းကျောင်းသား မောင်အာကျစ်က ဓားနဲ့ ထိုးခဲ့ပြီး ဖြစ်ဖြစ်ချင်းနေ့မှာတော့ အာကျစ်ရဲ့ အမေ၊ အကိုနဲ့ သူငယ်ချင်း ၇ ယောက် အပါအဝင် ၉ ယောက်ကို ဖမ်းဆီးခဲ့တာပါ။

ဒေသခံက “အခုတော့ အကုန်ပြန်လွှတ်ပေးလိုက်ပြီ။ သူ့သူငယ်ချင်းတယောက်ပဲ ဖမ်းထားတော့တယ်။ အခု စစ်ကြောရေးမှာ အဖမ်းခံထားရတဲ့ တယောက်ကတော့ အခုထိ မိဘတွေနဲ့ တွေ့ခွင့်မပေးသေးဘူး။ အာကျစ်ကိုလည်း ၆ ရက်နေ့ စစ်ကြောရေးအပြီး  ၇ ရက်နေ့ မနက်ပိုင်းမှာ သတ်လိုက်တာ။ အဲဒါကို အခု ဆက်ဖမ်းထားတဲ့ ကလေးက အာကျစ်ကို သတ်တာ သိထားလို့ မလွှတ်ပေးဘဲ ထားထားတာ။ သူ့ကိုလည်း အာကျစ်က သေနတ်ဒဏ်ရာအနာရှိန်နဲ့ သေတာလို့ ထွက်ဆိုခိုင်းထားတယ်။ နောက် နဂိုတည်းက ဒါမျိုးလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းလာတက်ခဲ့တာပါလို့လည်း ဝန်ခံခိုင်းထားတယ်။ အဲဒါကြောင့် အခုထိ သူ့ကိုတော့ ပြန်မလွှတ်ပေးသေးတာလို့ ဒကစတပ်ထဲကနေ သိရပါတယ်” လို့ ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေထဲက အာကျစ်ရဲ့ အတန်းဖော် ကျောင်းသား ၅ ယောက်ကိုလည်း လတ်တလောအမှုဖွင့်ထားသလို အာမခံနဲ့ ပြန်လွှတ်လိုက်တာဖြစ်ပြီး သူ့မိတွေလည်း ခံဝန်လက်မှတ်ထိုးရတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ပြန်လွတ်လာသူတွေဟာ အကြောက်လွန်ပြီး ဘာမှ မေးလို့မရ၊ မပြောရဲကြဘူးလို့လည်း သူက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းပြန်ဖွင့်ထားပြီး ကျောင်းအုပ်ကိုလည်း လုံခြုံရေးအတွက် သေနတ်အတိုတလက်ပေးထားသလို  ပစ်ခတ်နည်းကို အမှတ် ၇၅ တပ်ထဲမှာ ခေါ်ယူသင်ပေးပြီး သွားလေရာ အမြဲဆောင်ခိုင်းထားတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။ 

ဒေသခံ နောက်တယောက်က “အာကျစ်အဖေက လွန်ခဲ့တဲ့ ၆ လ လောက်က ဆုံးသွားတာ။ လက်ရှိ အမေ၊ အကိုတွေနဲ့အတူနေပါတယ်။ ကလေးကအေးတယ်၊ ရိုးတယ်။  သူ့အမေကိုလည်း အရမ်းချစ်တာ။ သူတို့က မှော်ဇာဈေးနားပဲ နေကြတာ။ ကျောင်းမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်သားက အမြဲလိုလို ကလေးတွေကို အမေနဲ့ကိုင်တုတ်ပြီး ဆဲဆိုတာကြောင့် သူက ဓားနဲ့ထိုးလိုက်တာ” လို့ ဆိုပါတယ်။

ဓားနဲ့ အထိုးခံရသူဟာ ပြည်မြို့တဖက်ကမ်း ထုံးဘို ကပစ ၅ က စစ်သားတယောက်ဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ ကျောင်းသား အာကျစ်ကို အကြမ်းဖက်လို့ သုံးနှုန်းထားသလို အမှား၊ အမှန် မခွဲခြားနိုင်သေးတဲ့ ကလေးငယ်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စည်းရုံး မက်လုံးပေး သိမ်းသွင်းပြီး အခုလို အကြမ်းဖက်လုပ်ရပ်တွေ စေခိုင်းနေကြတာလို့လည်း ဆိုပါတယ်။

ပြီးတော့ အာကျစ်နဲ့အတူ ဒဏ်ရာရတဲ့ စစ်သားကို ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

3 hours Ago

July 20, 2020

၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် ၇ တန်း ကျောင်းသားကို အမှုဖွင့်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်အိုင်ကျေးရွာမှာ ဇူလိုင် ၁၉ ရက်နေ့က ၄ နှစ် မိန်းကလေးငယ်ကို ၇ တန်းကျောင်းသားက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားတယ်လို့ ခမုံဆိပ်နယ်မြေရဲစခန်း နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်ဝေလွင်က ပြောပါတယ်။ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မိခင်အိပ်ပျော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားက အိမ်နောက်ဘက် ချဉ်ပေါင်ခင်းထဲ ခေါ်ယူပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ “ပြုကျင့်တဲ့ ကောင်လေးကလည်း အသက်မပြည့်သေးတဲ့သူ ဖြစ်တာကြောင့် တရားရုံးမှာ ချက်ချင်း ရမန်ယူရမှာ ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် ကျနော်တို့ တရားသူကြီးကို ​အကြောင်းကြားထားပါတယ်။ ရာဇဝတ်မှုကြီးဖြစ်တဲ့အတွက် သူ့ကို စခန်းက အရာရှိအိမ်တခုမှာ ထိန်းသိမ်းထားပါတယ်။ မနက်ဖြန် ရုံးဖွင့်တဲ့အခါမှ ကလေးသူငယ်တရားရုံးမှာ ရမန်ယူရမှာ ဖြစ်ပါတယ်။”  အမှုကို ခမုံဆိပ်နယ်မြေရဲစခန်းမှာ မိခင်ဖြစ်သူ မမိုးမိုးက တရားလိုပြုလုပ် တိုင်တန်းတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ပံတန်းမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း အခုအမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ၄ ခုနဲ့ မုဒိမ်းမှု ၂၊ စုစုပေါင်း ၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အများအားဖြင့် ကျေးရွာတွေကပဲ ဖြစ်တယ်လို့ သိရပါတယ်။ ​ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်သာယာဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PTY-Group) ရဲ့ ဒါရိုက်တာ ဒေါ်သက်စုရီက “သက်ငယ်မုဒိမ်းတွေဟာ ကျေးလက်နေပြည်သူတွေကြားမှာ အခု တွေ့လာရပါတယ်။ အဓိကကတော့ အရွယ်ရောက်စ ဆယ်ကျော်သက်ကလေးတွေက အရာရာကို လက်တွေ့စမ်းသပ်ချင်ကြတဲ့ အ​နေအထားမှာ ပတ်ဝန်းကျင်နဲ့ မိဘက စောင့်ကြည့်သွန်သင်ပေးဖို့ အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ဘဲ sex အကြောင်းဆိုရင် ရှောင်နေကြပြီး၊ sex education ကို သိရမယ့် အသိဉာဏ်​ဆင်ခြင်မှုတွေအစား တလွဲတွေ သိလာကြတယ်၊ phone တွေထဲမှာလည်း sex movies တွေက လွယ်လွယ်ကူကူ ကြည့်လို့ရနေတော့ အတုခိုးမှားပြီး၊ လွယ်လွယ်ပဲ ကျူးလွန်မိတာပေါ့” လို့ ပြောပါတယ်။ ဝဏ္ဏထွန်း
2 years Ago
Up