close

၇ ဦး ဖမ်းဆီး

close

August 8, 2022

ရေဖြူမြို့နယ်တွင် တပတ်အတွင်း သံဃာတော် ၁ ပါးအပါအဝင် ၇ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ ဇူလိုင် ၃၀ ရက်ကနေ သြဂုတ် ၆ ရက်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က သံဃာတော်တပါးအပါအဝင် အရပ်သား ၇ ယောက်ကို ဖမ်းဆီးထားတယ်လို့  ဒေသခံတွေဆီကသိရပါတယ်။

ဇူလိုင် ၃၁ ရက်မှာ ပုဂေါဇွန်းရွာက ဦးကြည်မောင်နဲ့ သမက်တော်စပ်သူ ဦးစောရှီတို့ အဖမ်းခံခဲ့ရပြီး ဦးစောရှီဟာ အဖမ်းခံရစဉ်မှာပဲ ပစ်သတ်ခံရပြီး အလောင်းဖျောက်ခံခဲ့ရတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပုဂေါဇွန်းရွာသား ကိုဇော်နဲ့ ကိုထိန်သားတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး သူတို့ရဲ့  ဥယျာဉ်ခြံအတွင်းမှာ အလောင်းဖျောက်ခဲ့တယ်လို့ သိရပါတယ်။

ဧကနိကျေးရွာမှာလည်း ဘုန်းတော်ကြီးတပါးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ကာ လူဝတ်လဲပြီး ရေဖြူရဲစခန်းမှာ  ချုပ်နှောင်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

သြဂုတ် ၆ ရက် ညပိုင်းမှာတော့ ရေဖြူမြို့နယ် ၊ ကျောက်ထောင့်ရွာက သက်ကြီးပိုင်းလင်မယား နှစ်ယောက် ၊လူငယ်တယောက်နဲ့ ကလေးငယ်တယောက်နေတဲ့အိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးတာကြောင့် လူငယ်တယောက်က ထွက်ပြေးလွတ်မြောက်သွားပေမဲ့ သက်ကြီးပိုင်းလင်မယား နှစ်ယောက်ဖြစ်တဲ့ ဦးတင်စိုးနဲ့ ဒေါ်ထွန်းညီတို့အပြင် အသက် ၆ နှစ်အရွယ် ကလေးတယောက်  အဖမ်းခံလိုက်ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

သြဂုတ် ၇ ရက်မှာတော့ ရပ်မိရပ်ဖတွေ ကူညီပြောဆိုပေးမှုကြောင့် အသက် ၆ နှစ်အရွယ်ကလေးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ အဖမ်းခံနေရဆဲဖြစ်တဲ့ ဦးကြည်မောင်၊ ဦးတင်စိုး ၊ ဒေါ်ထွန်းညီနဲ့  ဧကနိကျေးရွာက ဘုန်းတော်ကြီး တပါးတို့ကို  ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာ စစ်ကောင်စီက အတည်ပြုထုတ်ပြန်တာ မရှိပါဘူး။

အဖမ်းခံနေရဆဲသူတွေထဲက ဦးကြည်မောင်ဟာ သက်ကြီးရွယ်အိုတယောက်ဖြစ်သလို လက်တဖက်မသန်တဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းသူ တယောက် ဖြစ်တယ်လို့ လည်း သိရပါတယ်။

1 min Ago
Up