close

၈ ထပ်တိုက်

close

April 8, 2023

စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးတဦး ၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျ

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းရှိ ၈ လွှာတိုက်တခုမှာ ဧပြီ ၇ ရက် မနက်က အမျိုးသမီးတဦး ပြုတ်ကျခဲ့တာကြောင့် ဆေးရုံတင်ပြီး နာရီပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ မနက် ၆ နာရီ ၅၀ မိနစ်လောက်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၈ ထပ်တိုက်ပေါ်ကနေ ညောင်တုန်းလမ်းမပေါ် ပြုတ်ကျခဲ့တာပါ။ 

စမ်းချောင်း အခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးက  "လူနာဆိုပြီး အရေးပေါ်ဖုန်းဆက် လာတာပါ။ အသက်က ၂၁ နှစ် အမျိုးသမီး၊ ခါးရယ်၊ ခြေထောက်ရယ်၊ ခေါင်းရယ် ဒဏ်ရာရတယ်၊ ဆေးရုံပို့ဆောင်တုန်းကတော့ စိုးရိမ်ရတယ်၊ သတိက ရတချက်၊ မရ တချက်ဖြစ်နေပြီ၊ ရန်ကုန်ဆေးရုံကြီး ပို့ထားပါတယ်" လို့ ပြောပါတယ်။ 

ပြုတ်ကျခဲ့တာကြောင့် ခေါင်းကွဲဒဏ်ရာ၊ ခါးနဲ့ ခြေထောက်ကျိုးဒဏ်ရာတွေ ရရှိခဲ့ပြီး စမ်ေချောင်းအရန် မီးသတ်တပ်ဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပေါ်က ပြုတ်ကျတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရန်ကုန်ဆေးရုံကြီးမှာ အနီရောင်အဆင့် လူနာအဖြစ် ဆေးကုသပေမဲ့ မနက် ၁၁ နာရီလောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ရန်ကုန်ရှိ ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့မှာ  ၂၀၂၃ ခုနှစ်အတွင်း ဧပြီလ ၇ ရက်နေ့အထိ တိုက်ပေါ်က ပြုတ်ကျသေဆုံးသူ ၃ ဦး ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။

10 mins Ago
Up