close

‌ေပါက်မြို့နယ်

close

February 28, 2023

မကွေးတိုင်းတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရ ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာသူတွေရှိသလို စစ်ကောင်စီတပ်သားတယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၉ တပ်ရင်း၊ တပ်ခွဲ-၃ ဆိပ်ဖြူPDF (ဗိုလ်မထားအဖွဲ့) ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ်ဘက်ကနေ အင်အား ၈၅ ယောက်လောက်နဲ့ ပခုက္ကူမြို့နယ် စညောင်းရွာဘက်ကို ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SP-PDF ခေါင်းဆောင် ဗိုလ်မထားက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားပြီး ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်သားတယောက်ကို အရှင်ဖမ်းမိထားပြီး စစ်သုံ့ပန်းဥပဒေနဲ့ အရေယူနိုင်အောင် စီစဥ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ စညောင်းရွာမှာ ညအိပ်စခန်းချပြီး ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီ ကနေ ၂ နာရီ ၄၅ မိနစ်လောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ ဗိုလ်မထားက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MC-KC DF၊ ပခုက္ကူခရိုင် တပ်ရင်း-၄၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃ ဆိပ်ဖြူမြောက်ပိုင်း-PDF၊ ပခုက္ကူခရိုင် အမှတ်-၁၃ တပ်ရင်း PPDF၊ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့၊ Dog Hunter HAV Force၊ မကွေးတိုင်းဒေသကြီး ဒရုန်းဇုန်-၂၊ တပ်ရင်း-၁၊ တပ်ခွဲ-၄ တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အထိနာသွားပြီး ဒဏ်ရာရရှိတဲ့လူနာတွေကို တန့်ကြည့်တောင် တောင်ကြားမှာ ဆေးဝါးကုသတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက သတင်းပေးပို့ကြောင်း ပြောပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျင်းအရှေ့ ပုံတောင်နတ်ထိပ်မှာ ဖေဖော်ဝါရီ ၂၆ ရက်က  ကပစ၂၄ ဂိတ်စောင့်တပ်မှ လှည့်ကင်းအဖွဲ့နဲ့ ဂန့်ဂေါခရိုင် တပ်ရင်းတို့ ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ထီးလင်း PDF က ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်‌ကောင်စီဘက်မှ ၃ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရပြီး MA 11 တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တခုတို့ကို  သိမ်းဆည်းရရှိခဲ့ကာ ထီးလင်း PDF ဘက်က အထိခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီကထီးလင်းမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာလည်း တနှစ်ကျော်ကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေက စစ်ကောင်စီတပ်နဲ့  ပေါက်တော်လှန်ရေး တပ်ဦး (PRF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီလောက်မှာ ကျားပစ်ကန်၊ တောင်မြင့်နဲ့ ခွေးအတွင်းရွာ ၃ ရွာကြားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်က အနီးကပ်တိုက်ခိုက်ခဲ့တာလို့ PRF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပီကေက ပြောပါတယ်။ 

အဲဒီနောက် နှစ်ဘက်အပြန်အလှန် တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၃ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

14 hours Ago

January 31, 2023

ပခုက္ကူရှိ ကျေးရွာများအား စစ်တပ်က မီးရှို့၊ ပေါက်နှင့် ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြိတောင်ရေနံမြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်က ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းမှာ ဆားကျင်းကျေးရွာကို ဝင်ရောက်လာပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၃၁ ရက်မနက်ပိုင်းမှာတော့ ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းမထိုးခင် ကြိုတင်သတင်းရရှိတဲ့အတွက် ဆားကျင်းကျေးရွာ ဒေသခံ ၂,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဲဒီရွာမှာ အိမ်ခြေ ၁၈၀ ကျော်ရှိကာ အဲဒီထဲက အိမ်ခြေ ၃၀ လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းက ဆားကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဆားကျင်းရွာနားက စဘေရွာထဲကို ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကာ ဒေသခံအမျိုးသား ၃ ဦးကို ဖမ်းဆီးပြီး စီကောင်းရေနံမြေဘက်ကို ထွက်ခွာသွားတယ်လို့လည်း ဒေသခံတယောက်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အခုစစ်ကြောင်းထိုးခဲ့တဲ့ ဆားကျင်းကျေးရွာကို စစ်ကြောင်းထိုးတာ ၃ ကြိမ်ရှိပြီဖြစ်ပြီး အရှေ့နှစ်ကြိမ်က အိမ်ခြေ ၂၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူ ၂,၀၀၀ လောက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆောင်းကာလ ဖြစ်တာကြောင့် အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၉ ရက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၀ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက ရွာကို မီးလာရှို့တဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပ.က.ဖ ASTF ကနေ သိရပါတယ်။

ပေါက်မြို့နယ် ဖလံကိုင်းရေနံမြေကို ရိက္ခာလာပို့တဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇန်နဝါရီ ၂၉ ရက်က ဖလံကိုင်းရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်စခန်းချပြီး ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ထန်းပေါက်ကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြတယ်လို့ ပေါက် ပ.က.ဖ - ASTF ရဲ့ တာဝန်ခံ ဗိုလ်စကြာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၅လုံး၊ စာသင်ကျောင်းတကျောင်းနဲ့ ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့- BLY ရဲ့ ကင်းတဲ ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်။ အဲဒီမီးရှို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့-BLY နဲ့ပူးပေါင်းကာ ဒရုန်းနဲ့ အီနာဂါ ဗုံးသီး ၆ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။”

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ထန်းပေါက်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ပေါက်အူရွာနားမှာလည်း ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၁ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ရေခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ၁၁ ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့ကာ အတွင်းသတင်းပေးတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

4 weeks Ago
Up