ထိုင်းအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းစက်ရုံမှာ MOU စာချုပ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၆၀ ဦး အလုပ်ဖြုတ်ခံရတယ်လို့ အလုပ်သမား အကူအညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။
အဲဒီအလုပ်သမားတွေဟာ ထိုင်းကို ပြီးခဲ့တဲ့လပိုင်းကမှ ဝင်ရောက်လာပြီး နေသားမကျသေးခင် အလုပ်ဖြုတ်ခံရတာဖြစ်လို့ အခက်အခဲဖြစ်နေတာလို့ သူတို့ကို လိုအပ်သလို ကူညီပေးနေတဲ့ AAC အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့စက်ရုံက လျှပ်စစ်ပစ္စည်းတွေ၊ စီဒီပြားတွေ ဘာတွေ ထုတ်တယ်။ စက်ရုံက အော်ဒါ မဝင်လို့ဆိုပြီးတော့ သူတို့ကို ဆက်မငှားနိုင်တဲ့အကြောင်း၊ ဒီဧပြီလ ၁ ရက်နေ့ကစ အလုပ်ဆင်းစရာမလိုတော့ဘူးဆိုပြီး ကြိုတင်တော့အကြောင်းကြားပါတယ်။ နစ်နာကြေး ၁ လစာလည်း ပိုထုတ်ပေးပါတယ်။ သူတို့က အဲဒီမှာ ၄-၅ လလောက်ပဲ လုပ်ရပြီး အခုလို တပြုံကြီး အလုပ်ထုတ်ခံတော့ လူအများကြီးအတွက် အလုပ်ပြန်ရှာရတာ ခက်ခဲတာပေါ့။ လောလောဆယ် သူတို့ကို ခေါ်လာတဲ့ အေဂျင်စီနဲ့ မြန်မာအလုပ်သမားသံအရာရှိကို အကြောင်းကြားထားပါတယ်။ ဒီနေ့ သံအရာရှိလာမယ်လို့ ပြောတယ်၊ ဘယ်လို ဆောင်ရွက်ပေးမလဲတော့ မသိဘူး။”
အဆိုပါအလုပ်သမားတွေဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့ တယောက်ကို ကျပ်သိန်း ၂၀ မှ ၃၀ ထိ ကုန်ကျခဲ့ရတာ ဖြစ်ပါတယ်။
ခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်ဖြုတ်ခံရတာတွေ မကြာခဏ ကြားနေရကြောင်း၊ စမွတ်စခွန် ဖစ်ကဆဲမ် ၁၁၂ လမ်း ကျောက်သွေးလုပ်ငန်းစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာလည်း ဒီလအထိပဲ အလုပ်ရှိမယ်လို့ ကြိုတင်အကြောင်းကြားထားသလို ထိုင်းတောင်ပိုင်း ဟတ်ယိုင်ခရိုင်က မြန်မာဆောက်လုပ်ရေးအလုပ်သမား ၅၀ ကျော်ဟာလည်း လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။
MOU နှစ်နိုင်ငံသဘောတူစာချုပ်စနစ်နဲ့ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းမှာ ၂ နှစ်ကနေ ၄ နှစ်ထိ အလုပ်လုပ်ရမှာဖြစ်ပြီး အလုပ်လက်မဲ့မဖြစ်ရအောင် သက်ဆိုင်ရာ အလုပ်သမားအေဂျင်စီတွေအနေနဲ့ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ AAC အဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ဘန်ဘော်မြို့နယ်ရှိ ငါးသေတ္တာစက်ရုံမှာ မြန်မာ ရွှေ့ပြောင်းလုပ်သား အယောက် ၁၁၀ ရုတ်တရက် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ AAC အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က ပြောပါတယ်။
စက်ရုံမန်နေဂျာက သူတို့ကို အလုပ်မခန့်တော့ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က ပြောခဲ့ပြီး မနေ့မနက် ၈ နာရီလောက်မှာ အလုပ်ရုံကိုလာတော့ အထဲပေးမဝင်တော့ကြောင်း၊ အဲဒါကို မကျေနပ်လို့ အလုပ်သမားတွေဟာ NUG အစိုးရနဲ့ အလုပ်သမားအဖွဲ့တွေ လာရောက်ကူညီပေးဖို့ ဆိုင်းဘုတ်ထောင်ပြီး အလုပ်ရှင်အား ဆန္ဒပြခဲ့တယ်လို့ AAC အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က ဆိုင်းဘုတ်တွေထောင်ပြီး ဆန္ဒပြသလို ကျနော်တို့အဖွဲ့ကိုလည်း လှမ်းပြီး ဆက်သွယ် အကူအညီ တောင်းခဲ့ပါတယ်ခင်ဗျ။ ကျနော်တို့လည်း NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနကို အကြောင်းကြားတယ်။ ပြီးတော့ CDM လုပ်ထားတဲ့ အလုပ်သမား သံအရာရှိဟောင်း ဦးဝေလင်းမောင်နဲ့အတူ ကွင်းဆင်းပြီး ညှိနှိုင်းဖြေရှင်းပေးပါတယ်။ သူတို့ကို ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် အလုပ်ဖြုတ်ပစ်တဲ့အတွက် နစ်နာကြေး တောင်းဆိုခဲ့တယ်။ နောက် အလုပ်သမားကတ် စာရွက်စာတမ်းကိစ္စ အပြီးလုပ်ပေးဖို့ရောပေါ့။ နစ်နာကြေး မပေးချင်တဲ့အခါကျတော့ စက်ရုံက သူတို့ကို အလုပ်မဖြုတ်တော့ဘူးလို့ ပြန်ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လုပ်ငန်းခွင်ထဲ မနေချင်အောင် ပညာပြခံရမှာကို အလုပ်သမားတွေက ကြိုသိနေတော့ ဆက်မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ဆမွတ်ပရကန် ခရိုင်အလုပ်သမားကာကွယ်ရေးရုံးမှာ တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။”
အလုပ်သမားတွေဘက်ကနေ ကျန်ရှိလုပ်အားခတွေ အကုန်ရှင်းပေးဖို့၊ ကြိုတင်အကြောင်း မကြားဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရလို့ နစ်နာကြေး လစာ ၁ လစာပေးဖို့၊ အလုပ်ရှင်နဲ့ မှတ်ပုံတင်ထားတဲ့ အလုပ်သမားကတ်၊ နေထိုင်ခွင့်လက်မှတ်ကိစ္စ အပြီးအစီး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
လတ်တလော မြန်မာပြည်ကနေ အမ်အိုယူ အလုပ်သမားကတ်နဲ့ ဝင်ရောက်လာမယ့် အလုပ်သမားတွေ အများအပြားရှိနေပြီး သူတို့ကိုလက်ခံဖို့အတွက် အထောက်အထား မပြည့်စုံသေးသူတွေ၊ လုပ်လို့မပြီးပြတ်သေးသူတွေကို အလုပ်ဖြုတ်ပစ်တာတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။
တဖက်ကလည်း အလုပ်ရှာဖွေပေးတဲ့ ပွဲစားတွေဟာ သူတို့လက်ထဲက အလုပ်သမားတွေကို ဟိုရွှေ့ဒီပြောင်း မကြာခဏလုပ်နေလို့ အလုပ်သမားတွေမှာ အခက်အခဲ ကြုံနေရတယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။