ABSDF စစ်ကြောင်း-၃ တပ်ရင်းအမှတ်-၁၂ ရှိ ရဲဘော်တွေအတွက် ရည်ရွယ်ပြီး တပ်တွင်းသတင်းလွှာတွေ စတင်ထုတ်ဝေခဲ့ပါတယ်။
သတင်းလွှာထုတ်ဝေချိန်ကာလ ၁ လတာကြာမြင့်နေပြီဖြစ်ပြီး A4 အညံ့စားတွေနဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ထုတ်လုပ်ထားတာပါ။
တပ်ရင်းမှာ အင်တာနက်သတင်းတွေ အချိန်နဲ့တပြေးညီ သိရှိဖို့ ခက်ခဲပြီး ရန်ပုံငွေအခက်အခဲနဲ့ အချိန်အခက်ခဲတွေကြောင့် ရေဒီယိုနဲ့ တီဗွီ ရုပ်သံသတင်းတွေကို ကြည့်ရှုဖို့ စီစဥ်ဆောင်ရွက်မပေးနိုင်တဲ့အချိန်မှာ သတင်းတွေနဲ့ မဝေးကွာဖို့ သတင်းစာအနေနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
ABSDF အမှတ်-၃ စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး (ဗဟိုကော်မတီဝင်) က “နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ရဲဘော်တွေဟာ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးလုပ်ငန်းစဥ်မှာ ဆက်ပြီးလုပ်မယ်ဆို သတင်းတွေနဲ့ အဆက်မပြတ်ဖို့ လိုတယ်လို့ စိတ်ကူးမိပြီး သတင်းဆွေးနွေးပွဲ လုပ်ဆောင်ရင်း မလာနိုင်တဲ့ရဲဘော်တွေ ဖတ်နိုင်အောင် ရည်ရွယ်ပြီး ထုတ်တာဖြစ်တယ်” လို့ ပြောပါတယ်။
မြန်မာပြည်သတင်းတွေအကြောင်း တပတ်တကြိမ် ဆွေးနွေးပွဲလုပ်ပြီး ရှေ့တန်းမှာ တာဝန်ကျနေတဲ့ ရဲဘော်တွေ ဖတ်ရှုနိုင်ဖို့ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ အရာတွေကို သတင်းလွှာအနေနဲ့ ထုတ်ဝေပြီး ဖြန့်ဝေတာဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကြောင်း-၃၊ ချင်းတွင်းဒေသတပ်ရင်းမှာ တပ်တွင်းရိက္ခာဖူလုံရေးအတွက် အခုနှစ်နွေရာသီမှာ နွေစပါး ၂ ဧက စတင်စိုက်ပျိုးပါတယ်။
စိုက်ပျိုးထားတဲ့စပါးမှာ ရက် ၉၀ စပါးဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ ၁ ဧက ၅ သိန်းဝန်းကျင် ရှိပါတယ်။ ပြည်သူတွေရဲ့ လှူဒါန်းကူညီမှုတွေအပြင် မိမိတို့တပ်ရင်း တပ်ဖွဲ့တွေရဲ့ လုပ်အားစိုက်ထုတ်မှုတွေနဲ့ တပ်ရိက္ခာဖူလုံရေးအတွက် စီစဥ်ဆောင်ရွက်ထားပါတယ်လို့ ABSDF (ချင်းတွင်းဒေသ) တာဝန်ရှိသူထံက သိရပါတယ်။
ABSDF စစ်ကြောင်း-၃ (ချင်းတွင်းဒေသ) တပ်ရင်းမှူး ရဲဘော်ဇေယျက “လက်ရှိအခြေအနေအရ တပ်တွင်းရိက္ခာက အဆင်ပြေတယ်။ ပြည်သူလူထုရဲ့ ထောက်ပံ့မှုတွေနဲ့ ရပ်တည်တာဖြစ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေက ငွေကြေးဖောင်းပွတာတွေ၊ ကုန်စျေးနှုန်းကြီးမြင့်တာတွေ ကြုံလာနိုင်တယ်။ အဲ့ဒီအခက်ခဲကြုံလာရင် ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် တတ်နိုင်တဲ့ အတိုင်းအတာထဲကနေ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ABSDF စစ်ကြောင်း-၃ အတွင်းရှိ တပ်ရင်းများက တခြားရိက္ခာတွေဖြစ်တဲ့ မြေပဲ၊ နေကြာနဲ့ သီးနှံမျိုးစုံကို စိုက်ပျိုးပြီး တပ်တွင်းရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။