ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဒေသခံအချို့ကို ရခိုင်အမျိုးသားလွတ်မြောက်ရေး ပါတီ (ALP/ALA) က ဖမ်းဆီးပြီး ငွေညှစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေပြည်သူ့ဆေးရုံမှာ လူနာသတင်းလာမေးတဲ့ ပေါက်တောမြို့နယ် ကန်ပြင်ကျေးရွာက အသက် ၅၀ နှစ်အရွယ် ဦးညီးချေကို စစ်တွေမြို့ ကယ်ဆယ်ရေး အကွက် ၂ က လက်ဖက်ရည်ဆိုင် ထိုင်နေချိန် ဧပြီ ၁၅ ရက် ညနေ ၃ နာရီကျော်လောက်မှာ ALP အဖွဲ့ဝင် ၆ ယောက်က ပစ္စတို တလက်ကိုင်ဆောင်ကာ ဖမ်းဆီးပြီး အနက်ရောင်ကားတစီးနဲ့ ခေါ်ဆောင်သွားကြတယ်လို့ ကန်ပြင်ကျေးရွာဒေသခံတယောက်က ပြောပါတယ်။
အဲဒီ ALP ရုံးကို ဧပြီ ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်မှာလည်း ကန်ပြင်ကျေးရွာက ကျောင်းထိုင် ဆရာတော်အပါဝင် ရပ်မိရပ်ဖတွေ လိုက်သွားပြီး သွားရောက်ညှိနှိုင်းရာ သိန်း ၇၀၀ ကျပ် တောင်းပေမယ့် သိန်း ၃၅၀ ကျပ်နဲ့ ညှိနှိုင်းငွေပေးချေပြီး ပြန်လည်ထုတ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ ပေါ်က အရက်ဆိုင် တဆိုင်ကိုလည်း ဧပြီ ၂၀ ရက် ည ၁၀ နာရီလောက်မှာ ALP အဖွဲ့ဝင် ၂၀ လောက်ရောက်လာပြီး ပြည်သူ ၇ ယောက်ကို ဖမ်းဆီးကာ ရုံးကို ခေါ်သွားပြီးရိုက်နှက်ခဲ့ကာ တစ်ယောက်ကို ငွေကျပ် ၂ သိန်းစီ တောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်တွေမြို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် အရက်ဆိုင်ပြန်ဖွင့်မယ်ဆိုရင် ALP ရုံးကို လစဥ်ကြေး ၂သိန်းကျပ် ပေးသွင်းရမယ်လို့ ပြောဆိုပြီး တခြား အရက်ဆိုင်တွေကို လစဥ်ကြေး ၂ သိန်းကျပ်စီကောက်ခံတယ်လို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ ALP သတင်းပြန်ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက “အဲဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ကတော မသိရှိရသေးတာကြောင့် စုံစမ်းကြည့်ဖို့ ကြံနေတုန်းပါ။ ဆရာမကြီး လည်း မသိသေးပါ။ ဆရာမကြီး (ဒေါ်စောမြရာဇာလင်း)ကလည်း အဲဒီဖြစ်စဥ်တွေကို ခွင့် မလွှတ်ပါ။ အဲဒီ လုပ်ရပ်တွေကိုလည်း မကြိုက်ပါ။ လုပ်လိမ့်မယ်လို့လည်း မထင်ပေမယ့် မသိရ သေးပါဘူး” လို့ ပြောပါတယ်။
ALP/ALA အဖွဲ့ဝင်တွေဟာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အထိုင်ချတပ်စွဲထားပြီး ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဇန်နဝါရီ ၄ ရက်မှာ ALP ပါတီ ခေါင်းဆောင်ပိုင်းထဲက ၃ ယောက် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ ပါတီဥက္ကဋ္ဌအဖြစ်ခံယူပြီး ဗဟိုကော်မတီအသစ်တွေနဲ့ ALP ပါတီကို အသစ်ပြန် ဖွဲ့စည်းတာနဲ့ပတ်သက်လို့ လက်မခံကြောင်း ALP ပါတီအတွင်းရေးမှူး ဦးခိုင်ကျော်ခိုင်က မတ်လ ၂၀ ရက်မှာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။
ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ALP ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနဲ့ စစ်သည်နှစ်ဦးကို ဒေါ်စောမြရာဇာလင်းက စစ်ကောင်စီတပ်ကို ဖမ်းဆီးခိုင်းလိုက်ကြောင်း၊ အဲဒီဖြစ်ရပ်ကြောင့် ဒေါ်စောမြရာဇာလင်းကို စုံစမ်းစစ်ဆေးဖို့ ပါတီရဲ့ တရားစီရင်းရေးကော်မတီက ဒေါ်စောမြရာဇာလင်းရဲ့ တာဝန်တွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးရေး ကော်မတီခေါင်းဆောင်တာဝန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရှိ တာဝန်တွေကို ယာယီရပ်စဲခဲ့ပါတယ်။
ဒေါ်စောမြရာဇာလင်းဟာ ALP ပါတီ၊ တပ်မတော်ရဲ့အမည်၊ အမှတ်တံဆိပ်နဲ့ အောင်လံတော်တို့ကို ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နဲ့ ဗဟိုကော်မတီဝင်တွေကို အသိပေးခြင်းမရှိဘဲ ပါတီသစ်ထူထောင်တာဟာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဒေါ်စောမြရာဇာလင်းဟာ ALP ပါတီနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်စောမြရာဇာလင်းဘက်ကလည်း မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစုရဲ့ ဆန္ဒအရ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့ကြပေမဲ့ ဥက္ကဋ္ဌ ခိုင်ရဲခိုင် သွားလိုတဲ့လမ်းကြောင်းနဲ့ ဒေါ်စောမြရာဇာလင်း သွားလိုတဲ့လမ်းကြောင်း မတူညီတဲ့အတွက် ဥက္ကဋ္ဌကြီး ကိုယ်ယုံကြည်ရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်စေဖို့နဲ့ မိမိတို့ အနေနဲ့လည်း ယုံကြည်ရာ ငြိမ်းချမ်းရေးလမ်းကြောင်းကတဆင့် ရခိုင်ပြည်နဲ့ ရခိုင်လူထု အကျိုးအတွက် ရည်ရွယ်ချက်တူသူတွေနဲ့ ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းထူထောင်တာ ဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခု၊ ဧပြီ ၉ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ဥက္ကဋ္ဌ ခိုင်ပြည်သိမ်း ဦးဆောင်မှုနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေက ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်ကာ ၁၉၇၄ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
၁၉၇၆ ခုနှစ်မှာ ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်ပြီး ကရင်ပြည်မှ ရခိုင်ပြည်သို့ ALP သမိုင်းဝင် မိုးလင်းရာဇာ စစ်ကြောင်းချီတက်ခဲ့ရာမှာ စစ်ကြောင်းတလျှောက် မြန်မာစစ်တပ်က သာလွန်အင်အားနဲ့ တိုက်ခိုက်ချေမှုန်းလို့ စစ်ရေးအရေးနိမ့်ခဲ့ကာ ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခဲ့ရသလို ခေါင်းဆောင်တချို့နဲ့ စစ်သည်တွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
၁၉၈၁ ခုနှစ်မှာ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ထောင်မှလွတ်လာပြီး တတိယအကြိမ် ပါတီပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ တတိယအကြိမ် ဖွဲ့စည်းပြီးချိန်ကစလို့ အခုအထိ ပါတီ ဗဟိုဌာနချုပ်ကို ရခိုင်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ် တြိဂံနယ်မြေမှာ အခြေစိုက် ဖွင့်လှစ်ထားပါတယ်။
၂၀၁၇ ခုနှစ်ကစလို့ ပါတီရဲ့ စစ်ရေးနိုင်ငံရေး ယိမ်းယိုင်လာတဲ့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဥက္ကဋ္ဌ ခိုင်ရဲခိုင်ရဲ့ ဦးဆောင်မှုနဲ့ စတုတ္ထအကြိမ် ပါတီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။